NCA - တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် မအောင်မြင်ခဲ့တဲ့အချက် ၄ ချက်

အခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလလယ်မှာပဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်ရာ စာချုပ် (NCA) ၁၀ နှစ်ပြည့်အခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး နေပြည်တော်မှာ ပြုလုပ်ပါတယ်။
NCA ထဲ ပါဝင်ခဲ့တဲ့ အဖွဲ့တချို့ တက်တယ်လို့ ဆိုပေမဲ့ အများအားဖြင့်တော့ မူလ ပင်မအဖွဲ့တွေကို ကိုယ်စားမပြုနိုင်တော့တဲ့ ခွဲထွက်အဖွဲ့တွေ ဖြစ်တယ်ဆိုတဲ့ ထောက်ပြသံတွေ ရှိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် NCA လက်မှတ်ထိုး ၆ ဖွဲ့ကတော့ စစ်တပ်ရဲ့တကျော့ပြန် အာဏာသိမ်းခဲ့တဲ့လုပ်ရပ်ဟာ NCA ကို စက္ကူစုတ် အဖြစ်ကို ရောက်သွားစေတယ်ဆိုပြီး ၁၀ နှစ်ပြည့် အခမ်းအနား မတိုင်ခင် ရက်ပိုင်းမှာပဲ စုပေါင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ NCA ပွဲကိုတော့ စစ်တပ်နဲ့ စစ်ရေး ပြဿနာ ရှိမနေပဲ လိုက်လျောညီထွေ ဖြစ်နေဆဲ အဖွဲ့တွေ၊ စစ်တပ်ရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ပူးပေါင်းဆောင်ရွက်ကြမယ့် နိုင်ငံရေး အင်အားစုတွေအပြင် တရုတ်အထူးကိုယ်စားလှယ်အပါအဝင် စစ်တပ်နဲ့ ဆက်ဆံရေး နီးစပ် ကောင်းမွန်နေကြတဲ့ နိုင်ငံတွေက သံတမန်တွေ တက်ခဲ့ကြပါတယ်။
ဒီတော့ NCA ရဲ့ အနှစ်သာရက ဘာလဲ၊ NCA ဆိုတာ အာဏာ သိမ်းပြီး နောက်ပိုင်းကာလ လက်ရှိ စစ်ရေး နိုင်ငံရေး အခုအခြေအနေတွေမှာ ဆီလျော်သက်ဆိုင် အကြုံးဝင်နိုင်နေဆဲလား ... ဆိုတာတွေကို မြန်မာ့အရေး ကျွမ်းကျင်သူ မာတင်စမစ်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ NCA လုပ်ငန်းစဥ်ထဲမှာ ပါဝင်ပတ်သက်ဖူးသူတွေနဲ့ ကျွန်တော် စကားပြောဆိုကြည့်တိုင်းမှာ ဘာကို သတိထားမိသလဲဆိုရင် သူတို့ဟာ စစ်တပ်နဲ့ လက်ရှိ အချိန်မှာ ရပ်တည်မှု မတူသည့်တိုင် NCA ပါ အခြေခံမူတွေ အပေါ် အတိုင်းအတာ တစ်ခု အထိတော့ တန်ဖိုးထားတာတွေ့ရပါတယ်။ နှစ်ကာလ ကြာရှည် ခဲ့ပြီ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် သမိုင်းမှာ NCA ဟာ ဘယ်လို ထူးကဲမှုတွေ ရှိပါသလဲ။
မာတင်စမစ်။ ။ ခင်ဗျားရဲ့ မေးခွန်းဟာ NCA နဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာတွေရဲ့ သရုပ်မှန်ကို လှစ်ဟ ပြသလိုမျိုး ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ NCA ဟာ ဘာ့ကြောင့် အလုပ်ဖြစ် အောင်မြင်တာလဲ ဆိုတာထက်၊ ဘာ့ကြောင့် အလုပ် မဖြစ်ခဲ့သလဲ ဆိုတာကို မေးခွန်းမှာ ထင်ဟပ်နေပါတယ်။
ခင်ဗျား စကားပြောခဲ့တယ် ဆိုတဲ့ သူတွေဟာ ... ကျွန်တော်ထင်ပါတယ် ... NCA ထဲမှာ ပါဝင် လက်မှတ် ထိုးဖူးထားသူတွေ ဖြစ်ပါလိမ့်မယ်။ ဒီတော့ NCA နဲ့ ပတ်သက်ပြီး အကျိုးကျေးဇူး ခံစားဖူးသူတွေ ဖြစ်တော့ NCA ဟာ တန်ဖိုး တစုံတရာတော့ ရှိခဲ့တယ်လို့ ပြောကောင်းပြောကြပါလိမ့်မယ်။ ဒါပေမယ့်၊ ကျွန်တော်တို့ မမေ့သင့်တာကတော့ NCA ဟာ တကယ်တမ်း တစ်နိုင်ငံလုံးကို မလွှမ်းခြုံနိုင်ခဲ့ပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
NCA ကို လက်မှတ် မထိုးတဲ့ အဖွဲ့တွေထဲမှာ တိုင်းပြည်ထဲ အင်အား အတောင့် အတင်းဆုံးလို့ ပြောနိုင်တဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။ အခုအချိန်ထိအောင် NCA ကို ဆုပ်ကိုင်ထားဆဲ အဖွဲ့တွေကို ကြည့်ရင်လည်း အဖွဲ့ တစ်ဖွဲ့၊ နှစ်ဖွဲ့ က လွဲရင် ကျန်တာတွေက မူရင်းပင်မ အဖွဲ့တွေကို ကိုယ်စား မပြုနိုင်တဲ့ ခွဲထွက် အဖွဲ့ခွဲ အဖွဲ့ငယ်တွေ ဖြစ်ပါတယ်။
ဒီအချက်တွေကို ထောက်ပြတဲ့ အတွက် NCA ဆိုတာ မှားယွင်းတဲ့ ရည်မှန်းချက်တွေ အပေါ် အခြေခံပြီး တည်ဆောက်ခဲ့တာလို့တော့ မဆိုလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ဖြစ်စဥ် အစောပိုင်းကတည်းက ပါဝင်ခဲ့သူတွေ၊ လက်မှတ်ထိုးခဲ့သူတွေဟာ မြန်မာနိုင်ငံရဲ့ နှစ်ကာလ တာရှည်ခဲ့ပြီ ဖြစ်တဲ့ ပြဿနာတွေကို စားပွဲဝိုင်း ဆွေးနွေးပွဲတွေကနေ အဖြေရှာနိုင်မယ့် အခွင့်အရေး တစ်ခု အနေနဲ့ NCA အပေါ် ရှုမြင်ပြီး ပါဝင် ပတ်သက်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရှိကြတဲ့ တခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံဟာလည်း "ပဋိပက္ခ ထောင်ချောက်" "conflict trap" ထဲမှာ ပိတ်မိနေခဲ့ပါတယ်။ ဆိုလိုတာက ... နိုင်ငံရေး ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့ အတွက် လက်နက်ကိုင် ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင် .... လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေလို့ နိုင်ငံရေး ပြဿနာကို အဖြေမရှာနိုင် ဆိုတဲ့ သံသရာထဲ လည်နေတာ ဖြစ်ပါတယ်။
ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ အကြောင်း နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး၊ မူလ ပင်လုံစာချုပ်ထဲ ပါဝင် ခဲ့သူတွေနဲ့ကို ကိုယ်တိုင် ထိတွေ့ စကားပြောဆို ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒီတော့ NCA ရဲ့ ထူးကဲမှုက ဘာလဲဆိုတဲ့ ခင်ဗျားရဲ့ မေးခွန်းကို ဖြေရရင်၊ ၁၉၄၈ နောက်ပိုင်းကတည်းက စပြီး တွက်မယ် ဆိုရင်တောင် တစ်စားပွဲတည်းထိုင်ပြီး စကားပြောဆို ဆွေးနွေးလို့ အဖြေရှာနိုင်တဲ့ အခွင့်အရေး ဆိုတာမျိုးဟာ အင်မတန်မှ ကြုံတောင့် ကြုံခဲ ဖြစ်ပါတယ်။
၁၉၄၉ အင်းစိန်တိုက်ပွဲကာလ KNU နဲ့ ဆွေးနွေးတာမျိုး၊ ၁၉၅၈ ဦးနုရဲ့ ဒီမိုကရေစီနဲ့ လက်နက် လဲလှယ်ကြမယ် ဆိုတဲ့ အစီအစဥ်မျိုး၊ ၁၉၆၃ တစ်စိတ်တစ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကလွဲရင်၊ နဝတ လက်ထက် ၁၉၈၉ နောက်ပိုင်း တစ်ဖွဲ့ချင်းစီနဲ့ကြား စစ်တပ်က နှစ်ဘက် အပစ်ရပ် သဘောတူမှုတွေ ယူခဲ့တဲ့ ဖြစ်ရပ်တွေကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။ အခု ပြောခဲ့သမျှဟာလည်း စာချုပ်စာတမ်း ခိုင်ခိုင်မာမာနဲ့ ဘယ်အထိ ဦးတည် ရည်ရွယ်တယ် ဆိုတာမျိုး စနစ်တကျ ရေးသား ချုပ်ဆိုခဲ့ကြတာ မဟုတ်ပါဘူး။ KIO တစ်ခုနဲ့ ကြားမှာပဲ တိတိကျကျ စာနဲ့ ချရေးတာမျိုး ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီတော့ သမိုင်းတလျှောက် လက်ချိုးရေလို့ရတယ် ဆိုတဲ့ ရှားရှားပါးပါး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာလည်း ဘာတွေ ပြောခဲ့ကြတယ် ဆိုတာ အများက မသိနိုင်ကြပါဘူး။ NCA လုပ်ငန်းစဥ် စတင်လာတဲ့ အခါမှာတော့ အားလုံး အတူတကွ တွေ့ဆုံ ဆွေးနွေးနိုင်တဲ့ အခွင့်အရေး တစ်ရပ် အနေနဲ့ အဖွဲ့တော်တော်များများက ရှုမြင်ခဲ့ကြပါတယ်။
အဲဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရ ဖြစ်လာတဲ့ အခါမှာတော့ ၂၁ ရာစု ပင်လုံညီလာခံ ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြုလုပ်လာခဲ့ပါတယ်။ ဒါဟာ လွတ်လပ်ရေးရပြီး နောက်ပိုင်း တောက်လျှောက် ကာလတွေမှာ ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ တကယ်တမ်း ဖြေရှင်းနိုင်တော့မလား ဆိုပြီး မျှော်လင့်ချက်ကောင်းတွေ အမြင့်မားဆုံး ပေါ်ပေါက် လာခဲ့တဲ့ ကာလ အပိုင်းအခြားလို့ ပြောနိုင်ပါတယ်။
၂၀၁၆ ဩဂုတ်လ မှာ စတင် ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ ပဋိပက္ခတွင်း ပါဝင် ပတ်သက်နေတဲ့ အဓိက အဖွဲ့တွေ၊ နိုင်ငံရေး နယ်ပယ်က သူတွေ ခန်းမ တစ်ခုတည်းမှာ အတော်လေး စုံစုံညီညီ စုဝေး နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လူတွေဆီမှာ မျော်လင့်ချက်ကောင်းတွေ အမြင့်မားဆုံး ရှိနိုင်ခဲ့ချိန်လို့ ကျွန်တော် ပြောရတာ ဖြစ်ပါတယ်။
အခုတော့ အဲဒီ မျှော်လင့်ချက်တွေ အားလုံးဟာ ပြိုကျ ပျက်စီး ခဲ့ရပြီ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုပြီး မေးရင် တစ်ခုတည်း သော ဗဟို စစ်တပ် အဖြစ်သာ ရပ်တည်ချင်တဲ့ တပ်မတော် သာလျှင် NCA ထဲ တစ်ခုတည်းသော အဓိက အဖွဲ့ကြီး အဖြစ် ထီးထီးကြီး ကျန်နေခဲ့လို့ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးကို တကယ်တမ်း လွှမ်းခြုံမှု ရှိတဲ့ အဆင့်ထိ ဘယ်တုန်းကမှ မရောက်ခဲ့တဲ့ NCA ဟာ၊ အကောင်အထည် ဖော်ရေး လုပ်ငန်းစဥ်တွေလည်း မဆောင်ရွက် နိုင်ခဲ့ပဲ ... ၂၀၂၁ တပ်မတော်က အာဏာသိမ်း လိုက်တဲ့နောက် အားလုံး အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ဒါပေမယ့်လည်း စစ်အာဏာပိုင်တွေကတော့ သူတို့ဟာ NCA မူဘောင်တွေကို ဆက်ပြီး ကိုင်စွဲ ထားတယ်လို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အဖွဲ့တွေကိုလည်း NCA မူဘောင်တွေထဲကနေ စကားပြောဆို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ဒီတော့ မာတင့်ရဲ့ အမြင်မှာ အခုလို စစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလ လက်ရှိ အခြေအနေတွေမှာ NCA ဆိုတာ တကယ်တမ်း ဆီလျော် အကြုံးဝင်နေဆဲလို့ ထင်လား။
မာတင်စမစ်။ ။ NCA ဟာ ဆီလျော် သက်ဆိုင်မှု ဘာမှ မရှိတော့ပါဘူး။ အကြောင်းကတော့ NCA နဲ့ ပတ်သက်ရင် အဓိက အခြေခံ အချက်ကြီး ၄ ချက် ကျဆုံးမှု၊ ပျက်ကွက်မှုတွေကြောင့် ဖြစ်ပါတယ်။ နံပါတ်တစ်၊ political will လို့ ခေါ်တဲ့ နိုင်ငံရေး စိတ်ဆန္ဒ ကင်းမဲ့နေတယ်၊ နံပါတ်နှစ် ... accomplishment လို့ ခေါ်တဲ့ ပြီးစီး အောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်းမရှိ၊ နံပါတ် သုံး ... inclusion လို့ ခေါ်တဲ့ အားလုံးပါဝင် ပတ်သက်နိုင်ဖို့ရာ ညီမျှတဲ့ အခွင့်အရေးမျိုး လည်း မရှိသလို ... နောက်ဆုံး နံပါတ်လေး အနေနဲ့ စောင့်ကြည့်ရေး monitoring စနစ်လည်း မထူထောင်နိုင်ပါဘူး။
ဒါဟာ အခုအချိန်အတွက် သက်သက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီ အခြေခံ အချက်ကြီးတွေကို တပ်မတော်ဘက်က ဘယ်တုန်းကမှ မလုပ်ဆောင် ခဲ့ပါဘူး။ NCA ဆိုပြီး တစ်ဖက်မှာ လုပ်နေပေမယ့် တစ်ချိန်တည်းမှာပဲ စစ်ကတော့ ဆက်ပြီး တိုက်နေခဲ့ပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ရခိုင်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေ ပါပဲ။ အဲဒီ အချိန်က တပ်မတော်ရဲ့ စစ်ဆင်ရေးတွေဟာ နောင်တစ်ချိန် နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC တို့၊ နိုင်ငံတကာ တရားရုံး ICJ တို့ရဲ့ ပါဝင် ပတ်သက်မှုတွေ ရှိလာစေတဲ့ အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်မှ မဟုတ်ပါဘူး၊ ကရင်တို့ မွန် တို့ အစရှိသဖြင့် NCA ထဲပါဝင်ခဲ့တဲ့ အဖွဲ့တွေ ရှိရာ မျိုးနွယ်စု နေရာတွေကို သွားကြည့်မယ် ဆိုရင်လည်း အလားတူပါပဲ။ ၂၀၂၁ နောက်ပိုင်း ကာလ အခု ပိုပြီး ဆိုးရွားလာတဲ့ အခြေအနေတွေကို အသာထားဦး ... အာဏာ မသိမ်းခင် ကာလတွေမှာတောင် ငြိမ်းချမ်းရေးရဲ့ အရသာ အပြည့်အဝ ရတယ်လို့ ပြောမယ့်သူမျိုး တွေ့နိုင်မှာ မဟုတ်ပါဘူး။ NCA ထဲပါတဲ့ ကရင်နဲ့ မွန် အဖွဲ့တွေလည်း သူတို့ နယ်မြေ ဒေသတွေထဲ ကြုံနေခဲ့ရတာတွေကို ပြောဖို့ ကြိုးစား ခဲ့ကြပေမယ့်လည်း၊ စစ်တပ်ဘက်က ဘယ်တုန်းကမှ ကြေလည်အောင် ဖြေရှင်းပေးတာ မျိုး မရှိခဲ့ပါဘူး။
NCA ဘယ်လောက် ထိရောက် အောင်မြင်ခဲ့တယ်၊ မအောင်မြင်ခဲ့ဘူးလဲ ဆိုတာကို ကျွန်တော့် အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် စီရင်ပိုင်းဖြတ် ပြောဆိုနေတာမျိုး မဟုတ်ပါဘူး။ ဘာတွေ ဖြစ်ပျက်နေခဲ့တယ် ဆိုတာ သက်သေ အထောက်အထားတွေ အပြည့်ပါပဲ။
နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC က အရေးယူနိုင်ဖို့ စုံစမ်းတာ ခံနေရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ မှာ အာဏာသိမ်းလိုက်တဲ့ အခါမှာတော့ NCA ကို တစ်ခါတည်း စုတ်ဖြဲလိုက်တဲ့ သဘောပါပဲ။ ပြောရမယ် ဆိုရင် NCA ကိုတင် မကပါဘူး ... နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး political reform process တစ်ခုလုံးကို ဖျက်ဆီးလိုက်တာပါပဲ။
ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ကို ဦးတည်တဲ့ အဓိက လမ်းကြောင်း ၂ ခု ရှိတာမှာ တစ်ခုကတော့ NCA ကနေ တဆင့် peace process ဆိုတဲ့ ငြိမ်းချမ်းရေး ဖြစ်စဥ် ပေါ်ပေါက်လာဖို့နဲ့ နောက်တစ်ခုကတော့ parliamentary reform လို့ ခေါ်တဲ့ လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲနိုင်ရေး လမ်းကြောင်း ဖြစ်ပါတယ်။ အဲဒီ လမ်းကြောင်း ၂ ခု ပေါင်းစုံတဲ့ အခါတိုင်း ပြည်ထောင်စု အဆင့် သဘောတူမှု union accord တွေ ရလာဖို့ အတွက် လူတွေက မျှော်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အခါ လွှတ်တော်တွင်း ပြုပြင်ရေး လမ်းကြောင်း တစ်ခုလုံးကို စစ်တပ်က ဖျက်သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။ နောက် လမ်းကြောင်း ဖြစ်တဲ့ NCA ပဲ ကျန်ခဲ့တော့တာလား ဆိုရင်လည်း မဟုတ်ပြန်ပါဘူး။ အပစ်ရပ် သဘောတူမှုတွေဟာလည်း တစ်ဖွဲ့ချင်းစီနဲ့ ကြားမှာပါ ကျိုးပေါက်သွားခဲ့ပါတယ်။ ခင်ဗျားသိတဲ့ အတိုင်း ကရင် KNU၊ ချင်း CNF၊ ABSDF စတဲ့ အဖွဲ့တွေနဲ့ကြား တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ မွန်ပြည်သစ်ဆိုလည်း ကွဲ သွားပါတယ်။ အပစ်ရပ်ထားခဲ့တဲ့ ကရင်နီ KNPP လည်း ပြန်လည် တိုက်ခိုက်လာပါတယ်။
အခု စစ်တပ်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO မဟာမိတ် ၇ ဖွဲ့ ဆိုတာကို ကြည့်ရင်လည်း RCSS တစ်ခုပဲ တစ်ဖွဲ့ချင်းအနေနဲ့ ခိုင်ခိုင်မာမာ တောင့်တောင့်တင်းတင်း ရှိတာ ပါပြီး၊ ကျန်တာတွေက သူတို့ ပင်မ အဖွဲ့တွေကနေ ကွဲထွက်လာတဲ့ breakaway အဖွဲ့ခွဲတွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ တရားဝင် ကိုယ်စားပြုမှု ရှိတယ်လို့ မပြောနိုင်ပါဘူး။ အဲဒီလို အဖွဲ့တွေနဲ့ စုပြီး NCA ၁၀ နှစ်ပြည့် လုပ်တယ် ဆိုရင်လည်း ဓာတ်ပုံ ရိုက်ကောင်းရုံလောက်တော့ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်၊ ဘာအဓိပ္ပာယ်မှတော့ မရှိပါဘူး။
အဲဒီလို စုပြီး ဓာတ်ပုံ အရိုက်ခံတာထက် မြန်မာနိုင်ငံ အခု ကြုံတွေ့နေရတဲ့ ပြဿနာက အဆမတန် နက်ရှိုင်း လွန်းလှပါတယ်။ အစဥ်အဆက် မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေ ရှိနှင့်ခဲ့ပြီး မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီး နောက်ပိုင်း အခြေအနေ တွေဟာ ပိုလို့တောင်မှ ရှုပ်ထွေး ဆိုးရွားလာခဲ့ပါတယ်။ ဘယ်လို အခြေအနေမျိုး မှာပဲ ဖြစ်ဖြစ် ပဋိပက္ခ ဖြေရှင်းရေး conflict resolution ဆိုတာ ပေါ်ပေါက်နိုင်တယ်၊ ပြဿနာတွေကို နိုင်ငံရေးနည်းနာနဲ့ အဖြေရှာနိုင်တယ် ဆိုတဲ့ အယူအဆ ပေါ်မှာ ကျွန်တော်ဟာ သက်ဝင်သူ ဖြစ်ပါတယ်။
ဒါပေမယ့်၊ အဲဒါတွေ အတွက် NCA ကတော့ "အစမှတ်- starting point" မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်း political landscape ကြီး တစ်ခုလုံးဟာ အာဏာသိမ်းပြီး နောက်ပိုင်း လုံးလုံး ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ပါတယ်။ NCA ထဲ နဂိုကတည်း မပါဝင်ခဲ့တဲ့ အဖွဲ့တွေ ဆိုရင်လည်း အခုအချိန်မှာ ပိုပြီး အင်အားကြီး လာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ ဘာကိုလိုချင်တယ်၊ ဘာကို ရည်မှန်းတယ်၊ ဘယ်လို လုပ်ကြမယ် ဆိုတဲ့ အပေါ်တွေမှာလည်း သူတို့ ကိုယ်တိုင် သူတို့ကိုယ်သူတို့ ပိုပြီး သိမြင် သဘောပေါက်လာခဲ့ကြပြီ ဖြစ်ပါတယ်။ ဒီတော့ NCA လက်မှတ် ထိုးပြီး အခု ပြန် တိုက်ပွဲ ဖြစ်နေသူတွေရော၊ လက်မှတ်ထိုး မထားတဲ့ သူတွေပါ ဘယ်သူမှ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေးရဲ့ "အစမှတ် - starting point" အနေနဲ့ NCA ဆီ ပြန်သွားကြတော့မှာ မဟုတ်ပါဘူး။
နောက် အရေးကြီးတဲ့ အချက်ကတော့ NCA ဟာ အခု ၁၀ နှစ်ပြည့်ပါပြီ။ ဒုတိယကမ္ဘာစစ်ကြီး တစ်ခုလုံးတောင် ၅ နှစ်ပဲ ကြာခဲ့တာပါ။ ၁၀ နှစ်ကြာတဲ့ အထိ ပြီးမြောက်အောင်မြင်မှု မရှိနိုင်ခဲ့တဲ့ အရာကို ငြိမ်းချမ်းရေး ဖြစ်စဥ် အနေနဲ့ ဘယ်လို ခေါ်နိုင်မှာတဲ့လဲ။ တပ်မတော် အနေနဲ့ကလည်း NCA ဆိုတာဟာ စစ်မှန်ပြီး တန်းတူညီမျှတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ မဟာဗျူဟာ ဆိုတာ ထက် စာရင်၊ State control လို့ ခေါ်တဲ့ ဗဟိုချုပ်ကိုင်နိုင်စွမ်း ပိုပြီး ရှိလာစေရေး မဟာဗျူဟာ အဖြစ် အသုံးချလိုတာ ဖြစ်ပါတယ်။
သူတို့နဲ့ လာပြီး အပစ်ရပ် လက်မှတ်ထိုးကြတဲ့ အဖွဲ့တွေ အပေါ် သူတို့ ရည်မှန်းတာကတော့ သူတို့ရဲ့ ဩဇာခံ နယ်ခြားစောင့်တပ် BGF ဒါမှမဟုတ် ပြည်သူ့စစ် အဖွဲ့တွေ အဖြစ် အသွင် ပြောင်းလဲ ပစ်ရေးကိုသာ လိုလားတာ ဖြစ်ပါတယ်။ အခုနက ပြောခဲ့တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး အဆင့် ဆိုတာမျိုး ရောက်ဖို့ အထိ တကယ်တမ်း ဘယ်တုန်းကမှ ရည်မှန်းချက် ထားခဲ့ဟန် မရှိပါဘူး။
အခုလည်း နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုကြောင်း စစ်တပ်ဘက်က ပြသလိုတယ် ဆိုရင် စလုပ်ရမှာက အရပ်သူ အရပ်သားတွေ၊ အရပ်ဘက် နေရာထိုင်ခင်းတွေပါမချန် ဗုံးကြဲနေတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေကို အခုချက်ခြင်း ရပ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ဒါပေမယ့် မာတင်ရေ ... မာတင်ကိုယ်တိုင်လည်း NCA အကြောင်း အတော်လေး ပြည့်ပြည့်စုံစုံနဲ့ အသေးစိတ်တွေ ပါဝင်တဲ့ အစီရင်ခံစာ ကိုယ်တိုင် ရေးခဲ့သူ ဖြစ်လို့ NCA အရေး ကျွမ်းကျင်သူလို့ ပြောနိုင်မယ် ထင်ပါတယ်။ မာတင် အခုနက ပြောခဲ့တဲ့ KNU၊ CNF စတဲ့ အဖွဲ့တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တော်လှန်ရေး အဖွဲ့တွေ ဟာ NCA ထဲ လက်မှတ် ရေးထိုး ခဲ့ကြတဲ့ အတွက် စစ်တပ်နဲ့ အဲဒီ အဖွဲ့တွေကြား ဘုံ သဘောတူထားတဲ့ အခြေခံ အချက်တွေ၊ နားလည်မှုတွေ NCA ထဲ အသင့် ရှိနေပြီး ဖြစ်ပါတယ်။ လက်ရှိ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ ကို လျှော့ချနိုင်ရေး အတွက် သဘောတူမှုတွေ ရှိနှင့်ပြီး NCA ကို အခုအချိန်မှာ ဘာလို့ ပြန်ပြီး အသုံး မပြုနိုင်ရမှာလဲ ခင်ဗျ။
မာတင်စမစ်။ ။ တိုင်းပြည်ထဲက လူတွေထဲ ခင်ဗျားနဲ့ သဘောတူသူ ရှိကောင်း ရှိပါလိမ့်မယ်။ ကျွန်တော် ထောက်ပြချင်တာကတော့ ပြည်ထောင်စု အခြေခံ ပင်လုံ တွေ့ဆုံမှု ဆိုတာ ၅ ရက်ပဲ ကြာခဲ့ပါတယ်။ အဲဒီ ၅ ရက် အတွင်း တန်းတူညီမျှရေး equality၊ စည်းလုံးညီညွတ်ရေး unity နဲ့ ပြည်ထောင်စု union အဖြစ် ထူထောင်ရေး ဆိုတဲ့ အခြေခံ မူကြီး ၃ ချက် ရနိုင်ခဲ့တာ ဖြစ်ပါတယ်။
NCA ထဲက ဘယ်အချက်ဟာတော့ဖြင့် အခု အချိန်မှာလည်း ဆွဲကိုင်ထားသင့်တဲ့၊ ပြန်လည် အသက်သွင်းသင့်တဲ့ အရေးကြီးဆုံး အချက်လဲ ဆိုတာကို ဆွဲထုတ်ဖို့ ဆိုရင် တစ်နာရီထက် ပိုပြီး အချိန်ယူစရာ လိုမယ် မထင်ပါဘူး။ ဘယ်အရာက အရေးကြီးဆုံး အချက်လဲ ဆိုရင် "ဖက်ဒရယ် ပြည်ထောင်စု" အဖြစ် တည်ဆောက်ရေး ဆိုတဲ့ မူပဲ ဖြစ်ပါတယ်။ အဲဒီ အပေါ် အားလုံးက သဘောတူထားတာ ဖြစ်ပါတယ်။
အဲဒီ ဖက်ဒရယ် ပြည်ထောင်စု မူ အတိုင်း သွားဖို့ရာမှာတော့ ၁၀ နှစ်ကြာလည်း အလုပ်မဖြစ် ... မပြီးမြောက်နိုင်ခဲ့တဲ့ ၊ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း ပုံဖော် မပေးနိုင်ခဲ့တဲ့ NCA အတိုင်း သွားမှ ဖြစ်မယ် ဆိုတာမျိုးဟာ အဓိပ္ပာယ် ရှိမှာ မဟုတ်ပါဘူး။
အခု ဘာတွေ တိုးတက် ဖြစ်ပေါ်လာခဲ့သလဲ ဆိုရင် တိုင်းရင်းသား အဖွဲ့အစည်းတွေ သာမက၊ မကွေး စစ်ကိုင်း က ဗမာ တွေ အပါအဝင် တနိုင်ငံလုံး အနှံ့မှာ လူတွေဟာ ကိုယ့်ဒေသတွေမှာကိုယ် ကိုယ်ပိုင် စီမံ အုပ်ချုပ်ခန့်ခွဲမှုတွေကို ဖော်ဆောင် လာကြပါတယ်။ အဲဒီလို နေရာမျိုးတွေဟာ စစ်တပ်က တကယ်တမ်း ကိုင်တွယ် စီမံနိုင်စွမ်း ရှိတဲ့ နေရာတွေထက် ပိုပြီး များပါတယ်။
အာဏာသိမ်းတာဟာ တပ်မတော် ဘက်က အင်မတန်မှကို အတွက်အချက် လွဲမှားပြီး ပြုမူခဲ့တာ ဖြစ်ပါတယ်။ သူတို့လက်ထဲမှာ အပိုင်ကိုင်ထားနိုင်တာတွေ အများကြီး ရှိနေရက်သားနဲ့ကို အတော်ကြီးမားတဲ့ အမှားအယွင်းမျိုး မလိုအပ်ပဲ ကျုးလွန်ခဲ့တာ မျိုးပါ။ အလုံးစုံ အာဏာ ချုပ်ကိုင် နိုင်မလား ဆိုပြီး ကြီးမားတဲ့ အလောင်းအစားမျိုး လုပ်ခဲ့တာ ဖြစ်ပါတယ်။ တတိုင်းပြည်လုံးအနှံ့ လူတွေဟာ သူတို့အပေါ် အခုလောက် အတိုင်းအတာ ပမာဏမျိုး အထိ ဆန့်ကျင် လာကြလိမ့်မယ်လို့ သူတို့ ထင်မထားခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, NUG
တိုင်းရင်းသား အဖွဲ့တွေကိုကြည့်ရင် ရခိုင်၊ ကရင်၊ ကရင်နီ၊ ကိုးကန့်၊ တအာင်း၊ ကချင်၊ ချင်း အစရှိသဖြင့် နေရာတိုင်းမှာ သူတို့ ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးတွေ ထူထောင်ထားပါတယ်။ သူတို့ အနေနဲ့ အခုအချိန်မှာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ကိစ္စ ပြောမယ်ဆို ပြောမယ့်သူတွေ ချည်းပါပဲ။ ဒီတော့ NCA ထဲက ဒီ ဖက်ဒရယ်ပြည်ထောင်စု မူ ဆိုတာကို ယူမယ်ဆို ယူနိုင်ပါတယ်။ ခင်ဗျား ပြောသလိုပဲ၊ အဲဒီမှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေလည်း ရှိနေတဲ့ အတွက် ဒီ အပေါ် သဘောတူထားပြီး ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီ အထဲမှာ စစ်တပ်ကိုယ်တိုင်လည်း ပါဝင်သလို၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD လည်း ပါဝင်ပါတယ်။
NCA ထဲကနေ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်ရေး မူ ဆိုတဲ့ အနှစ်သာရကို ထုတ်နှုတ်ယူဖို့ ဆိုတာ ကျနော် ပြောခဲ့သလိုပဲ ၁ နာရီလောက်နဲ့ ပြီးသွားနိုင်မှာတယ်။ အဲဒီ နောက်မှာ တကယ် ထူထောင်နိုင်ရေး အတွက် ကျိုးကြောင်း ညီညွတ်တဲ့ လုပ်ငန်းစဥ်မျိုးနဲ့ ရှေ့ဆက် လုပ်ဖို့ လိုပါတယ်။ ကျိုးကြောင်း ညီညွတ်တဲ့ လုပ်ငန်းစဥ် ဆိုတာ စစ်တပ်ကသာ အာဏာဩဇာ လွှမ်းမိုး ကြီးစိုးနေပြီး ညသူ စိတ်မထင်ရင် မထင်သလို တိုက်ခိုက်ချင်တဲ့ နေရာတွေမှာ တိုက်ခိုက်တာမျိုးတွေ မပေါ်ပေါက် စေနိုင်တဲ့ ... တကယ် အသက်ဝင်တဲ့ စောင့်ကြည့် ထိန်းကြောင်းရေး ယန္တရားနဲ့ တကွ လုပ်ငန်းစဥ်မျိုးကို ဆိုလိုပါတယ်။
ဒါတွေဟာ လွယ်ကူမယ်လို့ ကျွန်တော်ပြောနေတာ မဟုတ်သလို၊ အဖွဲ့အစည်း တစ်ခု အပေါ်မှာပဲ အပြစ်ပုံချတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့်၊ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကြာ ကာလအတွင်းမှာ မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခ အခြေအနေဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်သွားခဲ့ပါတယ်။ လူတွေ အပေါ် သက်ရောက်တဲ့ အတိဒုက္ခတွေက ကြီးမားလှပြီး နိုင်ငံတကာ ပဋိပက္ခ မျက်နှာစာမှာ မြန်မာဟာ ဆိုမာလီယာ၊ ဆူဒန်၊ ယူကရိန်း စတဲ့ နိုင်ငံတွေနဲ့ တန်းတူ အခြေအနေမျိုးထိ သက်ဆင်း သွားပါတယ်။ ဒါကို အဆုံးသတ်မှ ဖြစ်ပါလိမ့်မယ်။
တစ်ချိန်က မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခထဲမှာ အဓိက ဇာတ်ကောင် ဖြစ်ခဲ့ဖူးတဲ့ ခွန်ဆာက ကျွန်တော့်ကို ပြောဖူးတာ တစ်ခုကို ပြန်ပြောင်း ပြောပြချင်ပါတယ်။ "မြန်မာနိုင်ငံထဲ ဖြစ်နေတာက တကယ့် စစ်ပွဲ မဟုတ်ဘူးဗျ" လို့ သူက ပြောတယ် ... စစ်ပွဲ ဆိုတာ အစ ရှိရမယ်၊ အဆုံး ရှိရမယ်၊ ရည်မှန်း ဦးတည် ချက်တွေ ရှိရမယ်။ အနှစ် ၇၀ ကျော် မပြီးနိုင်မစီးနိုင် ဖြစ်နေတာကို စစ်ပွဲလို့ မခေါ်နိုင်ဘူးလို့ ဆိုတယ်။
ဒါဟာ စစ်တပ်က တောက်လျှောက် ကျင့်သုံး နေခဲ့တဲ့ အချက်ကို အတော်လေး ပေါ် လွင် စေပါတယ်။ အပြီးတိုင် အဖြေ မထွက်နိုင်တဲ့ ... ပြဿနာ တို့လို့တန်းလန်း ကျန်နိုင်တာမျိုးတွေကိုပဲ စစ်တပ်က လုပ်ဆောင် နေခဲ့ပါတယ်။ ဥပမာအားဖြင့် BGF နဲ့ ပြည်သူ့စစ် အဖွဲ့တွေ အဖြစ် အသွင် ပြောင်းလဲရေး လို ကိစ္စမျိုးတွေကို ဆိုလိုပါတယ်။ အမှန်က စစ်တပ် အပါအဝင် လက်နက်ကိုင် အဖွဲ့ အားလုံးကိုယ်တိုင် ဖက်ဒရယ် စစ်တပ်ကြီး ဖြစ်လာဖို့ အသွင် ပြောင်းရမှာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာအပေါ် ဖက်တွယ် ထားလိုတဲ့ ကျဥ်းမြောင်းတဲ့ အမြင်ရှိတဲ့ ဦးဆောင်မှုအောက်ကို ရောက်နေပါတယ်။ ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ကိုင်တွယ် လာခဲ့သည်တိုင်၊ နိုင်ငံရေး အရ မဖြေရှင်းပဲနဲ့တော့ military might လို့ ခေါ်တဲ့ စစ်ရေး အင်အားကြီးမားမှု သက်သက်နဲ့ အဖြေရှာနိုင်မှာ မဟုတ်ဘူး ဆိုတာကို တကယ်တမ်း သက်ဝင်ယုံကြည်မှု ရှိဟန် မတူပါဘူး။
ဒီတော့ NCA အကြောင်း ပြန်သွားရရင်၊ ကျွန်တော်တို့ အဓိက အာရုံစိုက်ရမှာက NCA ဘာ့ကြောင့် မအောင်မြင်ရသလဲ ... ဘယ်နေရာတွေမှာ မှားယွင်းခဲ့လို့လဲ ဆိုတဲ့ အပေါ် ဖြစ်ပါတယ်။ NCA ထဲ ပါတဲ့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး အတွေးအခေါ်ဟာ မှန်ကန်တယ် ... အားလုံးလည်း လိုချင်တယ် ဆိုရင် အဲဒီ မှန်ကန်တဲ့ အချက်ကိုပဲ ယူလိုက်နိုင်ပါတယ်။ ပြီးရင် ပိုကောင်းတဲ့ လုပ်ငန်းစဥ်မျိုးကို ထူထောင်ဖို့ လိုပါတယ်။ ပိုကောင်းတဲ့ လုပ်ငန်းစဥ် ဆိုတာ အရင်ကထက် အချက်အလက် အားလုံးကို ပိုပြီး ထည့်သွင်း စဥ်းစားတဲ့၊ ပိုပြီး နားလည် သိမြင်တဲ့၊ အရင်ကထက် အားလုံးပါဝင် ပတ်သက်ခွင့် ပိုရှိနိုင်တဲ့ လုပ်ငန်းစဥ်မျိုးကို ဆိုလိုပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ဘီဘီစီ။ ။ အာဏာသိမ်းပြီးနောက် လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကို ကြည့်ရင် စစ်တပ်ဟာ အဓိက ပါဝင် ပတ်သက်သူ ဖြစ်ပြီး၊ စစ်ကိုမှ အဆုံးသတ် ချင်တယ် ဆိုရင် သူတို့ဟာ အဓိက ဆွေးနွေးဘက် dialogue partner ဖြစ်ရမှာမျိုး မဟုတ်ဘူးလား မာတင်ရေ။ ဒီတော့ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ ဆိုရင် ပထမဆုံးတော့ အပစ်ရပ်ဖို့ လိုမယ် ... အပစ်ရပ်ဖို့ ဆိုရင် ရှိလက်စ NCA ဆိုတာကို အပစ်ရပ်ရေး ဆွေးနွေးဖို့ရာ ပလက်ဖောင်း အနေနဲ့ ပြန်ပြီး အသုံးမချနိုင်ဘူးလား ... ဒါကို ကျွန်တော် ဆန်းစစ်နေတာ ဖြစ်ပါတယ်။
မာတင်စမစ်။ ။ ခင်ဗျားရဲ့ မေးခွန်းမှာကို တပ်မတော်ဟာ သူတို့ ဩဇာ လွှမ်းမိုးနိုင်ရေး အတွက် NCA ကို ကိရိယာပစ္စည်း တန်ဆာပလာ တစ်ခု အဖြစ် ပြောင်းလဲ အသုံးချတဲ့ အချက် ပေါ်လွင်နေပါတယ်။ ဒီ စာချုပ်မှာ အဖွဲ့တချို့ပဲ ပါဝင်တာဖြစ်ပြီး၊ ဝင်ပြီး လက်မှတ် ထိုးမထားတဲ့ အင်အားကြီး အဖွဲ့တွေ ရှိနေပါတယ်။ ဒီတော့ တနိုင်ငံလုံးကို တကယ်တမ်း လွှမ်းခြုံနိုင်မှု မရှိတဲ့ ဒီ စာချုပ် အပေါ် မှာပဲ မူတည်လို့ စပြီး စကားပြောကြရမယ် ဆိုတဲ့ နေရာ အဖြစ် ဘယ်လို သတ်မှတ်နိုင်မှာလဲ။
နိုင်ငံရေး စကားပြောဆိုမှုဆိုတာ ကိုယ့် တောင်းဆိုချက်တွေက ဒါတွေ .. ဒါတွေ ... အဲဒါတွေကို လက်ခံရမယ် ဆိုပြီး ပြောတာမျိုး မဟုတ်ပါဘူး။ အဲဒီလို သဘောထားမျိုး ရှိတဲ့ စစ်တပ်ရဲ့ တောင်းဆိုချက်တွေကြောင့်လည်း NCA ထဲ မပါဝင်ပဲ နေခဲ့တဲ့ အဖွဲ့တွေ ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို လွှမ်းခြုံမှု မရှိ ... ရှေ့ဆက်မတိုးနိုင်ပဲ ကြန့်ကြာနေခဲ့တဲ့ NCA ဟာ အခု အာဏာသိမ်းပြီး နောက်ပိုင်းနှစ်တွေမှာဆို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကိုယ်တိုင် ပြန်ပြီး တိုက်ခိုက်လာတဲ့ အတွက် ပိုပြီးတော့တောင် အားပျော့သွားပြီ ဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေ ရပ်ဖို့က အစ ဆွေးနွေးကြတဲ့ အခါ တပ်မတော် ပါဝင်မှ ဖြစ်မယ် ဆိုတဲ့ အချက်က မမှားပေမယ့်၊ သူတို့ကိုယ်တိုင်ဟာ အင်မတန်မှ အတွေးအမြင် အမှား၊ အာရုံ အမှားတွေနဲ့ ရောထွေးနေခဲ့ပါတယ်။ သူတို့ရဲ့ ရှေ့ဆက်ရမယ့် ခြေလှမ်းဟာ စစ်ရေး အနေနဲ့လား နိုင်ငံရေး အနေနဲ့လား ဆိုတာကို မပိုင်းခြား နိုင်ပါဘူး။ သူတို့ကိုယ်သူတို့ ပြင်ဆင် ထားတာတွေဟာ အင်မတန် စိတ္တဇဆန်လှပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တပ်မတော်ဟာ အမျိုးသား နိုင်ငံရေးရဲ့ ဦးဆောင်မှု ကဏ္ဍမှာ ရှိနေရမယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အာဏာ ပြန် အပ်နှင်းထားပါတယ်။ တခါ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် NCA ထဲ ကျပြန်တော့လည်း NCA ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ DDR၊ SSR လို့ ဆိုတဲ့ စစ်ရေး နည်းနာ ဟန်ပန်တွေ လျှော့ချရေးနဲ့ လုံခြုံရေး ကဏ္ဍ အသွင်ပြောင်းရေး ဆိုတာတွေဟာ ကျန်တဲ့ အဖွဲ့တွေသာ လုပ်ရမှာ၊ တပ်မတော်ကို ပြောင်းလဲရမှာမဟုတ်ဘူး ... တပ်မတော်နဲ့ မဆိုင်ဘူး ဆိုတဲ့ ရပ်တည်မှုမျိုး ကိုင်စွဲပါတယ်။ သူတို့က စစ်ရေး တည်ဆောက်မှု လျှော့ချရေး demilitarized မလုပ်တဲ့ အပြင် ပိုပြီးတော့တောင် ခိုင်မာစေပါတယ်။
အခြေခံ ဥပဒေထဲမှာ စစ်တပ်အတွက် အာဏာတွေ သီးသန့် ပေးထားတာမျိုးတွေနဲ့ အမြစ်တွယ်ထားစေသလို၊ တပြိုင်တည်းမှာပဲ သူတို့ ဩဇာခံ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အဖြစ် အသွင်ပြောင်းစေတာမျိုးတွေ လုပ်ပြီး တစ်နိုင်ငံလုံး အနှံ့ စစ်ရေး တိုးချဲ့ တည်ဆောက်ခဲ့ပါတယ်။ ဒါတွေဟာ စစ်တပ်က ပြောတဲ့ ဆွေးနွေးရေးတို့၊ ငြိမ်းချမ်းရေးတို့၊ နိုင်ငံရေး အသွင်ပြောင်းမှုတို့ မအောင်မြင်ရတဲ့ အခြေခံ အချက်တွေထဲက တချို့ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်း ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ကရင် ကိုယ်စားလှယ် အဖွဲ့ တစ်ခုနဲ့ တွေ့ဆုံတုန်း ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ် ... "ကျုပ်တော့ ကျားမြီးဆွဲမိနေပြီ၊ ခင်ဗျားတို့ ကူမှ ရမယ်" လို့ ဆိုပါတယ်။ အဲဒါ အမှန်ပါပဲ၊ သူတို့ လုပ်တာတွေ အောင်မြင်ချင်ရင် အများက လက်ခံနိုင်တဲ့ ပုံစံ ဖြစ်ဖို့ လိုပါတယ်။
ဒါပေမယ့် စစ်တပ်ဟာ ခေတ် အဆက်ဆက်ပဲ သူတို့နည်း သူတို့ဟန်နဲ့ပဲ ထင်ရာစိုင်းခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီး နေဝင်း ခေတ် မြန်မာ့နည်း မြန်မာဟန် ဆိုရှယ်လစ် ဆိုပြီး လုပ်ခဲ့ပါတယ်။ တကယ်တမ်းလည်း ဆိုရှယ်လစ် ဆိုတာ ဘာမှန်း မသိပဲ သူတို့ ထင်ရာ လုပ်တာပါ။ နဝတ နအဖ ခေတ် တံခါးဖွင့် စီးပွားရေး၊ စျေးကွက် အခြေခံ စီးပွားရေး စနစ် ဆိုတာလည်း ထို့ အတူပါပဲ။ စျေးကွက် စီးပွားရေး ဆိုတာ ဘာမှန်း မသိပဲ စစ်တပ်က ထင်ရာလုပ်ပြန်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်အရာမှ အလုပ်မဖြစ်ခဲ့၊ မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်မှာတော့ အရပ်သား အစိုးရ အသွင် ကူးပြောင်းရေး လမ်းစ ပေါ်ပေါက်လာပါတယ်။ တကမ္ဘာလုံးက ဝိုင်းပြီး ထောက်ခံ အားပေးကြ၊ ပံ့ပိုးကြပါတယ်။ သူတို့အတွက် တိုက်ရိုက် အကျိုးအမြတ်တွေ ရှိနေတဲ့ အိမ်နီးချင်း တရုတ်နဲ့ ထိုင်းလောက်ကပဲ ဝန်းရံတာမျိုး မဟုတ်ပါဘူး။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အနောက်နိုင်ငံတွေကပါ မြန်မာနိုင်ငံထဲက ငြိမ်းချမ်းရေး လုပ်ငန်းစဥ် အလုပ်ဖြစ် အောင်မြင်နိုင်ဖို့ မျှော်လင့်ခဲ့ကြ၊ အားပေးခဲ့ကြပါတယ်။
အခု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒါကို ဘာလုပ်ပစ်ခဲ့သလဲ ဆိုတာကို ကြည့်ပါ။ သူ့မှာ နိုင်ငံရေး အတွေးအခေါ် မရှိပါဘူး။ သူ ယုံကြည် သက်ဝင်တဲ့ နိုင်ငံရေး စနစ် ဆိုတာမျိုးလည်း မရှိပါဘူး။ သူတို့ ကိုင်စွဲတယ် ဆိုတဲ့ ၂၀၁၈ ဖွဲ့စည်းပုံကိုတောင် မလေးစား မလိုက်နာပဲ ပြုမူခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ စံချိန် စံညွှန်းတွေကို လိုက်နာဖို့ ဆိုတာကတော့ အဝေးကြီးမှာပါ။ ဒါ့ကြောင့်လည်း ICC က စုံစမ်းတာ ခံရတဲ့ အခြေအနေထိ ရောက်လာတာ ဖြစ်ပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲတွေ အနေနဲ့ အခု ဆိုရင် သူတို့မှာ တိုင်းပြည်ကို တကယ်တမ်း မချုပ်ကိုင် နိုင်သလို၊ တရားဝင်မှု legitimacy ဆိုတာလည်း မရှိတော့ပါဘူး။
စစ်အာဏာပိုင်တွေ အနေနဲ့ လက်ရှိ ပကတိ အခြေအနေတွေ အပေါ် အရင်းခံ အတိုင်း မျက်မှောက်ပြု သိမြင်နိုင်စွမ်း ရှိတဲ့ realist တွေ ဖြစ်မယ် ဆိုရင်တော့ လက်ရှိ ဟာတွေကတော့ အလုပ်မဖြစ်တော့ဘူး ဆိုတာကို သိမြင်နားလည်ပြီး၊ သူတို့ ဘက်က ပြုပြင် ပြောင်းလဲဖို့လိုပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဥ် အသစ်တစ်ခုကို စတင်ရမှ ဖြစ်မယ် ဆိုတာကို သူတို့ သဘောပေါက် သင့်ပါတယ်။ ဟုတ်ပါတယ် ... သူတို့ဟာ ပဋိပက္ခ ပြေငြိမ်းနိုင်ရေးမှာ ဆွေးနွေးဘက် dialogue partner ဖြစ်တယ် ဆိုတဲ့ အချက်က မှန်ပါတယ်။ ဒါပေမယ့် သူတို့ အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဥ် အထမြောက်လာရေး ဝိုင်းဝန်း ကြိုးစားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ဖို့ လိုပြီး၊ ငြိမ်းချမ်းရေးကို ပျက်စီးစေတဲ့ အဓိက အနှောင့်အယှက် အဟန့်တာကြီး ဖြစ်မနေဖို့ အရေးကြီးပါတယ်။
စစ်တပ်ဟာ ငြိမ်းချမ်းရေး အတွက် အဓိက ခလုတ်ကန်သင်းကြီး ဖြစ်နေတယ် ဆိုတဲ့ အချက်ဟာ ၁၉၆၂ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းချိန်က စလို့ အခု အချိန်ထိအောင် မှန်နေတဲ့ ဝမ်းနည်းစဖွယ် ပကတိ သရုပ်မှန် ဖြစ်ပါတယ်။ တခြား အဖွဲ့တွေမှာလည်း ကိုယ်စီ ယူရမယ့် တာဝန်တွေ မရှိဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ အားလုံးကလည်း နိုင်ငံရေး အရ အဖြေရှာနိုင်မှပဲ ရေရှည် ငြိမ်းချမ်းနိုင်မယ် ဆိုတဲ့ အချက်ကို သိမြင်ထားကြပါတယ်။
ခက်တာက တပ်မတော်ဘက်က ဘာလုပ်မယ် ဆိုတာကို ဘယ်လိုမှ စိတ်ချ ယုံကြည်လို့ မရ၊ မမှန်းဆနိုင် ဖြစ်နေရတာမျိုးပါ။ စစ်ခေါင်းဆောင် ဘာလိုချင်တယ်၊ ဘာလုပ်မယ်၊ ဘာဆုံးဖြတ်မယ် ဆိုတာ ဘယ်သူမှ မသိပါဘူး။ အခု နောက်ဆုံး အာဏာသိမ်းတော့လည်း ထို့ အတူပါပဲ။ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက် မတိုင်ခင် အထိ စစ်တပ်က ဘာလုပ်လာမယ် ဆိုတာ ဘယ်သူမှ အတိတကျ မသိရပါဘူး။
ဒီလို စစ်အာဏာရှင် စရိုက် အပေါ်မှာ အခြေခံပြီးလို့တော့ ဘယ်လို အသွင်ပြောင်းလဲရေး ကိုမှ အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ အဲဒီ အချက်အပေါ် ကျွန်တော် အခိုင်အမာ ထပ်လောင်း ပြောချင်ပါတယ်။ ကျွန်တော်ဟာ ကျန်ခဲ့တဲ့ အနှစ် ၄၀ လုံးလုံး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖြစ်စဥ် အထမြောက်လာဖို့၊ ပြန်လည် ပေါင်းစည်း ညီညွတ်ကြဖို့၊ ပြောဆို ဆွေးနွေးမှုတွေ အထမြောက်လာဖို့ တတ်စွမ်းသလောက် ကူညီခဲ့ပါတယ်။
ကျွန်တော် ပါဝင် ပတ်သက်ခဲ့တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ အပစ်ရပ်ရေး အစည်းအဝေးတွေ ဆိုတာ မနည်းလှပါဘူး။ အဲဒါတွေ အားလုံးဟာ လက်ရှိ စစ်ခေါင်းဆောင်ကြောင့် အားလုံး ပျက်စီး သွားခဲ့ပါတယ်။ ဒီတော့ ... မြန်မာနိုင်ငံထဲက ဒုက္ခတွေကို အမြန်ဆုံး ပြေပျောက် နိုင်စေရေး အင်မတန်မှ လိုလားသူ တစ်ယောက် အနေနဲ့ စစ်တပ်ရဲ့ ရပ်တည်ချက် အပေါ် မီးမောင်းထိုး မပြောပဲနဲ့တော့ ကျွန်တော်အနေနဲ့ ဒီအချိန်မှာ နှုတ်ဆိတ် နေဖို့ ဆိုတာ ဘယ်လို မှ မဖြစ်နိုင်ပါဘူး။








