ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေလ ၁ ရက်နေ့ ထိပ်တန်းရောက်သတင်းစုစည်းချက် - မေဒေးနေ့ ထိုင်းရောက်မြန်မာလုပ်သားတွေ ချီတက်ဆန္ဒပြ
ဒီနေ့ ကျရောက်တဲ့အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်မှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မနက်ပိုင်းမှာတော့ ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့တွေနဲ့အတူ မြို့လယ်ကနေ အစိုးရရုံးစိုက်ရာနေရာတွေဆီ ချီတက်ခဲ့ကြပြီး ထိုင်းအလုပ်သမားဝန်ကြီးရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။
အဲဒီနောက် မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ လုပ်သားတွေက ထိုင်းအလုပ်သမားဝန်ကြီးကို သူတို့ တောင်းဆိုချက်တွေပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို ပေးခဲ့ကြပါတယ်။
ဒီနှစ်မှာ မြန်မာတွေအပြင် ထိုင်းအိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က ရွှေ့ပြောင်းလုပ်သားတွေဟာ မိသားစု ၃ ဦးစာဖူလုံတဲ့လုပ်အားခရရှိရေး၊ မီးနေခွင့်နဲ့ မီးနေစောင့်ရှောက်ခွင့် အချိန်ပိုပေးရေး၊ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိရေး အချက်တွေကို အဓိကတောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ဒီနေ့ ညနေပိုင်းမှာလည်း ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ၊ ထိုင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားသမဂ္ဂတွေဟာ အလားတူတောင်းဆိုချက်တွေကို ဘန်ကောက်မြို့လယ်မှာရှိတဲ့ Central World ကုန်တိုက်ကနေ အာရှအနုပညာစင်တာရှေ့အထိ လမ်းလျှောက်ချီတက်ရင်း ကြွေးကြော်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်ရေးကို အခြားနိုင်ငံတွေဖြစ်စေချင်တာထက် ပိုမြင်လိုတယ်လို့ တရုတ်ပြော
တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တာကြောင့် မြန်မာနိုင်ငံတည်ငြိမ်ရေးကို အခြားနိုင်ငံတွေထက် ပိုပြီး မြင်စေချင်တယ်လို့ တရုတ်ဘက်က ပြောဆိုလာပါတယ်။
တရုတ်နိုင်ငံတော် ကောင်စီဝန်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ချင်းဂန်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာနဲ့ ဒီနေ့ တွေ့ဆုံချိန်မှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံထဲ တည်ငြိမ်အေးချမ်းမှု ပြန်ရဖို့ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို လေးစားသင့်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဆီယံက အားထုတ်နေတဲ့ ကြားဝင်ဖြေရှင်းပေးရေးကို အားထုတ်မှုကို လေးစားသင့်သလို မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ် အထမြောက်ရေးကိုလည်း လုပ်ဆောင်သင့်တယ်လို့ သူက ပြောပါတယ်။
''မြန်မာ့အကျပ်အတည်း ဘေးဘီအထိရောက်လာတာနဲ့ တင်းမာမှုတွေမြင့်တက်လာတာကို ဟန့်တားနိုင်ဖို့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်ဖော်ဆောင်ဖို့ လိုအပ်တယ်''လို့ သူကပြောတယ်ဆိုပြီး တရုတ်နိုင်ငံပိုင်သတင်းတွေက ဖော်ပြပါတယ်။
မြန်မာ့အရေးကုလကိုယ်စားလှယ်ကတော့ မြန်မာ့အရေးဟာ မြန်မာနိုင်ငံသားတွေ ဦးဆောင်ရမယ့်ကိစ္စဖြစ်သလို မြန်မာလူထုရဲ့ဆန္ဒကိုလည်း လေးစားရမယ့်ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။
အတိတ်ကဖြစ်ရပ်ကို မပြောင်းလဲနိုင်ပေမဲ့ အနာဂတ်မှာ သဘောထားကွဲလွဲမှုတွေကို အပြောင်းအလဲဖြစ်အောင်လုပ်နိုင်တာ၊ နောက် မြန်မာ့တည်ငြိမ် အေးချမ်းရေးဟာ တွေ့ဆုံဆွေးနွေးပွဲကနေတဆင့်သွား ရနိုင်တယ်ဆိုတဲ့ ကုလမသဂ္ဂဘက်က ရပ်တည်ချက်ကို ကုလကိုယ်စားလှယ်က ပြောဆိုထားတယ်လို့ သတင်းက ဆိုပါတယ်။
ကျောက်တော်မြို့နယ်က ဝါးတောင်စခန်းနေရာပြောင်းရွှေ့
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ဝါးတောင်စစ်ရှောင်စခန်းကို မြေနေရာဆက်မငှားတော့တာကြောင့် အဲဒီမှာနေထိုင်နေကြတဲ့ စစ်ရှောင်တွေက အခြားနေရာတွေကိုပြောင်းရွှေ့နေကြရပါတယ်။
ဝါးတောင်စခန်းမှာ အိမ်ထောင်စုပေါင်း ၁၅၈ စုရှိပြီး ယခင်မူလနေထိုင်ခဲ့တဲ့ ဝါးတောင်ကျေးရွာအနီးက မြေနေရာအတွက် စစ်ရှောင်တွေကိုယ်တိုင်က တစ်နှစ်ကို ကျပ် ၂၆ သိန်းပေးပြီးငှားရမ်းနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲ့ဒီမြေတွေကို မြေပိုင်ရှင်တွေက မိုးစပါးစိုက်ပျိုးလုပ်ကိုင်ကြတော့မှာဖြစ်တဲ့အတွက် ဆက်လက်မငှားတော့တာဖြစ်ပြီး အခုလအတွင်းမှာပဲ တောင်မင်းကုလားစစ်ရှောင်စခန်းနဲ့နီးတဲ့နေရာက မြေကွက်တစ်ခုကို ကျပ် ၂၄ သိန်းနဲ့ထပ်မံငှါးရမ်းပြီးတော့ ရွှေ့ပြောင်းကာ နေအိမ်တွေဆောက်လုပ်နေကြပြီဖြစ်တယ်လို့ ဒုက္ခသည်တွေကပြောဆိုကြပါတယ်။
နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေဘက်က ဒုက္ခသည်တွေကို ကူညီပေးတဲ့ စားနပ်ရိက္ခာစရိတ်ထဲကနေ မြေငှားစရိတ်အဖြစ် နုတ်ပယ်စုဆောင်းပြီး မြေငှားခအဖြစ် စစ်ဘေးရှောင်ဒုက္ခသည်တွက အသုံးပြုနေကြရတာဖြစ်ပါတယ်။
အခုအခါမှာတော့ ရိက္ခာအထောက်အပံ့တွေနဲ့ အလှူတွေလည်းမရရှိတော့တဲ့အတွက် အပြင်ထွက်ပြီး ကြုံရာကျဘန်းလုပ်ကိုင်စားသောက်နေကြရတာကြောင့် မြေငှားခပေးဆာင်ဖို့အခက်အခဲတွေရှိနေသလို လာမယ့် အောက်တိုဘာလမှာ အဲ့ဒီငွေတွေကို အပြီးပေးချေကြရမှာဖြစ်တယ်လို့ သိရပါတယ်။
စခန်းနေရာပြောင်းရွှေ့ကြရပေမယ့် အကူအညီတွေလည်းမရရှိတာကြောင့် ဒုက္ခသည်တွေဟာ သူတို့ရဲ့နေအိမ်တွေဆောက်လုပ်ဖို့ ကိုယ်တိုင်သစ်ဝါးတွေကိုခုတ်ပြီး ဆောက်လုပ်နေကြရသလို နေအိမ်တစ်ဆောင်အတွက် ကျပ် ၃ သိန်းခွဲလောက်ထိ ကုန်ကျကြတယ်လို့ ဆိုပါတယ်။
ဆယ်ရက်အတွင်း ရေဦး၊ ခင်ဦးဒေသက အိမ်ခြေ ၅၀၀ နီးပါးမီးရှို့ခံရ
စစ်ကိုင်းတိုင်း ရေဦးနဲ့ ခင်ဦး မြို့နယ်တွေကို ဧပြီ ၁၉ ရက်ကစပြီး တလှည့်စီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးခဲ့ရာ ဆယ်ရက်အတွင်း ရွာ လေးရွာက အိမ်ခြေ ၅၀၀ နီးပါးမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ရေဦးကနေ ခင်ဦးအနောက်တောင်ဘက်တခြမ်းလုံးကို ဝင်မွှေသွားခဲ့ရာကနေ ၂၈ ရက်နေ့ကျ ရေဦးဘက်ပြန်ဝင်လာတာဗျ။ ငြုပ်တုံရွာကို ၃၀ ရက်နေ့မှာ မီးရှို့ခဲ့တာက အိမ် ၂၀ ကျော်ပါသွားတယ်။ ပြီးတော့ မုတ်စီရွာကိုဝင်တယ်၊ ဒီနေ့တော့ ဇိန်ဇွန်းရွာနားက ပိဋကပ်ကျရွာကို ရောက်နေပြီ။ တိုက်ပွဲဖြစ်တာမရှိဘူး" လို့ ရေဦးဒေသခံတဦးက ပြောပါတယ်။
လက်ရှိစစ်ကြောင်းထိုးခံနေရတဲ့ ရေဦးဘက်ခြမ်းက ညောင်လှ၊ ပေါက်သာ၊ ရွာသာလေးစတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံထောင်နဲ့ချီ စစ်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ခင်ဦးမြို့နယ်အနောက်တောင်ခြမ်းဘက်ကိုတော့ ဧပြီ ၁၉ ရက်ကနေ ၂၇ ရက်အထိ စစ်ကြောင်းထိုးခဲ့ပြီး တပင်ကောင်းရွာက နေအိမ် ၂၅ လုံး၊ မြို့သစ်ရွာက အိမ်ခြေ ၄၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
မန္တလေးမှာ ဦးခေါင်းဒဏ်ရာနဲ့ စွန့်ပစ်ရုပ်အလောင်းတွေ့ရှိ
ဒီကနေ့ မေလ ၁ ရက်၊ မနက် ၆ နာရီဝန်းကျင်မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အပိုင် ပြင်ဦးလွင်မြို့ပတ်လမ်းမှာ ဦးခေါင်းထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းစွန့်ပစ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
"ဦးခေါင်းအရိုက်ခံထားရတယ် ပြီးတော့ သုံးလက်မအရွယ်အပေါက်လည်း ဖြစ်နေတယ်။ အောင်ပင်လယ်ရဲစခန်းအနီးမှာ အလောင်းကို စွန့်ပစ်ထားတာပါ" လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူ တဦးက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းအချိန်အထိ ရုပ်အလောင်းပိုင်ရှင်မသိရသေးဘူးလို့ ဆိုပါတယ်။
အခုဧပြီလထဲ မန္တလေးမြို့က မြို့နယ်အများစုမှာ လမ်းဘေးမှာသေဆုံးနေတဲ့ ရုပ်အလောင်းဆယ်နဲ့ချီ တွေ့ရှိနေရပြီး အများစုဟာ အိမ်ခြေအတိအကျမရှိသူတွေနဲ့ သတ်ဖြတ်ခံရတဲ့ လက္ခဏာနဲ့သေဆုံးသူတွေလို့ လူမှုကူညီရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
ကန့်ဘလူမှာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၆၀ ကျော်ရှိပြီး ကလေးအပါအဝင် ၆ ယောက် သေဆုံး
စစ်ကြောင်းဆက်တိုက်ထိုးခံနေရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀၂၃ ခုနှစ် ဧပြီအထိ မြွေကိုက်ခံရသူ ၆၁ ယောက်ရှိပြီး အဲ့ဒီအထဲက ကလေး ၂ ယောက်အပါအဝင် ၆ ယောက် သေဆုံးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကနေ သိရပါတယ်။
လက်ရှိအချိန်မှာ ရာသီဥတု ပူပြင်းလာတာနဲ့အတူ မြွေအန္တရာယ်တွေလည်း ဆက်တိုက်ရှိနေပြီး ပြီးခဲ့တဲ့ ဧပြီ တစ်လတည်းမှာတင် မြွေကိုက်ခံရမှု ၄ ခု ဖြစ်ပြီး ၂ ယောက်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
မြွေကိုက်ခံရသူတွေကို မြွေဆိပ်ဖြေဆေးထိုးပြီး အချိန်မီကုသပေးနိုင်တဲ့အတွက် အများစုရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ လျှော်ဖြူကုန်းကျေးရွာက အသက် ကိုးနှစ်အရွယ် မိန်းကလေးနဲ့ ဝက်သအင်းရွာက ရှစ်နှစ်အရွယ် မောင်မိုးဟိန်းတို့က စစ်တပ်ရဲ့ စစ်ကြောင်းထိုးတာကို တိမ်းရှောင်ရင်း မြွေကိုက်ခံရပြီး သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
“သူတို့တွေက စစ်ကြောင်းထိုးနေတဲ့အချိန်မှာ ပြေးကြ၊ ရှောင်ကြရင်းနဲ့ မြွေအကိုက်ခံရတာ၊ စစ်ကြောင်းကရှိနေတော့ ဆေးရုံပို့ဖို့လည်း မလွယ်ဘူး။ အဲ့ဒီရွာတွေမှာလည်း မြွေဆိပ်ဖြေဆေးကလည်း မရှိကြဘူးဆိုတော့ ဆုံးသွားကြတာ၊ မြွေဆိပ်ဖြေဆေးရှိရင်တော့ အသက်ကယ်နိုင်မှာပါ”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် ပဇီကြီးကျေးရွာကို လေကြောင်းနဲ့တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေရတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ဘေးရှောင်တွေဟာ ပူပြင်းတဲ့ ရာသီဥတု၊ ဆေးဝါးလိုအပ်ချက်၊ လုံခြုံရေး၊ ကျန်းမာရေးပြဿနာတွေအပြင် မြွေအန္တရာယ်ကိုပါ ရင်ဆိုင်နေကြရတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မဲကနယ်ဒေသမှာ နေ့စဉ်လိုလို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေပြော
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ဒေသမှာရှိတဲ့ ကျောက်တောင်၊ ကျောက်ဂူဘုရားတောင်ဘက်ကို စစ်ကောင်စီရဲ့ အမြှောက်တပ်ဘက်ကနေ ပစ်ခတ်တာရှိသလို လေယာဉ်နဲ့ပါ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်တာရှိနေတာကြောင့် နေအိမ်နဲ့ဘာသာရေးအဆောက်အအုံ ပျက်စီးတာ ပိုများလာတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
မဲကနယ်၊ ကွင်းကလေး၊ ကျောက်တောင်၊ကျောက်မိုင်းစခန်းစတဲ့ နေရာတွေက ဒေသခံတွေနဲ့ အလုပ်သမားနေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးခဲ့သလို မဲကနယ်ဘုရားကျောင်း၊ ပွင့်လင်းအေးမြိုင်ရွာက ဘုန်းကြီးကျောင်းတွေပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
" ဒီရက်တွေထဲ အမြှောက်တွေ တပ်ဆင်ထားတဲ့ ၂၇၅ တပ်၊ မေတ္တာလင်းမြိုင် ကြက်ကင်ကုန်း၊လေးကေ့ကော် အမြှောက်ကုန်းတွေ ကနေ လက်နက်ကြီး ပြိုင်တူ ပစ်တယ်။ ဧပြီ ၂၉ ရက်နေ့ညနေပိုင်းတုန်းကလည်း လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးလာကြဲတယ်။ တိုက်ပွဲကတော့ လေးကေ့ကော် မြို့သစ် အနောက်ဘက် လက်ခတ်တောင် ဘုရားကုန်းအထိရောက်လာပြီ" လို့ မြေပြင်အခြေအနေသိရှိသူ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
မြေပြင်မှာတော့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တွေကြား စစ်ရေးတင်းမာနေဆဲလို့လည်း သိရပါတယ်။
အခုလို တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀၀ ထောင်ခန့်ဟာ နေရပ်စွန့်ခွာထွက်ပြေးကြပြီး သင်္ဃန်းညီနောင်နဲ့ မြဝတီမြို့က ဘုန်းကြီးကျောင်းတွေမှာ ယာယီစစ်ဘေးရှောင်နေကြရတယ်လို့ ပြောပါတယ်။
ကရင်နီဒေသကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၆၀ ကျော်ပြီလို့ PKPF ပြော
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ နှစ်နှစ်ကျော်အတွင်း ကယား (ကရင်နီ) ပြည်နယ်ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၆၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF information centre က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
" ၂၉ ရက်နေ့ကဆိုလည်း ဒီးမော့ဆိုမြိုန့ယ်အနောက်ခြမ်းက ကားလမ်းနဘေးမှာရှိတဲ့ စစ်ရှောင်တွေဖွင့်ထားတဲ့ ကားဝပ်ရှော့ကိုလည်း မနက် ၈ နာရီလောက်ကနေ ၁၁ နာရီလောက်အထိကို နှစ်ကြိမ်လေကြောင်းလာတိုက်ခဲ့တယ်။ ကားဝပ်ရှော့က ကောင်လေးတယောက် ဒဏ်ရာရခဲ့တယ်။ အဲ့ဒီနားက စစ်ရှောင်ဆယ်နဲ့ချီကတော့ မလုံခြုံတော့လို့ နေရာထပ်ပြောင်းကြရတယ်" လို့ စစ်ရှောင်ကူညီသူ တဦးက ပြောပါတယ်။
တခါ ကရင်နီဒေသအတွင်း စစ်ရှောင်သေဆုံးသူလည်း ၁၃၄ ဦးရှိနေသလို အရပ်သားအသတ်ခံရသူ ၃၁၈ ဦးလည်း ရှိတယ်လို့ဆိုပါတယ်။ အဲ့ဒါအပြင်ပျက်စီးသွားတဲ့ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်အလုံးရေ ၁၅၀၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြပါတယ်။
နှစ်ဖက်တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က သေဆုံးသူ ၁၉၉၅ ယောက် ရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အယောက် ၂၅၉ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။
အခုလို ကရင်နီဒေသထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီကနေ့ မေလ ၅ ရက်နေ့လယ်ပိုင်းအထိ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။
အလုပ်သမားထုကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့စစ်ခေါင်းဆောင်ပြော
ကာယ၊ ဉာဏအားနဲ့ အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်တွေကို ဖန်တီးဖော်ဆောင်နေတဲ့ အလုပ်သမားအင်အားထုကြီးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့၊ အလုပ်သမားတွေအကျိုးခံစားခွင့်တွေ ရရှိစေဖို့နဲ့ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေဖို့ အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အလုပ်သမားတွေရဲ့ လူမှုဘဝကိုမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး သွင်းကုန်အစားထိုး၊ ပို့ကုန်မြှင့်တင်နိုင်ရေးအပါအဝင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီဖို့ဆိုတဲ့ စီးပွားရေးဦးတည်ချက်ထားရှိထားတယ်လို့ ဒီကနေ့ မေလ ၁ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မိန့်ခွန်းမှာ စစ်ကောင်စီဥက္ကဋ္ဌက အခုလိုပြောတာပါ။
ဒီဦးတည်ချက်ကို အောင်မြင်စွာဆောင်ရွက်ဖော်ဆောင်နိုင်ဖို့ အလုပ်သမားစွမ်းအားစုပေါ် မူတည်နေတယ်လို့လည်း ဆိုပါတယ်။
အလုပ်သမားတွေဟာ နိုင်ငံတော်နဲ့ပူးပေါင်းဆောင်ရွက်ရင် ကုန်ထုတ်လုပ်မှုတိုးတက်မယ့်အပြင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအတွက် တပြိုင်နက်တိုးတက်မယ်လို့လည်း ထည့်ပြောခဲ့ပါသေးတယ်။
လက်တွေ့မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားတဲ့ အလုပ်သမားတွေ ဖမ်းဆီးထောင်ချခံခဲ့ရသလို၊ အလုပ်သမားရေးရာအဖွဲ့ ၁၆ ဖွဲ့ကိုလည်း မှတ်ပုံမတင်ထားလို့ဆိုကာ တရားမဝင်အသင်းတွေအဖြစ် အာဏာသိမ်းစထဲက ကြေညာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးရရှိနိုင်ဖို့ ဆန္ဒပြတောင်းဆိုခဲ့သူတွေကိုပါ အလုပ်ထုတ်ပယ်တာစတဲ့ အခြေအနေတွေဆက်တိုက် ကြုံတွေ့ခဲ့ကြပါတယ်။
ဒါ့အပြင် ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့်ပါ ဝင်ငွေနဲ့ထွက်ငွေမမျှတတဲ့အတွက် အထွေထွေကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။