ဂါဇာမှာ နောက်ဆက်တွဲပြဿနာတွေ ကြီးထွားလာနိုင်တယ်လို့ ကုလသတိပေး - အောက်တိုဘာ ၁၀ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဂါဇာမှာ အစ္စရေးက အလုံးစုံ ထိန်းချုပ်ဖို့ လုပ်နေတဲ့ နောက်မှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ကုလလက်အောက်ခံ အဖွဲ့တွေက သတိပေးထားပါတယ်။

ဂါဇာမှာ ရောက်နေတဲ့ ယူကေက ဆရာဝန် ဒေါက်တာ အဗ္ပဒူ ကွာဒီယာ ဟာမက်ကတော့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ညက အလွန် ခက်ခဲတဲ့ည တစ်ညပါ၊ ဗုံးတွေကြဲ ၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ် ၊ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတာ၊ တိုက်တခုလုံး တုန်နေတာပဲ ၊ တကယ့်ကို ဆိုးရွားတဲ့ညပါလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဟားမတ်စ် အဖွဲ့က အစ္စရေးတောင်ပိုင်းမှာ တိုက်ခိုက်မှုအတွင်း အစ္စရေး ဘက်က လူ ၉၀၀ လောက် သေဆုံးခဲ့ရပြီး ဒါကို လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးတို့က ဂါဇာတစ်ခုလုံး ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ရိက္ခာနဲ့ သောက်သုံးရေ ဂါဇာကို ပို့ဆောင်မှုတွေကို အစ္စရေးက ဖြတ်တောက်ထားတဲ့အပေါ် စိုးရိမ်ကြောင်း ကုလ ကလေးများ အေဂျင်စီက ပြောပါတယ်။

တစ်ချိန်တည်းမှာ ကုလအတွင်းရေးမှူးချုပ်ကလည်း အစ္စရေးတို့ ဂါဇာကို ထိန်းချုပ်ထားတာဟာ တရားမဝင်ဘူး၊ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကလည်း ဂါဇာထဲကို လူမှုကယ်ဆယ်ရေး အကူအညီတွေ ဝင်ပေးခွင့်ရဖို့ လမ်းဖွင့်ပေးပါလို့ တောင်းဆိုထားပါတယ်။

ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ် အနေနဲ့ သူတို့ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ကုလအေဂျင်စီတွေက ပန်ကြားလိုက်ပြီး ဓားစာခံဖမ်းသွားတဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာ ဓားစားခံ အဖြစ် ဖမ်းသွားတဲ့ စစ်သား အယောက် ၅၀ ရဲ့ မိသားစုတွေကို ဆက်သွယ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အစ္စရေးတို့ ဟားမတ်စ်အဖွဲ့ တိုက်ခိုက်ခံရမှုအတွင်း အစ္စရေး စစ်သား အနည်းဆုံး ၁၂၃ ယောက်သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အခုဆိုရင် နှစ်ဖက် ထိခိုက်သေဆုံးသူပေါင်း ၃,၀၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဂါဇာနဲ့ နယ်စပ်တစ်လျှောက် စစ်ဆင်ရေးအတွင်း ဟားမတ်စ် စစ်သွေးကြွ အလောင်း ၁,၅၀၀ လောက် တွေ့ရှိခဲ့တယ်လို့လည်း အစ္စရေး စစ်တပ်က ထုတ်ပြန်ပါတယ်။

နောက်သတင်းတစ်ပုဒ်မှာတော့ အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်မှုမှာ အီရန် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အီရန် ခေါင်းဆောင် အရာတိုလာ ခါမေနီက ငြင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေက ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး လူထုကို ပြောတဲ့မိန့်ခွန်းမှာ သူကထည့်သွင်းပြောသွားခဲ့တာပါ။

ဒါပေမယ့် သူဟာ ပါလက်စတိုင်း ခေါင်းစည်းပုဝါ ပေါင်းထားပြီး ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အစ္စရေးဟာ စစ်ရေးမှာရော ထောက်လှမ်းရေးမှာပါ နှစ်ခုစလုံး အစားထိုးလို့ မရတဲ့လစ်ဟာမှု ခံလိုက်ရတာပဲလို့ သူက ဆိုပါတယ်။

တစ်ချိန်တည်းမှာ ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ကလည်း ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်နဲ့ ဖုန်းပြောစဉ်အတွင်း ပါလက်စတိုင်းပြည်သူတွေကို ကူညီထောက်ပံ့သွားမယ်လို့ ထပ်တလဲလဲ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီပဋိပက္ခ ဆက်ကြီးထွားမသွားအောင် နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေတယ်လို့လည်း သူက ဆိုပါတယ်။

ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုရှိပေမဲ့ တိုးတက်နေဆဲလို့ IMF ခန့်မှန်း

ကမ္ဘာ့စီးပွားရေးဟာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပေမယ့် တိုးတက်မှု ရှိနေတယ်လို့ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ IMF က အခု နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန် စီးပွားရေးဟာ မနှစ်က တိုးတက်မှု ရှိခဲ့ပြီး ဥရောပနိုင်ငံတွေထက် အခြေအနေပိုကောင်းခဲ့သလို လာမယ့်နှစ်မှာ ကမ္ဘာ့စီးပွားရေး တိုးတက်နှုန်းက ၃ ရာခိုင်နှုန်း တိုးတက်မှု ရှိနိုင်တယ်လို့ IMF က ခန့်မှန်းပါတယ်။

အခုနောက်ဆုံး တွက်ချက်မှုတွေအရ ဒီနှစ်အတွင်း စက်မှုအင်အားကြီး ၇ နိုင်ငံထဲက ဂျာမနီ တစ်ခုတည်းသာ စီးပွားရေးနည်းနည်း ကျသွားနိုင်တယ်လို့ ဆိုပါတယ်။

တရုတ် စီးပွားရေး ကတော့ ၅ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းထားသလို အိန္ဒိယလည်း ဆက်ပြီး စီးပွားရေး အားကောင်းနေမယ်လို့ တွက်ဆထားကြပါတယ်။

ဗဟိုဘဏ်တွေက အတိုးနှုန်းမြင့်မြင့်ကို ဆက်ထိန်းထားတဲ့ အတွက် ငွေဖောင်းပွမှုနှုန်း ဆက်မြင့်နေတာက စီးပွားရေး တိုးတက်ဖို့အတွက် စိန်ခေါ်မှု တစ်ရပ်အဖြစ် ရှိနေတယ်လို့ IMF က ပြောပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်မှာ အာဏာပိုင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ICJ မှာ စတင်စစ်ဆေး

နိုင်ငံတကာ တရားရုံးမှာ လူထုကြားနာမှုတရပ် လုပ်ဆောင်ခဲ့ပြီး ဆီးရီးယားဟာ ကုလသမဂ္ဂ ပဋိဉာဥ်ကိုဆန့်ကျင်ပြီး ဓာတုလက်နက်တွေ အသုံးပြုမှုအပါအဝင် တခြားရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို စတင်စစ်ဆေးခဲ့ပါတယ်။

ဒီစွဲချက်ကို ကနေဒါနဲ့ နယ်သာလန်တို့က တင်ပြခဲ့တာ ဖြစ်ပြီး တရားသူကြီးတွေ အနေနဲ့ ချက်ချင်း အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

သူတို့တင်ပြချက်ထဲမှာ ဆီးရီးယားက တရားမဲ့ ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ အချုပ်ထောင်တွေ အတွင်း နိုင်ငံတကာ စစ်ဆေးရေးမှူးတွေကို ဝင်ရောက် စစ်ဆေးခွင့်ပြုဖို့ကိုလည်း ပတောင်းဆိုထားပါတယ်။

ဒါ့အပြင် နှိပ်စက် ညှဥ်းပန်းရင်း သေဆုံးသွားသူတွေကို မြှုပ်နှံထားတဲ့ နေရာကို ဆီးရီးယား အာဏာပိုင်တွေ အနေနဲ့ ထုတ်ဖော် ပြောကြားပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒီအမှုဟာ ဆီးရီးယား ပြည်တွင်းစစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို အိုင်စီဂျေမှာ ပထမဆုံး ကြားနာတာ ဖြစ်ပါတယ်။

သတင်းမှားဖြန့်မှုနဲ့ထောင် ၂ နှစ်ချခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ၂ ယောက်ကို တရားရုံးချုပ် အာမခံနဲ့ လွှတ်ပေး

ဘင်္ဂလားဒေ့ရှ်မှာ တက်ကြွလှုပ်ရှားသူနှစ်ယောက်ကို သတင်းမှား ဖြန့်ဝေမှုနဲ့ ထောင် ၂ နှစ်ချထားရာက ဒါကာတရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

၂၀၁၃ တုန်းက ဆန္ဒပြမှု တစ်ခုအတွင်း လုံခြုံရေးတပ်ဖွဲ့ လက်ချက်နဲ့အစ္စလာမ်ဝါဒီတွေ အသတ်ခံရကြောင်း အိုဟီခါ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့ က အဒီလူအာ ရာမန်ခန်း နဲ့ နာဆရူးဒင် အီလန်တို့ကို သတင်းဖြန့်တယ်ဆိုပြီး စီရင်ချက် ချခဲ့တာပါ။

သူတို့နှစ်ယောက်ကတော့ အပြစ်မရှိကြောင်း ပြောပေမယ့် အစိုးရကတော့ သူတို့ဖြန့်ဝေခဲ့တဲ့ သတင်းဟာ တိုင်းပြည်ပုံရိပ်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ၂၀၀၉ အာဏာရကတည်းက ရှိတ်ဟာစီနာ အစိုးရဟာ တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံ နိုင်ငံရေး သမားတွေကို ပစ်မှတ်ထား ဖိနှိပ်နေတယ်လို့ စွပ်စွဲချက်တွေ ထွက်နေပြီး မစ္စ ဟာစီနာကတော့ ဒါကို ငြင်းဆိုထားပါတယ်။