ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စကတ်အောက်က ရိုက်တဲ့ ပုံတွေ ဖြန့်တဲ့ ဂျပန် မူလတန်းဆရာတွေကို ဖမ်း
- ရေးသားသူ, ရှိုင်မာ ခါလီ နဲ့ ကယ်လီအန်း
မိန်းကလေးငယ်တွေရဲ့ မဖွယ်မရာ ဓာတ်ပုံတွေကို ရိုက်ပြီး တယ်လီဖုန်း မတ်ဆေ့ချ်အုပ်စုကနေ တခြား ဆရာတွေဆီ ဖြန့်ဝေမှုနဲ့ မူလတန်းကျောင်းဆရာ နှစ်ယောက်ကို ဂျပန်ရဲက ဖမ်းဆီးခဲ့ပါတယ်။
၁၃ နှစ်အောက် မိန်းကလေးတွေရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ကူးခဲ့ကြောင်း နာဂိုယာက ၄၂ နှစ်အရွယ် အစိုးရကျောင်းဆရာ တယောက်နဲ့ ယိုကိုဟားမားက ၃၇ နှစ် အရွယ် အစိုးရကျောင်းဆရာတယောက်က ဝန်ခံခဲ့ကြတယ်လို့ ဒေသတွင်း ရဲ ဌာနက ဘီဘီစီကို ပြောပါတယ်။
ဒီပုံတွေကို မူလတန်းနဲ့ အလယ်တန်း ကျောင်းဆရာ ၁၀ ယောက် ပါတဲ့ အုပ်စုထဲမှာ ဖြန့်ခဲ့ပါတယ်။ အဖမ်းခံရတဲ့ ဆရာတယောက်က ဒီအုပ်စုကို ဖွဲ့ထားတာပါ။
စကတ်အောက်က ပုံလို့ ခေါ်တဲ့ ဒီလိုပုံတွေ ရိုက်တာနဲ့ လိင်ကိစ္စ ဗီဒီယို ခိုးရိုက်တာတွေကို ဂျပန်မှာ မကြာခင်ကမှ ပိတ်ပင်ခဲ့ပါတယ်။ လိင်မှု ရာဇဝတ်မှုတွေကို ပြုပြင်ရေး စီမံချက်အနေနဲ့ ပိတ်တာ ဖြစ်ပါတယ်။
၁၅ နှစ်ရွယ် မိန်းကလေးတယောက်ရဲ့ ကျောပိုးအိတ်ပေါ်မှာ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ သုတ်လိမ်းမှုနဲ့ ဒီအုပ်စုထဲက ဆရာတယောက်ကို ဖမ်းမိပြီးနောက်မှ ဒီလို အုပ်စုဖွဲ့ပြီး ပုံတွေ ပို့နေတာကို သတိထားမိတာ ဖြစ်ကြောင်း အဆာဟိရှင်ဘွန်း သတင်းစာက ဖော်ပြပါတယ်။
ဒီကျောင်းဆရာရဲ့ မိုဘိုင်းဖုန်းထဲကို စစ်ဆေးရာကနေ ဒီမတ်ဆေ့ချ်ပို့တဲ့ အုပ်စုကို တွေ့ရှိပြီး အမည်မဖော်ပြတဲ့ လူမှုကွန်ရက်တခုနဲ့ ချိတ်ဆက်ထားတာကိုလည်း တွေ့ရပါတယ်။
ဒီအုပ်စုထဲမှာ တင်တဲ့ ပုံတွေထဲမှာ စကတ်အောက်က ရိုက်တဲ့ ဓာတ်ပုံတွေ ပါသလို မိန်းကလေးတွေ အဝတ်လဲနေတာကို ရိုက်တဲ့ ဗီဒီယိုတွေလည်း ပါပါတယ်။ နောက်ပြီး မိန်းကလေးတွေရဲ့ ဦးခေါင်းပိုင်းပုံတွေကို ဖြတ်ညှပ်ကပ်ပြီး ဖန်တီးထားပုံရတဲ့ ပုံတွေလည်း ပါပါတယ်။
တချို့ပုံတွေကို ကျောင်းထဲမှာ ရိုက်ထားပုံ ရကြောင်း ရဲက ပြောပါတယ်။ ဒီပုံတွေကို ဒီဆရာတွေ သင်တဲ့ ကျောင်းတွေမှာ ရိုက်တာလား ဆိုတာကိုတော့ သေချာ မသိရပါဘူး။
၂၀၁၉ တုန်းက မုဒိမ်းမှု တရားခံ အများအပြား လွတ်ကုန်တာတွေကြောင့်လည်း နိုင်ငံအနှံ့ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မေလမှာတော့ နှစ်တရာကျော် ကြာမြင့်နေတဲ့ လိင်မှု ရာဇဝတ်မှု ဥပဒေတွေကို သိမ်းကျုံး ပြင်ဆင်ဖို့ ဖြစ်လာပါတယ်။
အထူးသဖြင့် ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ဘဲ ကလေးသူငယ်တွေကို လိင်ဆန်ဆန် ဗီဒီယို ရိုက်ကူးတာတွေကိုလည်း ဥပဒေက တားမြစ်ထားပါတယ်။
ဒီလိုပြစ်မှုတွေကို ကျူးလွန်သူတွေဟာ ထောင်သုံးနှစ်ထိ ကျနိုင်သလို ဒေါ်လာ နှစ်သောင်းကျော်နဲ့ ညီမျှတဲ့ ဂျပန်ငွေ ယန်း သုံးသန်းထိလည်း ဒဏ်ရိုက်ခံရနိုင်ပါတယ်။
၂၀၂၃ ဂျပန် လိင်မှု ရာဇဝတ်မှု ဥပဒေ ပြုပြင်ရေးမှာ မုဒိမ်းမှု အဓိပ္ပာယ် ဖွင့်ဆိုချက်ကို တိုးချဲ့သတ်မှတ်ခဲ့ပြီး လိင်ကိစ္စ ခွင့်ပြုချက် ပေးနိုင်တဲ့ အရွယ်ကိုလည်း ၁၃ နှစ်ကနေ ၁၆ နှစ်ထိ တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။