မြန်မာမုန့်တွေ လူသိအောင်လုပ်ရင်း အောင်မြင်လာတဲ့ လူငယ်အမျိုးသမီး

အာဆီယံ လူငယ် စီးပွားရေးလုပ်ငန်းရှင်များကောင်စီက ချီးမြှင့်တဲ့ ၂၀၂၂ အတွက် စီးပွားရေး ကြံ့ခိုင်မှုနဲ့ တီထွင်ဖန်တီးရှင်ဆုကို မြန်မာနိုင်ငံက တင့်တင့်(မြန်မာရိုးရာမုန့်မျိုးစုံ) လုပ်ငန်းရှင် မရွှေရည်ဖြိုး ဆွတ်ခူးရရှိခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေးကာလအတွင်း ပျောက်ကွယ်သွားတဲ့ များစွာသော စီးပွားရေးလုပ်ငန်းတွေရှိနေချိန်မှာ သူ့လုပ်ငန်းကို ဆက်လက် ရပ်တည်နိုင်အောင် ကြိုးစားခဲ့ပြီး ဒီကာလအတွင်း တီထွင်ဖန်တီးမှု အသစ်တွေ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ဒီဆုကို ဆွတ်ခူးရခဲ့တာလို့ မရွှေရည်ဖြိုးက ပြောပါတယ်။ 

မြန်မာမုန့် ဖန်တီးရှင်နဲ့ အသိအမှတ်ပြုခံရတဲ့ ဆုတွေ

ပြီးခဲ့တဲ့ ၃နှစ်အတွင်း ဆိုင်ခွဲတွေ အကုန်ပိတ်ထားရတာကြောင့် လုပ်ငန်းရပ်ဆိုင်းသွားတော့မလို ဖြစ်ခဲ့ရပေမဲ့ လုပ်ငန်းလည်ပတ်ဖို့ မှီခိုနေကြတဲ့ ၀န်ထမ်းအယောက် ၃၀ ကို ငဲ့ညာပြီး အိမ်တိုင်ရာရောက် စားသောက်ကုန်တွေပို့ကာ လုပ်ငန်း ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

 ဒါ့အပြင် ကိုဗစ်ကာလအတွင်း အားလပ်အချိန်ပိုတွေမှာ စားသောက်ကုန်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး တာရှည်ခံ ဓါတုဆေးမသုံးဘဲ အေးခဲကာ ပစ္စည်းသစ် မြန်မာမုန့် ၅ မျိုး ရောင်းချမှုကို ဆန်းသစ် တည်ထွင် ထုတ်လုပ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကမ္ဘောဒီးယာနိုင်ငံ ဖနွမ်းပင်မြို့မှာ နို၀င်ဘာ လကုန်ပိုင်းတုန်းက ချီးမြှင့်ပေးအပ်တဲ့ အာဆီယံ လူငယ် လုပ်ငန်းရှင်များ ဆု ဟာ မရွှေရည်ဖြိုးအတွက် ပထမဆုံး ရရှိတဲ့ နိုင်ငံတကာ ဆုဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာတော့ ၂၀၂၁ ခုနှစ်တုန်းက UNDP, UNWOMEN,UNCDF နဲ့ Impact Hub မြန်မာတို့ ပူးပေါင်း ကျင်းပတဲ့ အမျိုးသမီးဦးဆောင်တဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ အစီအစဥ် (Resilience for Women–Led SMEs)က ချီးမြှင့်တဲ့ ဆုကို ရခဲ့ဖူးသလို အဲ့ဒီကပေးအပ်တဲ့ ထောက်ပံ့ကြေး Grant နဲ့ လုပ်ငန်းကို တိုးချဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ချီးမြှင့်ခံရတဲ့ ဆုတွေကြောင့် တင့်တင့်မြန်မာမုန့်မျိုးစုံရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ တင့်တင့်ကြောင့် မြန်မာမုန့်ကို လူတိုင်းသိစေရမယ် ဆိုတဲ့ အချက်ကို ပိုတိုးလုပ်ဆောင်ဖို့ တွန်းအားဖြစ်စေတယ်လို့ မရွှေရည်ဖြိုးက ပြောပါတယ်။

တင့်တင့် မြန်မာမုန့်ရဲ့ ဘ၀အစ

၁၉၉၈-၉၉ မှာ ဆယ်တန်းအောင်ပြီးနောက် အ၀ေးသင် စီးပွားရေး တက်ရင်း မရွှေရည်ဖြိုးဟာ အရောင်းမြှင့်တင်ရေးသမား ဘ၀နဲ့ အလှကုန်ကုမ္ပဏီတွေ အပြင် ချယ်ရီ FM တို့မှာ ဆယ်စုနှစ် တခုကျော်ကြာအောင် လုပ်ကိုင်ခဲ့သူပါ။ 

၀န်ထမ်းဘ၀မှာ နောင် ၅ နှစ် ဘာဖြစ်လာနိုင်မလဲ ဆိုတာ စဥ်းစားမိရင်း ၂၀၁၃ မှာတော့ ကိုယ်ပိုင် လုပ်ငန်း စလုပ်ဖို့ မိခင်ဖြစ်သူနဲ့ နှစ်ယောက် ရုန်းကန် ကြိုးစားခဲ့တယ်လို့ သူက ပြောပါတယ်။

တင့်တင့် ဆိုတာကတော့ သူ့မိခင်နာမည်ဖြစ်ပြီး ငယ်စဥ်က ပြင်ဦးလွင်မြို့မှာ ဖခင်ဖြစ်သူက ၀န်ထမ်းဘ၀ နဲ့ မိခင်ကတော့ မှီခိုသူအဖြစ် မြန်မာမုန့်လေးတွေ လုပ်ရောင်းရင်း မိသားစု ၀င်ငွေ ကူညီ ရှာဖွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက အတွေ့အကြုံတွေ အခြေခံပြီး မိခင်ဖြစ်သူက မြန်မာမုန့်တွေထုတ် ၊ မရွှေရည်ဖြိုးက အရောင်းမြှင့်တင်ရေးအပိုင်းတွေကို တာ၀န်ယူကာ တင့်တင့် မြန်မာမုန့်တွေကို စထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကနဦး အခက်အခဲနဲ့ စိန်ခေါ်မှု

 “မေမေကမုန့်လုပ် ၊ သမီးက မုန့်ရောင်းမယ်” ဆိုပြီး လက်ဖက်ရည်ဆိုင်မှာ မုန့်ဗန်းခင်းကာ မုန့် ၆ မျိုးရောင်းခဲ့တဲ့ဘ၀ကနေ အခုဆိုရင် ရန်ကုန် တမြို့တည်းမှာတင် ဆိုင်ခွဲပေါင်း ၁၀ ခုနဲ့ ဖွင့်လှစ် ရောင်းချရုံသာမက အွန်လိုင်းပေါ်ကနေလည်း တွင်တွင်ကျယ်ကျယ် ရောင်းချလျက် ရှိတာပါ။

မြန်မာမုန့်ဆိုတာ မနက်ခင်း လက်ဖက်ရည်နဲ့တွဲစားသုံးကြတာမို့ လက်ဖက်ရည်ဆိုင်တွေမှာ မုန့်ထုတ်လေးတွေ ကိုင်ရင်း လိုက်စပ်ရတဲ့ ဘ၀ကိုလည်း သူက ပြောပြပါတယ်။

မြန်မာမုန့်ဆိုတာ တရက်ပဲ အထားခံပြီး ညနေဆိုလွှင့်ပစ်ရတာမို့ လက်ဖက်ရည်ဆိုင် အများစုက လက်မခံဘဲ ငြင်းကြပေမဲ့ ရန်ကင်း ကျောက်ကုန်းက Century ဆိုင်ပိုင်ရှင်ကတော့ သူ့ဆိုင်မှာ ထားဖို့ လက်ခံပေးတာကြောင့် အဲဒီကနေ တင့်တင့်မုန့်တွေ လူသိအောင် ထိုးဖောက်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

အဲဒီလို လက်ခံတဲ့ တဆိုင်တည်းသော လက်ဖက်ရည်ဆိုင်ကလည်း တနှစ်အကြာမှာ ပိတ်သွားတာမို့ နောက်ဆိုင်တွေ လိုက်ဆက်သွယ်ရာက သပြေရိပ် ဆိုင်ခွဲတွေမှာ ထားခွင့်ရခဲ့ပြီး အခုအခါမှာတော့ ကျယ်ကျယ်ပြန့်ပြန့် တင့်တင့် မြန်မာမုန့်ကို လက်ခံ စားသုံးလာကြပြီ ဖြစ်ပါတယ်။

အခုလို လုပ်ငန်း ရေရှည် ရပ်တည်နိုင်ဖို့ အဓိက စိန်ခေါ်မှုက ငွေကြေး လိုအပ်ချက် ဖြစ်ပြီး သူ့အနေနဲ့ ထောက်ပံ့ကြေး ဂရန့်တွေနဲ့ ဆက်လက် ရပ်တည်နိုင်ခဲ့တာလို့ သူက ပြောပါတယ်။

ဘ၀မှာ ဒီလုပ်ငန်းကို စွန့်လွှတ်ဖို့ နှစ်ကြိမ်တိုင် စဥ်းစားမိခဲ့ပြီး တကြိမ်က အစကနဦးပိုင်းမှာ ဘယ်လက်ဖက်ရည်ဆိုင်ကမှ လက်မခံခဲ့တဲ့ အချိန်က ဖြစ်ပြီး နောက်တကြိမ်ကတော့ ကိုဗစ်ကြောင့် ဆိုင်တွေ ပိတ်ခဲ့ရတဲ့ အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မှီခိုနေတဲ့ ၀န်ထမ်းပေါင်းများစွာကို ပြန်ကြည့်ပြီး ရှေ့ဆက်ဖို့ အားတွေ မွေးခဲ့တယ်လို့ သူက ပြောပါတယ်။

အောင်မြင်တဲ့ လူငယ်အမျိုးသမီးလုပ်ငန်းရှင်ရဲ့ သော့ချက် 

စီးပွားရေး လုပ်ငန်း လုပ်တဲ့အခါ အမျိုးသမီးတွေအနေနဲ့ စိတ်အားငယ်တတ်တဲ့ အလေ့အကျင့်ကို သတိထားဖို့ လိုတယ်လို့ မရွှေရည်ဖြိုးက ပြောပါတယ်။

အခက်အခဲတွေ ကြုံရတဲ့ အခါ အားငယ်စိတ်ကနေ ခွန်အားတွေ အဖြစ် မွေးယူကာ ရှေ့ဆက်ဖို့ သူက တိုက်တွန်းထားပါတယ်။

စီးပွားရေး လောကမှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်း လုပ်ကိုင်တဲ့အခါ အရင်ခေတ်တုန်းကလို အမျိုးသမီးတွေကို နေရာမပေးတာမျိုး မရှိတော့ပေမဲ့ အောင်မြင် ကျော်ကြားတဲ့ အမျိုးသမီးတွေ ပေါ်ထွက်လာဖို့ အတွက် သူတို့ကို အသိအမှတ်ပြုတဲ့သဘောမျိုး ဆုတွေ ချီးမြှင့်တာ ၊ လုပ်ငန်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပပေးတာ ၊ အသိပညာ အတက်ပညာပိုင်း ဆိုင်ရာ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ဖြည့်စွမ်းပေးတာဟာ အမျိုးသမီးတွေအတွက် အားဖြစ်စေတယ်လို့ သူ့အတွေ့အကြုံနဲ့ ယှဥ်ပြီး မရွှေရည်ဖြိုးက ပြောပြပါတယ်။

သုညကနေ စပြီး အောင်မြင်လာသူ

သူ့လို့ သုညက စခဲ့ရသူတွေ အနေနဲ့ သုညဘ၀ ပြန်ရောက်သွားမှာကို မကြောက်ကြဖို့ ကိုလည်း သူက တိုက်တွန်းပါတယ်။

များသောအားဖြင့် လူတွေဟာ မစခင် အချိန်မှာ ငါအောင်မြင်ပါ့မလား ဆိုတဲ့ အတွေးနဲ့ သုည ဘ၀ကို ပြန်ရောက်မှာ ကြောက်နေတတ်တာကြောင့် ဒီစိတ်တွေ ဖယ်ရှားပြီး ကိုယ်ကျွမ်းကျင်ပိုင်နိုင်ရာကို သိအောင်လုပ်ကာ ဒါကိုတစိုက်မတ်မတ် ကြိုးစား အားထုတ်ဖို့ သူက အကြံပေးထားပါတယ်။

အောင်မြင်ချင်သူတွေ အနေနဲ့ မိမိတို့ တည်ရှိနေတဲ့ ဘောင်အပြင်ဘက်ကနေ ထွက်ကြည့်ပြီး တွေးတော လမ်းစရှာကြည့်ပါ ၊ တချိန်တည်းမှာ လေ့လာသင်ယူမှုတွေ လုပ်ပြီး ဒါတွေကို ပေါင်းစပ်လိုက်ရင် ဆန္ဒနဲ့ဘ၀ တထပ်တည်း ကျလာမှာပါလို့ သူက ပြောပါတယ်။