အပစ်ရပ်သဘောတူမှု အီရန်-အစ္စရေး နှစ်ဖက်လုံး ချိုးဖောက်တယ်ဆိုပြီး ထရမ့်ဒေါသထွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နာရီပိုင်းကလေးကတင် သူကြေညာခဲ့တဲ့ အပစ်ရပ် သဘောတူချက်ကို အစ္စရေးရော အီရန်ပါ နှစ်ဖက်လုံးက ချိုးဖောက်ခဲ့တယ်ဆိုပြီး သမ္မတထရမ့်က ရင့်ရင့်သီးသီး စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။
အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ စကားပြောချိန်မှာ သမ္မတ ထရမ့် အကြီးအကျယ် ဒေါသထွက်နေတာ သိသာနေပါတယ်။ အစ္စရေးဘက်က နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာမယ်ဆိုရင် သူထုတ်ဖော်ကြေညာထားတဲ့ အီရန်-အစ္စရေး အပစ်အခတ် ရပ်စဲရေးသဘောတူချက်ကို အစ္စရေးက အကြီးအကျယ် ချိုးဖောက်လိုက်တာ ဖြစ်တယ် လို့ သမ္မတထရမ့်က ပြောပါတယ်။
အီရန်နဲ့ အစ္စရေးအကြား အပစ်အခတ်ရပ်စဲရေး သဘောတူချက်တရပ် သက်ဝင် အတည်ဖြစ်သွားပြီဆိုပြီး အမေရိကန်သမ္မတ ထရမ့်က ဗြိတိသျှ နွေရာသီစံတော်ချိန် မနက် ၆ နာရီကျော်ကျော်မှာ လူမှုကွန်ရက်ပေါ်ကနေ ထုတ်ဖော် ပြောခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တနာရီကျော်အကြာမှာပဲ အစ္စရေးအစိုးရက အပစ်အခတ် ရပ်စဲဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို သဘောတူလိုက်ပြီလို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။
အီရန်အစိုးရကလည်း တကယ်လို့ အစ္စရေးဘက်က တိုက်ခိုက်မှုတွေ ရပ်တန့်မယ်ဆိုရင် သူတို့ဘက်ကလည်း အလားတူ ရပ်တန့်မယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။
အပစ်ရပ် ကျိုးပေါက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA
ဒါပေမဲ့ အဲဒီနောက် မနက် ၈ နာရီခွဲမှာတော့ အစ္စရေး စစ်တပ်က အီရန်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို အစ္စရေးနိုင်ငံ မြောက်ပိုင်းမှာ သူတို့ ထောက်လှမ်း တွေ့ခဲ့ပြီး တားဆီးဟန့်တားနိုင်ခဲ့တယ်လို့ ထုတ်ဖော် ပြောခဲ့ပါတယ်။
အီရန်ကတော့ သူတို့ဘက်က ဘာဒုံးကျည်မှ ပစ်လွှတ်တာမျိုး မရှိခဲ့ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ အစ္စရေးစစ်တပ်ကတော့ အင်အားသုံး တုံ့ပြန်သွားမယ်လို့ အခိုင်အမာ ပြောနေပါတယ်။
အစ္စရေးဘက်က နောက်ထပ် ရန်လိုတိုက်ခိုက်မှုတွေ လုပ်လာရင် ပြတ်သား ခိုင်မာတဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေ မဆိုင်းမတွလုပ်သွားမယ်လို့ အီရန်အစိုးရက ကြုံးဝါးထားပါတယ်။
သမ္မတ ဒေါ်နယ် ထရမ့်ကတော့ အစ္စရေးကို ဗုံးတွေ မကြဲဖို့ အကြီးအကျယ် သတိပေးထားပါတယ်။ အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံ ခိုက်ရန်ဖြစ်ပွားနေတာ ကာလတာရှည်နေပြီး ကိုယ်ဘာလုပ်လို့ လုပ်နေသလဲဆိုတာ သူတို့မသိကြဘူး ဆိုပြီး သမ္မတထရမ့်က ရင့်ရင့်သီးသီး ဆဲဆို ပြောသွားခဲ့ပါတယ်။ အပစ်ရပ် သဘောတူချက်က သက်ဝင်နေဆဲပဲလို့ သူက နောက်ပိုင်းမှာ ပြောသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန် ဒုံးကျည် နှစ်စင်းကို ပစ်ချ လိုက်ပြီးနောက် အစ္စရေးက အီရန်ကို တိုက်ခိုက်မှု အသစ်တွေ ထပ်မလုပ်အောင် တားဆီးဖို့ ထရမ့်က ဒီလို ပြောခဲ့တာ ဖြစ်ပြီး အစ္စရေးကလည်း တိုက်ခိုက်မှုတွေကို ရပ်တန့်ခဲ့ပါတယ်။
အစ္စရေး လေယာဉ်တွေ ပြန်လှည့်သွားပြီမို့ အပစ်ရပ်စဲရေး သက်ဝင်နေပြီ ဆိုပြီး မစ္စတာ ထရမ့်က လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေး ဂျက်လေယာဉ်တွေက အီရန် ရေဒါ စခန်းတခုကို တိုက်ခိုက်မှု အသေးစား လုပ်ခဲ့ကြောင်း အစ္စရေး အာဏာပိုင်တွေဘက်က ဆိုပါတယ်။
တီဟီရန် မြို့တော် မြောက်ဘက်က မြို့ ၂ မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားကြောင်း အီရန် သတင်းဌာနတွေက ဖော်ပြကြပါတယ်။
ညလုံးပေါက် တိုက်ပွဲဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အပစ်အခတ်ရပ်စဲမှု မစခင် မနေ့ညတညလုံး အစ္စရေးနဲ့ အီရန် နှစ်ဖက်လုံးက ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ အပြန်အလှန် လုပ်ခဲ့ပါတယ်။
အစ္စရေးဘက်က ဆက်တိုက် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ အီရန်နိုင်ငံ တီဟီရန်မြို့တော်နဲ့ တခြား မြို့တွေကို ထိမှန်ခဲ့ပြီး အဏုမြူ ပညာရှင်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့တယ်လို့ အီရန် အစိုးရ သတင်းမီဒီယာမှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။
အစ္စရေးရဲ့ မနေ့ညက တိုက်ခိုက်မှုတွေဟာ လွန်ခဲ့တဲ့ ၁၂ ရက် အစ္စရေး-အီရန် စစ်ပွဲ စတင်ခဲ့ကတည်းက အကြီးမားဆုံး တိုက်ခိုက်မှု တခုအဖြစ် အီရန်ဒေသခံတချို့က ဘီဘီစီ ပါရှားသတင်းဌာနကို ပြောပြကြပါတယ်။
တခါ အီရန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံ ဘေရှီဘာမြို့မှာလည်း အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ မြို့ခံတွေ ဗုံးခိုနေကြတဲ့ အဆောက်အဦ တခုပေါ်ကို ဒုံးကျည် ထိမှန်ခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အီရန်ကို တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ အဏုမြူ လက်နက် အိပ်မက်ကို ချေဖျက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်က ပြောကြားခဲ့ပါတယ်။
ပြင်သစ် သမ္မတ မက်ကရွန်းကလည်း အီရန်က နျူကလီးယား သန့်စင်မှုတွေ လျှို့ဝှက် လုပ်နေမှာ စိုးလို့ ညှိနှိုင်းမှုတွေ ဆက်လုပ်သင့်တယ်လို့ ပြောပါတယ်။
အီရန်နဲ့ အမေရိကန်တွေကြား အဏုမြူအရေး ဆွေးနွေးပွဲတွေ ချက်ချင်း ပြန်စဖို့လည်း ကာတာ ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA











