ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်တရုတ်ပင်လယ်အရေးကို မူတည်လို့ ဗီယက်နမ်နဲ့အမေရိကန်နီးကပ်လာ- စက်တင်ဘာ ၁၁ ရက်ညပိုင်းကမ္ဘာ့သတင်းများ
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်တာ၊ အင်အားသုံးတာတွေကို ဆန့်ကျင်သွားမယ်လို့ သမ္မတ ဘိုင်ဒန်နဲ့ ဗီယက်နမ် ခေါင်းဆောင် ငုယင် ဖူချောင်တို့က သတိပေးလိုက်ပါတယ်။
ဒီအရေးကို နိုင်ငံတကာ ဥပဒေတွေအရ ငြိမ်းချမ်းစွာ ဖြေရှင်းတာကိုသူတို့ အနေနဲ့ လုံးဝထောက်ခံမှာ ဖြစ်ကြောင်းလည်း ၂ နိုင်ငံ ပူးတွဲကြေညာချက်မှာ ရေးသားထား ပါတယ်။
ဒေသတွင်းမှာ တရုတ်က လွှမ်းမိုးမှု လုပ်လာတာကို တန်ပြန်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်မှုပဲလို့ ဗီယက်နမ်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။
ဗီယက်နမ် လေကြောင်းလိုင်းနဲ့ ဘိုးရင်း ကုမ္ပဏီတို့အကြား ဒေါ်လာ ၈ ဘီလျံ နီးပါး တန်ဖိုးရှိတဲ့ စီးပွားရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုနိုင်မှုကိုလည်း သမ္မတ ဘိုင်ဒန်က ကြိုဆိုလိုက်ပါတယ်။
ဗီယက်နမ်နဲ့ အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံက ဝန်ကြီးချုပ်သစ် ဟွန် မာနေးကတော့ ဒီသီတင်းပတ် အကုန်ပိုင်းလောက်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
မော်ရိုကို ငလျင် ကယ်ဆယ်ရေး အချိန်နည်းလာ
သောကြာနေ့က ဖြစ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူပေါင်း ၂,၅၀၀ နီးပါး သေဆုံးခဲ့တယ်လို့ မော်ရိုကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။
အပျက်အဆီးပုံတွေအောက်မှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်နေရစ်သူတွေကို ရှာဖွေနိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ကြိုးစားနေကြဆဲပါ။
ပြိုကျနေတဲ့ ကျောက်တုံးတွေ လမ်းမှာ ပိတ်နေတဲ့အတွက် ဝန်ချီစက်တွေ၊ ဘူဒိုဇာတွေ လာလို့မရနိုင်သေးတာကြောင့် ရွာသူရွာသားတွေဟာ ပြိုလဲကျနေတဲ့ အဆောက်အဦ အပျက်အစီးတွေကို ဖယ်ရှားပြီး အသက်ရှင်သူတွေကို ရှာဖွေဖို့ လက်ကိုပဲ အားကိုးကာ ရှာဖွေနေရပါတယ်။
အက်လတ်စ် တောင်တန်းတကြောမှာ အဆိုးဆုံးထိခိုက်တဲ့ နေရာတွေထဲက တနေရာကို ရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက် တယောက်က အသက်ရှင် သူတွေကို ရှာတွေ့နိုင်ဖို့ အချိန်မရတော့ သလောက် ဖြစ်နေပြီလို့ ပြောပါတယ်။
တချို့ ရွာတွေက အကုန်လုံးနီးပါး ပျက်စီးသွားတာပါ။
ဗြိတိန်၊ စပိန်၊ ကာတာ၊ ယူအေအီး စတဲ့ တခြားနိုင်ငံတွေက အရေးပေါ် ကယ်ဆယ် ရေး လုပ်သားတွေလည်း မော်ရိုကို ငလျင် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ပေးနေကြပါတယ်။
ဗြိတိန်အစိုးရကို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို တရုတ်ပယ်ချ
လွှတ်တော်အမတ်တွေနဲ့ ဆက်စပ်မှုရှိတဲ့ လွှတ်တော်ဆိုင်ရာ သုတေသီ တယောက်ကို သုံးပြီး ဗြိတိန်အစိုးရကို သူလျှို လုပ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တရုတ်က အပြင်းအထန် ပယ်ချလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စ မောင်နင်းက ဗြိတိန်နဲ့ ပတ်သက်ပြီး တရုတ် က လျှို့ဝှက်ထောက်လှမ်းရေးတွေလို့ ပြောတာတွေက တကယ့် အခြေအမြစ် မရှိပါဘူး၊ တရုတ်အနေနဲ့ အပြင်းအထန် ကန့်ကွက်တယ်၊ ဒီလို သတင်းမှားတွေ ထုတ်လွှင့်နေတာကို ဗြိတိန် ဘက်က ရပ်ဆိုင်းဖို့ တိုက်တွန်းတယ် လို့ ပြောသွား ပါတယ်။
အရေးကြီး သတင်းအချက်အလက်တွေ ရယူနိုင်ဖို့ လွှတ်တော်ဝင်ခွင့် လက်မှတ်ကို ရထားတဲ့ အသက် ၂၀ ကျော်အရွယ် လူတယောက်ကို ဗြိတိန်ရဲက ဖမ်းထားပါတယ်။
သံသယ နဲ့ ဖမ်းဆီးခံရသူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ သူဟာ လုံးဝ အပြစ် ကင်းစင်သူဖြစ်တယ်၊ သူ့ အလုပ်ကို တရုတ်ကွန်မြူနစ်ပါတီက ခြိမ်းခြောက်တာတွေ ကြုံခဲ့ရဖူးတယ်လို့ ရေးသားထားပါတယ်။
ဒီလူရဲ့ အမည်ကို ရဲက ထုတ်ဖော်ပြောတာ မရှိပေမယ့် တိုင်းမ် သတင်းစာက သူ့ နာမည်ကို ဖော်ထုတ်ရေးသားထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ရုရှား သမ္မတနဲ့ တွေ့ဖို့ ခရီးသွားနေတယ်လို့ သတင်း ထွက်
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွမ်းဟာ ရုရှားက ဗလာဒီဗော့စတော့ခ် မြို့မှာ သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဖို့ ပြုံယမ်းကနေ ကျည်ကာ ရထားတစီးနဲ့ ခရီးထွက်သွားကြောင်း တောင်ကိုရီးယား မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
ဒီရထားဟာ မြောက် ကိုရီးယား အရှေ့မြောက်နယ်စပ်က ရုရှားနယ်စပ်ကို ဦးတည် သွားနေတယ်လို့ တောင်ကိုရီးယား ရုပ်မြင်သံကြားဌာန တခုဖြစ်တဲ့ YTN က ဆိုပါ တယ်။
ခေါင်းဆောင် ၂ ယောက်ရဲ့ အစည်းအဝေးဟာ အင်္ဂါနေ့ကျရင် ဖြစ်နိုင်တယ်လို့ လည်း ဆိုနေကြပါတယ်။
အစောပိုင်းတုန်းကလည်း ရုရှား သတင်းဌာန Interfax က မစ္စတာကင်မ်ဟာ ရုရှား အရှေ့ဖျားကို လာမယ့်ရက်ပိုင်းအတွင်း လာနိုင်ခြေရှိတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
တကယ်လို့ ဒီသတင်းက အတည်ပြုနိုင်တယ်ဆိုရင် မစ္စတာကင်မ်အဖို့ ဒီခရီးစဉ်ဟာ ၄ နှစ်အတွင်း သူ့ရဲ့ ပထမဆုံးသော နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။