ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာ အပစ်ရပ်ရေး ဆွေးနွေးပွဲ ပြန်စနဲ့ မတ်လ ၃ ရက် နိုင်ငံတကာ သတင်းများ
ဂါဇာ အပစ်ရပ်စဲရေးအတွက် မျှော်လင့်ချက်သစ်တွေ ပေါ်ထွက်လာနေတဲ့အတွက် ဆွေးနွေးဖို့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ ကိုင်ရိုကို ရောက်နေပြီး အမေရိကန်နဲ့ ကာတာက ဖြန်ဖြေရေးအဖွဲ့တွေနဲ့ တွေ့နေပြီလို့ သိရပါတယ်။
အစ္စရေး အစိုးရဘက်က အသက်ရှင်နေဆဲ ဓားစာခံစာရင်း အပြည့်အစုံ မရဘဲ ကိုင်ရိုကို စေ့စပ်ညှိနှိုင်းရေးအဖွဲ့ မလွှတ်ဘူးလို့ ပြောနေပေမယ့် အစ္စရေးကိုယ်စားလှယ် အဖွဲ့လည်း မကြာခင် ရောက်ဖို့ ရှိပါတယ်။
အစ္စရေးက ဟားမတ်စ်တောင်းဆိုချက်တွေကို သဘောတူရင် နောက် ၂၄ နာရီကနေ ၄၈ နာရီအတွင်း အပစ်ရပ်စဲရေး ယူဖို့ ဖြစ်နိုင်တယ်လို့ ပြောကြောင်း အီဂျစ် သတင်းဌာနတခုက ဟားမတ်စ်ရင်းမြစ်ကို ကိုးကားပြီး ရေးပါတယ်။
အစ္စရေးက ခြောက်ပတ်ကြာ အပစ်ရပ်စဲရေး ယူဖို့ အခြေခံအားဖြင့် သဘောတူပြီးပြီလို့လည်း ထိပ်တန်း အမေရိကန် အရာရှိကြီးတယောက်က စနေနေ့က ပြောကြားပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ်သစ် ခန့်
ပါကစ္စတန်မှာ အသစ်တက်လာတဲ့ လွှတ်တော်အမတ်တွေက ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်က ရှာဘက်ဇ် ရှရစ်ဖ်ကို ဝန်ကြီးချုပ်ခန့်ဖို့ မဲပေးခဲ့ကြပါတယ်။
ဒါဟာ မစ္စတာ ရှရစ်ဖ်ရဲ့ ဒုတိယ ဝန်ကြီးချုပ်သက်တမ်းလည်း ဖြစ်ပါတယ်။
ပါလီမန်မှာ ၂ဝ၁ မဲနဲ့ ပြိုင်ဘက် အိုမာ အယွတ်ခန်ကို အနိုင်ရခဲ့ပါတယ်။
အယွတ်ခန်က ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ထောက်ခံမှုကို ရတဲ့သူပါ။
အငြင်းပွားစရာ အထွေထွေ ရွေးကောက်ပွဲကြီးအပြီး သီတင်းပတ်တွေအတွင်း ဒီလို ဝန်ကြီးချုပ်ကို ရွေးခဲ့ကြတာ ဖြစ်ပြီး အဲဒီ ရွေးကောက်ပွဲမှာ ဘယ်သူမှ အပြတ်အသတ် အနိုင်မရခဲ့ဘဲ မဲမသမာမှုတွေ အကြီးအကျယ် ရှိတယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။
အင်မရန်ခန်းရဲ့ ပီတီအိုင်ပါတီက ထောက်ခံတဲ့ တသီးပုဂ္ဂလအမတ်တွေက နေရာအများစုကို နိုင်ပေမယ့် အစိုးရဖွဲ့နိုင်တဲ့ အများစု အရေအတွက် မရဘဲ ဖြစ်ခဲ့ပါတယ်။
ရုရှား လောင်စာရုံကို ယူကရိန်း ဒရုန်းနဲ့တိုက်
ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားကျွန်းဆွယ်ဒေသ ဖီယိုဒိုးရှားဆိပ်ကမ်းက လောင်စာဆီ သိုလှောင်ရုံကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်တယ်လို့ သတင်းရပါတယ်။
မနေ့ညက ပေါက်ကွဲမှု အကြိမ် ၆ဝ လောက်ရှိပြီး ဆီသိုလှောင်ရုံကနေ မီးခိုးတွေ မည်းတက်လာတာ တွေ့ရကြောင်း မျက်မြင် သက်သေတချို့က ပြောပါတယ်။
ယူကရိန်း ဒရုန်း ၃၈ စင်းကို ပစ်ချခဲ့ကြောင်းလည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီအချိန်မှာပဲ ပင်လယ်နက်ပေါ်က သြဒက်ဆာ ဆိပ်ကမ်းမြို့ကြီးမှာ လူနေအဆောက်အအုံတလုံးကို ရုရှား ဒရုန်းနဲ့ သောကြာနေ့ညက တိုက်ခိုက်လို့ အနည်းဆုံး လူ ဆယ်ယောက် သေဆုံးကြောင်း ယူကရိန်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
အပျက်အစီးပုံတွေကြားက ရှာဖွေလို့ရတဲ့ အလောင်းတွေထဲမှာ အမျိုးသမီးတဦးနဲ့ သူ့ဘေးကပ်ရက်မှာ လဲနေတဲ့ ရှစ်လသားအရွယ် ကလေးငယ်လည်း ပါဝင်ပါတယ်။
တောင်ကိုရီးယား ဆရာဝန်တွေကို အလုပ်ဝင်ခိုင်း
သပိတ်မှောက်နေကြတဲ့ အငယ်တန်း ဆရာဝန်တွေကို တနင်္လာနေ့မတိုင်ခင် အလုပ်ပြန်ဝင်ရမယ်ဆိုပြီး တောင်ကိုရီးယားအစိုးရက ထပ်ပြီး အမိန့်ထုတ်ခဲ့ပါတယ်။
ဒီအမိန့်ကို မနာခံရင် အငယ်တန်း ဆရာဝန် တသောင်းနီးပါး ဆေးကုသခွင့် လိုင်စင် ပြုတ်သွားနိုင်သလို တရားစွဲခံရနိုင်တဲ့ အခြေအနေ ရှိပါတယ်။
ဆိုးလ်မှာ ကျင်းပတဲ့ ဆရာဝန် ဆန္ဒပြပွဲမှာလည်း လူ နှစ်သောင်းလောက် တက်တယ်လို့ ခန့်မှန်းကြပေမယ့် ဆေးဝါးလုပ်ငန်းက ဝန်ထမ်းတွေကို ပါဖို့ ဖိအားပေးတာတွေ ရှိတယ်ဆိုပြီး ဒေသတွင်း မီဒီယာတချို့က ရေးပါတယ်။
တောင်ကိုရီးယားအစိုးရက ဆေးကျောင်းသားအရေအတွက်ကို သိသိသာသာ တိုးခေါ်ဖို့ စီစဉ်နေတဲ့အတွက် ဆရာဝန်တွေ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
လူထုစစ်တမ်းတွေအရ အစိုးရကို ထောက်ခံတဲ့ သဘောတွေ့နေရပြီး ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ ဆရာဝန် ဦးရေ လျော့ကျနေလို့ ဆရာဝန်များများ ပိုမွေးထုတ်ပေးရမယ်ဆိုပြီး ဖော်ပြကြပါတယ်။
တောင်ကိုရီးယား လူဦးရေမှာလည်း သက်ကြီးပိုင်း ဦးရေက များပြားနေပါတယ်။
MH ၃၇၀ လေယာဉ်ပျောက် ပြန်ရှာမယ်
လွန်ခဲ့တဲ့ ၁ဝ နှစ်က ဘေဂျင်းအသွားလမ်းမှာ လူ ၂၃၉ ယောက်နဲ့အတူ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်းပိုင် MH ၃၇၀ ဂျက်လေယာဉ် ရှာဖွေရေးတွေ ပြန်လည်စတင်မှာ ဖြစ်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ကတိပေးခဲ့ပါတယ်။
ကွာလာလမ်ပူမြို့တော်မှာ ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ မလေးရှား ဝန်ကြီး အန်ထော်နီ လုပ်ခ်က ပြောကြားခဲ့တာပါ။
သမုဒ္ဒရာ ကြမ်းပြင်မှာ ပျောက်ဆုံးနေတဲ့ လေယာဉ်ပျက် ရှာဖွေတာတွေ ပြန်စဖို့ Ocean Infinity ဆိုတဲ့ စက်ရုပ်ကုမ္ပဏီနဲ့ စာချုပ်သစ် ချုပ်ဖို့ ကြိုးစားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။
၂၀၁၈ မှာ Ocean Infinity က အိန္ဒိယ သမုဒ္ဒရာ တနေရာမှာ စူးစမ်းရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ရပါဘူး။
နော်ဝေ ဘုရင်ကို မလေးရှားက ပြန်ခေါ်လာ
နော်ဝေဘုရင် ဟာရယ်လ် မလေးရှားမှာ အားလပ်ရက်ခရီးသွားရင်း နေမကောင်းလို့ ပြန်ခေါ်လာပြီလို့ သိရပါတယ်။
၈၇ နှစ် ရှိပြီဖြစ်တဲ့ နော်ဝေဘုရင်ဟာ ဥရောပမင်းတွေထဲမှာ သက်တော်အကြီးဆုံးဘုရင် ဖြစ်ပြီး လန်ကာဝီကျွန်းမှာ နေမကောင်းဖြစ်လို့ အင်္ဂါနေ့က ဆေးရုံတင်ခဲ့ရပါတယ်။
ဘုရင်ကို ယာယီနှလုံးစက် တပ်ပေးထားပြီး နော်ဝေ ပြန်ရောက်ရင် ဆေးရုံထပ်သွားမှာ ဖြစ်ကြောင်း နော်ဝေ နန်းတော်က ပြောကြားပါတယ်။
သူ့ကို ဆေးဘက်လေယာဉ်နဲ့ ခေါ်လာတယ်လို့ ယူဆရပါတယ်။
ဇန်နဝါရီလတုန်းကလည်း ဟာရယ်လ် ဘုရင်မှာ အသက်ရှူလမ်းကြောင်းက ကူးစက်တဲ့ ရောဂါ ခံစားခဲ့ရပါတယ်။