ဇွန် ၁၅ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ကျောက်ဖြူမှာ စစ်တပ်ဗိုလ်မှူးနဲ့ အင်အားဆယ်ချီ AA နဲ့ ပူးပေါင်း

ဓာတ်ပုံ ရင်းမြစ်, Khit Thit
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က တိုက်ပွဲတွေအတွင်း မနေ့ တစ်နေ့တည်းမှာတင် စစ်တပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် အင်အားဆယ်ချီဟာ အာရက္ခတပ်တော်(အေအေ)နဲ့ ပူးပေါင်းလာတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
"မနေ့က တစ်နေ့တာ ဖမ်းဆီးထိန်းသိမ်းမှုစာရင်းအရ သိရတာပါ။ ဗိုလ်မှူးကတော့ ဘယ်သူဘယ်ဝါ၊ ကိုယ်ပိုင်နံပတ်တော့ မသိရသေးဘူး" လို့ ပြောပါတယ်။ အေအေထံ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း အယောက် ၇၀ ကျော်တယ်လို့ သူက ပြောပေမဲ့ ဒီပမာဏကို ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တစ်ဖက်မှာလည်း အေအေဟာ ကျောက်ဖြူမြို့နယ်မှာ ရဲတပ်ရင်း ၃၂ ရဲ့ ဧရိယာအတွင်းပိုင်းထဲအထိ ဝင်ရောက်တိုက်ခိုက်နေသလို အဲဒီနေရာနဲ့ ၄ မိုင်ဝန်းကျင်အကွာက အမှတ် ၅၄၃ ခြေလျင်တပ်ရင်း (ခမရ ၅၄၃) ကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အင်အားဖြည့်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တွေမြို့ကနေ ဓညဝတီရေတပ်ဌာနချုပ်ကို စစ်သင်္ဘောနဲ့ ပို့တာ၊ လေကြောင်းကနေ ပို့တာတွေ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကတော့ ကျောက်ဖြူက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်တပ်နဲ့ဆက်နွှယ်တဲ့သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ တယ်လီဂရမ် ချယ်နယ်တွေမှာတော့ အခုရက်ပိုင်းအတွင်း ကျောက်ဖြူမြို့နယ်ထဲမှာ စစ်တပ်နဲ့ အေအေတို့ရဲ့ ထိတွေ့ သတင်းတွေကို ဖော်ပြနေကြပါတယ်။
ဒါပေမဲ့ ကျောက်ဖြူ စစ်မျက်နှာပြင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အေအေထံ လက်နက်ချတာ မရှိဘူးလို့ အဲဒီတယ်လီဂရမ် ချန်နယ်တွေက ရေးသားနေကြပါတယ်။
ကျောက်ဖြူမြို့နယ် တိုက်ပွဲတွေကနေ မေ ၃၀ ရက်က တိုင်းစစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်း ဖမ်းဆီးရမိတယ်လို့ စစ်ရေးအရင်းအမြစ်က အတည်ပြုပါတယ်။
ထရမ့်က နှစ် ၃၀ ကျော်အတွင်း စစ်ရေးပြပွဲပြန်လုပ်

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် စစ်တပ်် တည်ထောင်မှု နှစ် ၂၅၀ ပြည့်အဖြစ် ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး စစ်ရေးပြပွဲကို သူ့အစိုးရရုံးစိုက်ရာ ဝါရှင်တန် ဒီစီမှာ ပြုလုပ်သွားပါတယ်။
ဒီစစ်ရေးပြပွဲ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ကနေ ၄၀ ကျော်ကြားရှိနိုင်တယ်လို့ အမေရိကန်စစ်တပ် ပြောခွင့်ရသူတစ်ဦးက ခန့်မှန်းပါတယ်။
ရီပတ်ဘလီကန် သမ္မတ ထရမ့်ကတော့ အမေရိကန်ဟာ ''ကမ္ဘာမှာ တစ်ပန်းအသာဆုံးနိုင်ငံ'' ဖြစ်တယ်လို့ပြောပြီး ''အရင်နဲ့မတူ တမူထူး ကြံ့ခိုင်ကြီးပွားမယ် '' လို့လည်း ဆိုပါတယ်။
အမေရိကန်ကို ခြိမ်းခြောက်နိုင်ခြေရှိတဲ့သူတွေကိုလည်း သူက စစ်ရေးပြမိန့်ခွန်းမှာ သတိပေးသွားပါတယ်။
'' အမေရိကန် ရန်သူတွေအနေနဲ့ အမေရိကန်လူထုကို ခင်ဗျားတို့ ခြိမ်းခြောက်မယ်ဆိုရင် ကျွန်တော်တို့ စစ်သားတွေက ခင်ဗျားတို့ဆီ လာမယ်ဆိုတာကို သင်ခန်းစာတွေ ရနေလောက်ပြီ ထင်ပါတယ်''
အခုတစ်ခေါက် စစ်ရေးပြပွဲမိန့်ခွန်းမှာတော့ သမ္မတ ထရမ့်ဟာ နိုင်ငံရေးထက် အမေရိကန်စစ်တပ်ရဲ့ အောင်မြင်မှုတွေကိုပဲ ဇောင်းပေးပြောသွားတာတွေ့ရပါတယ်။
ထရမ့်ရဲ့ အသက် ၇၉ နှစ်မြောက်မှာ ကျရောက်တဲ့ ဒီစစ်ရေးပြပွဲမှာ စစ်သား ၇,၀၀၀ နဲ့ လေကြောင်းစွမ်းရည်ပြတာတွေ၊ မီးရှူးမီးပန်းအလှ ပစ်ဖောက်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ မိုးရွာနေပေမဲ့ နိုင်ငံ့မြို့တော်မှာ ကျင်းပတဲ့ ဒီစစ်ရေးပြပွဲကို လူထောင်ချီ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
ဒီစစ်ရေးပြပွဲနဲ့အပြိုင် ထရမ့် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေလည်း လူရာချီက နိုင်ငံတဝန်းမှာ ပြုလုပ်သွားပါတယ်။
''ဘုရင်တွေ မလိုဘူး'' ဆိုတဲ့ဆန္ဒပြပွဲကို လော့စ်အိန်ဂျလိစ် အစ ဘော်စတွန်အဆုံး မြို့ကြီးတွေမှာ ပြုလုပ်သွားကြတာဖြစ်ပါတယ်။ ဒါဟာ ထရမ့် တစ်ယောက် အမေရိကန် သမ္မတ ရာထူးအတွက် ဒုတိယအကြိမ် ပြန်ရွေးကောက်ခံရပြီးနောက်ပြီး သူ့ကို ဆန္ဒပြမှုတွေထဲ အကြီးမားဆုံးဆန္ဒပြပွဲတွေ ဖြစ်လာပါတယ်။
ဒီမိုကရက်တစ်ပါတီက လွှတ်တော် အမတ်တချို့ လုပ်ကြံခံရလို့ မင်နီဆိုတာက ဆန္ဒပြပွဲတချို့ကတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ မင်နီဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ လုပ်ကြံမှုဟာ နိုင်ငံရေးပယောဂ မကင်းဘူးလို့ပြောပါတယ်။
ဒီအကြောင်း ဘီဘီစီ သတင်းဖော်ပြချက်ကိုလည်း ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
ဖားကန့်မြို့ပေါ် တိုက်ပွဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သားဖြစ်သူတို့ လက်နက်ကြီးစ ထိမှန်

ဓာတ်ပုံ ရင်းမြစ်, Naung Yoe
ကချင်ပြည်နယ်ထဲ စစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် ကချင်လွတ်လပ်ရေး(ကေအိုင်အေ) ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မှာ မြို့ပေါ် ရပ်ကွက်ထဲကို လက်နက်ကြီးကျချိန် ကျည်စ ထိမှန်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ သားငယ်ဖြစ်သူတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးကျည်ဟာ ဖားကန့်မြို့ပေါ် က ဆွစ်ငိုင်ယန်ရွာထဲကို ဒီနေ့ မနက်ပိုင်းတုန်းမှာ ကျရောက် ပေါက်ကွဲချိန် အသက် ၂၃ နှစ်အရွယ် အဲဒီကိုယ်၀န်ဆောင်အမျိုးသမီးနဲ့ သားဖြစ်သူ နှစ်နှစ်အရွယ် ကလေးငယ်တို့ ဒဏ်ရာရခဲ့တာပါ။
ဒီနေ့ ဇွန် ၁၅ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲတာလို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
စစ်တပ်ဟာ ဆွတ်ငိုင်ယန်ကျေးရွာထဲကို ဇွန် ၁၄ ရက်ကစ ဝင်ရောက်လာပြီး တပ်စွဲနေတာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲစဖြစ်ခဲ့တာဖြစ်ပါတယ်။
"ဒဏ်ရာက လက်နက်ကြီးစမှန်သလား ဘာဖြစ်သလဲတော့ ဖြစ်ဖြစ်ချင်း သွားမကြည့်ရဲဘူး။ လက်နက်သံတွေ တိတ်သွားမှ သွားကြည့်တော့ သွေးအိုင်ထဲမှာ လဲနေတာ။ လက်ချောင်းလေးတွေ ထိသွားတယ်။ မျက်နှာ၊ ပေါင်တွေ ထိသွားတယ်။ ဗိုက်ထဲက ကလေးတော့ ဘာမှ ဖြစ်မသွားဘူး။ လှုပ်နေတယ်လို့ ပြောတယ်"လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။
ဒဏ်ရာရနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ဖားကန့်အခြေစိုက် ပရဟိတအဖွဲ့တွေက ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးလိုက်ကြပြီး အဲဒီကနေတဆင့် မြစ်ကြီးနားဆေးရုံကို ထပ်လွှဲလိုက်တယ်လို့လည်း သိရပါတယ်။
မျက်နှာ၊ မျက်လုံးနဲ့ ပါးစပ်တွေမှာ ဒဏ်ရာရခဲ့တဲ့ ၂ နှစ်အရွယ် သားငယ်ဖြစ်သူရဲ့ အခြေအနေကို ဘီဘီစီက ဆက်သွယ်မေးမြန်း နေတုန်းဖြစ်ပါတယ်။
ပန်းတနော်မြို့ကနေ မအူပင်မြို့ကို ဆေးခန်းလာပြတဲ့ လူနာကား ယာဉ်တိုက်မှုဖြစ်လို့ ၂ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, မအူပင်သတင်းပုံရိပ်
ဧရာဝတီတိုင်း၊ မအူပင်မြို့၊ မင်းလမ်းမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားတစ်စီးက လိုက်ထရပ်ကား တစ်စီးကို ဝင်တိုက်ခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး နောက်ထပ် ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လိုက်ထရပ်ကားဟာ ပန်းတနော်မြို့ကနေ မအူပင်မြို့မှာ ဆေးခန်းပြဖို့ လာကြသူတွေဖြစ်ပြီး ကားတိုက်မှုကြောင့် သက်ကြီးပိုင်း အမျိုးသား တစ်ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် သေဆုံးသွားပါတယ်။
ဒဏ်ရာရသူတွေကိုတော့ ကူညီကယ်ဆယ်ရေးသမားတွေက မအူပင်မြို့ဆေးရုံကြီးကို ပို့ထားတယ်လို့ သိရပါတယ်။
ဖို့ဒ်ရိန်းဂျား ကားတစ်စီးဟာ မအူပင်မြို့ စျေးလမ်းထဲကနေ မင်းလမ်းပေါ် တက်လာချိန်မှာ လိုက်ထရပ်ကားကို ဝင်တိုက်ခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေက ပြောပါတယ်။
မအူပင်မြို့ခံတွေကတော့ မြို့ငယ် လမ်းကျဉ်းကျဉ်းမှာ လူသေဆုံးတဲ့အထိ ယာဉ်တိုက်မှုဖြစ်ခဲ့တာကို ဥပမာပေးပြီး ယာဉ်ကို စည်းကမ်းတကျ မောင်းနှင်ကြဖို့ လူမှုကွန်ရက်မှာ တိုက်တွန်း ရေးသားနေကြပါတယ်။
ပန်းတနော်မြို့ကနေ မအူပင်မြို့ကို ဆေးခန်းလာပြတဲ့ လူနာကား ယာဉ်တိုက်မှုဖြစ်လို့ ၂ ဦး သေဆုံး ဧရာဝတီတိုင်း၊ မအူပင်မြို့၊ မင်းလမ်းမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားတစ်စီးက လိုက်ထရပ်ကား တစ်စီးကို ဝင်တိုက်ခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး နောက်ထပ် ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လိုက်ထရပ်ကားဟာ ပန်းတနော်မြို့ကနေ မအူပင်မြို့မှာ ဆေးခန်းပြဖို့ လာကြသူတွေဖြစ်ပြီး ကားတိုက်မှုကြောင့် သက်ကြီးပိုင်း အမျိုးသား တစ်ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် သေဆုံးသွားပါတယ်။
ဒဏ်ရာရသူတွေကိုတော့ ကူညီကယ်ဆယ်ရေးသမားတွေက မအူပင်မြို့ဆေးရုံကြီးကို ပို့ထားတယ်လို့ သိရပါတယ်။
ဖို့ဒ်ရိန်းဂျား ကားတစ်စီးဟာ မအူပင်မြို့ စျေးလမ်းထဲကနေ မင်းလမ်းပေါ် တက်လာချိန်မှာ လိုက်ထရပ်ကားကို ဝင်တိုက်ခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေက ပြောပါတယ်။
မအူပင်မြို့ခံတွေကတော့ မြို့ငယ် လမ်းကျဉ်းကျဉ်းမှာ လူသေဆုံးတဲ့အထိ ယာဉ်တိုက်မှုဖြစ်ခဲ့တာကို ဥပမာပေးပြီး ယာဉ်ကို စည်းကမ်းတကျ မောင်းနှင်ကြဖို့ လူမှုကွန်ရက်မှာ တိုက်တွန်း ရေးသားနေကြပါတယ်။
စစ်ကြောင်းထိုးခံရတဲ့ ဖားကန့်မှာ သေဆုံးသူ ၂၆ ဦးအထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, Tarlin Mg
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာ ကျေးရွာအပိုင်ထဲမှာ စစ်ကောင်စီစစ်ကြောင်းထိုးခဲ့တဲ့သုံးပတ်တာ ကာလအတွင်း အရပ်သား သေဆုံးသူ ၂၆ ဦး ရှိတယ်လို့ သေဆုံးမှုတွေကို စာရင်းပြုစုထားတဲ့ဒေသခံက ပြောပါတယ်။
မိုးကောင်းမြို့အခြေစိုက် အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၃)၊ ရှမ်းနီအမျိုးသားတပ် (SNA)နဲ့ ပြည်သူ့စစ်တွေပါတဲ့ စစ်ကြောင်းဟာ မေ နောက်ဆုံးပတ်ကစပြီး ဇွန် ၁၅ ရက်အထိ လုံးခင်းကျေးရွာအုပ်စုဘက်ကို စစ်ကြောင်းထိုးနေတာပါ။
မှော်စီစာကျေးရွာအပိုင် အောင်သာယာ၊ တောင်ယာကုန်း၊ မြေစာပုံလမ်းကြောတလျှောက်ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ဇွန် ၁၃ ရက်မှာ ၃ ဦး၊ ဇွန် ၁၄ ရက်မှာ ၃ ဦး စုစုပေါင်း ၆ ဦးဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အသတ်ခံထားရတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အဲဒီလူတွေက ၁၂ ရက်မှာ အဖမ်းခံရတယ်။ ၁၃ ရက်မှာ အသတ်ခံရတာ။ တောင်ယာကုန်းနဲ့ မြေစာပုံမှာ တပ်ချန်ထားတာတွေရှိတော့ နေရာအနှံ့ဝင်မရှာရဲကြဘူး။ စစ်ကြောင်းက တဖြည်းဖြည်းဝင်ပြီးတော့ သူတို့ ဝင်လို့ရတဲ့နေရာတွေကနေ အကုန်ပြန်မထွက်သွားဘဲနဲ့ တပ်အင်အား ဆယ်ဂဏန်းလောက် ချန်ပြီးမှ ထွက်သွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီတပ်ချန်ခဲ့တဲ့ နေရာကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရင်လည်း အချင်းချင်း လက်နက်ကြီးနဲ့ ပစ်ကူဖို့အတွက် တောင်ကုန်းလို နေရာတွေမှာ တပ်စွဲထားပြီး ကျန်တဲ့စစ်အင်အားစုတွေက ဖားကန့်မြို့ ဗျူဟာကုန်းဘက်ကို ထွက်သွားတယ်လို့လည်း သိရပါတယ်။ လက်ရှိအခြေအနေမှာတော့ မှော်စီစာကနေ မြေစာအမှိုက်ပုံသွားတဲ့ လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်တွေက ပြန်စိုးမိုးထားနိုင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်ရေးတွေကြောင့် ဇွန် ၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ အပစ်ခတ် ရပ်စဲမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီက ဖားကန့်မြို့ကို စစ်ကြောင်းထိုးနေတာနဲ့ ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဖားကန့်မြို့နယ်ကို စစ်ကြောင်းပြန်ထိုးတာ၊ တိုက်ပွဲဖြစ်ပွားတာတွေနဲ့ ပတ်သက်လို့ မေးမြန်းဖို့အတွက် KIA ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီက ဆက်သွယ်ပေမဲ့ မရသေးပါဘူး။
ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့နယ်က မင်းကွန်းဒေသတလျှောက် ကျေးရွာတွေ စစ်ကြောင်းထိုးခံနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်ဒဏ်သင့်ခဲ့ပြီး ရှေးဟောင်းအမွေအနှစ်တွေ တည်ရှိတဲ့ စစ်ကိုင်းမြို့နဲ့ မင်းကွန်းဒေသကို စစ်တပ် က စစ်ကြောင်းထိုးချိန် ဒေသခံအချို့ သေဆုံးတာနဲ့ ကျေးရွာတွေ မီးရှိုခံရတာတွေဖြစ်နေတယ်လို့ စစ်ရေးအရင်းအမြစ်တွေက ဘီဘီစီကို ပြောပါတယ်။
ငလျင်သင့်တဲ့ရှေးဟောင်း စေတီပုထိုးနဲ့ ဘုရားကျောင်းကန်တွေကို ပြုပြင်ဖို့ စစ်ကောင်စီအာဏာပိုင်တွေ မင်းကွန်းကိုလာဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ မင်းကွန်းဒေသထဲက ကျေးရွာတွေ အခုလို စစ်ကြောင်းထိုးခံရတာဖြစ်ပါတယ်။
မင်းကွန်းဒေသထဲက ကင်းရွာနဲ့ ချောင်းမကြီးရွာကို စစ်တပ် ဇွန် ၁၄ ရက်က စစ်ကြောင်းထိုးသလို နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ပြောကြပါတယ်။
"ညနေပိုင်းအထိ မီးလောင်နေတုန်းပဲ၊ ဘယ်အချိန်မီးငြိမ်းသွားလဲတော့ မသိသေးဘူး။ အဲဒီနေရာတွေကို သွားလို့လည်းမရသေးဘူး။ အဆက်အသွယ်တွေလည်း ပြတ်နေတယ်"လို့ စစ်ရေးအရင်းအမြစ်တစ်ယောက်က ပြောပါတယ်။
ဒီနေ့ ဇွန် ၁၅ ရက်မှာလည်း ညောင်ပင်ဇင်ရွာကို စစ်တပ်စစ်ကြောင်းရောက်နေတယ်လို့ ပြောကြပါတယ်။
စစ်ကြောင်းထိုးနေတဲ့ တလျှောက်မှာလည်း ဒေသခံနဲ့ စစ်ဘေးရှောင် ၆ ယောက်ထက်မနည်း သေဆုံးထားတယ်လို့ နောက်ထပ် စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
စစ်ကြောင်းထိုးတာကြောင့် ရှားရောင်း၊ ကင်း၊ ချောင်းမကြီး၊ ညောင်ပင်ဇင်၊ မင်းကွန်း၊ ထုံးဘို စတဲ့ ကျေးရွာတွေ အပါအဝင် ရွာ ၁၀ ရွာနီးပါးက ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။
အဲဒီကျေးရွာတွေဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားကြရတဲ့ ရွာတွေဖြစ်တယ်လို့လည်း ပြောကြပါတယ်။
"မင်းကွန်းမှာ ရှေးဟောင်းဘုရားတွေ ငလျင်ကြောင့် တော်တော်ထိခိုက်ပျက်စီးတာကို သူတို့ လူကြီးတွေလာဖို့ရှိလို့ နယ်မြေရှင်းလင်းတဲ့သဘောလည်းဖြစ်တယ်။ နောက်ပြီး ဒီဒေသတွေကို ပြန်စိုးမိုးဖို့လည်းပါမယ်"လို့ နောက်ထပ် စစ်ရေးအရင်းအမြစ်က ပြောပြပါတယ်။
စစ်ကိုင်းမြို့နယ် အုန်းတောရွာမှာ အခြေစိုက်တဲ့ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေဟာ ဇွန် ၁၁ ရက်ကစပြီး စစ်ကြောင်းထိုးတာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ ဒေသတွေ ပြန်လည်ထူထောင်ဖို့၊ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့၊ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုပြီး စစ်ကောင်စီက ဇွန် ၁ ကနေ ဇွန် ၃၀ အထိ ယာယီအပစ်ရပ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတပ်တွေ စိုးမိုး လှုပ်ရှားနယ်မြေလို့ မှတ်ယူခံရတဲ့ ဝက်လက်မြို့နယ်နဲ့ ကပ်နေတဲ့ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတာနဲ့ပတ်သက်ပြီး စစ်တပ်က တစုံတရာ မထုတ်ပြန်သေးပါဘူး။








