ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆန်စျေး - နယ်စပ်ကကုန်သွယ်ရေး အပြောင်းအလဲ ပြည်တွင်းဆန်စျေးကို သက်ရောက်မှာလား
မြန်မာနိုင်ငံမှာ ဆန်စျေးတွေ မြင့်တက်နေချိန်မှာ နယ်စပ်ကနေ ဆန်ပြည်ပပို့တာကို ကုန်သည်နဲ့ လယ်သမားတွေကို ထိခိုက်လာနိုင်တဲ့ အပြောင်းအလဲတချို့ လုပ်လိုက်ပါတယ်။
အဲဒါကတော့ နယ်စပ်ကနေ ပြည်ပကို ဆန်တင်ပို့ရောင်းချလို့ရတဲ့ ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ကုန်သည်တွေက ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်းနဲ့ မတ်လ ၁ ရက်က စပြီး လဲဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
လက်ရှိမှာတော့ နယ်စပ်ကုန်သွယ်ရေးကနေ ဆန်ရောင်းချလို့ရတဲ့ဝင်ငွေ အားလုံးကို ၁၀၀ ရာခိုင်နှုန်းအပြည့် ဘဏ်တွေမှာ အပြင်ပေါက်စျေးအတိုင်း လဲလှယ်ခွင့် ရနေခဲ့တာပါ။ ဒါပေမဲ့ ထုတ်ပြန်ချက်အရ သတ်မှတ်ရက်နောက်ပိုင်း ၃၅ ရာခိုင်နှုန်းကိုပဲ အပြင်ပေါက်စျေးနဲ့ ရတော့မှာပါ။
လက်ရှိ ဗဟိုဘဏ်က သတ်မှတ်ငွေလဲနှုန်းက အမေရိကန် တစ်ဒေါ်လာကို ၂၁၀၀ ကျပ် ဖြစ်ပြီး အပြင်ဈေးကွက်မှာ ၂၉၀၀ ကျပ် နီးပါး ဖြစ်လို့ တစ်ဒေါ်လာကို ငွေကျပ် ၈၀၀ နီးပါး စျေးနည်းပြီး ရမှာ ဖြစ်ပါတယ်။
အဲဒီလို ကွာဟနေတဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းတွေကြောင့် နိုင်ငံခြားကို ရောင်းချတာတွေ နည်းသွားနိုင်ပြီး ပြည်တွင်းမှာ မြင့်တက်နေတဲ့ ဆန်စျေးနှုန်း ပြန်လည် ကျဆင်းလာနိုင်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက “ဆန်တင်ပို့မှုက နယ်စပ်တင်ပို့မှုကတော့ လျော့ကျသွားနိုင်တယ်။ လျော့ကျရင်တော့လည်း ဆန်စျေး၊ ဆန်ကွဲစျေး ကျမလားလို့ စဥ်းစားတာပေါ့” လို့ ပြောပါတယ်။
အရင်က ပဲ ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း စတာတွေကို ၆၅: ၃၅ ရာခိုင်နှုန်း သတ်မှတ်ထားခဲ့ပေမဲ့ ဆန်ကိုတော့ တရုတ်နိုင်ငံက မှာယူသလောက်ကိုသာ တင်ပို့ရတဲ့အတွက် ဆန်ကရတဲ့ ဝင်ငွေကို ၁၀၀ ရာခိုင်နှုန်း အပြင်ပေါက်စျေး နဲ့ ရောင်းချခွင့်ပေးထားခဲ့တာပါ။ အခုအခါမှာတော့ ဆန်နဲ့ဆန်ကွဲကိုပါ ၆၅: ၃၅ ရာခိုင်နှုန်း အဖြစ် ထည့်သွင်းလာတာ ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သည်တွေ ရာချီရှိပြီး စျေးပြိုင်ပေးဝယ်တာတွေ ရှိတဲ့အတွက် လယ်သမားတွေလည်း စျေးကောင်းရခဲ့ရာက အခု သတ်မှတ်ချက်ကြောင့် နယ်စပ်ကုန်သည်တွေရော လယ်သမားတွေကိုရော ထိခိုက်မှုရှိလာနိုင်တယ်လို့ ဆိုကြပါတယ်။
ကုန်သည်တွေကနေ လယ်သမားတွေ အထိ သက်ရောက်မှု ဖြစ်နိုင်ကြောင်းကို တရုတ်-မြန်မာ နယ်စပ်က ဆန်ကုန်သည်တစ်ဦးက အခုလို ပြောပါတယ်။
နယ်စပ်အထိ တင်ပို့ရောင်းခဲ့ကြတဲ့ တောင်သူတွေရော၊ ကုန်သည်တွေရော ရှိခဲ့ကြလို့ ဝယ်ယူသူထံက စျေးအလိုက် အပြိုင်အဆိုင် စျေးပေးဝယ်ခဲ့ကြပြီး လယ်သမားတွေစျေးကောင်းရခဲ့ကြတယ်လို့ မြင်တယ်လို့ ပြောပါတယ်။ အခုလို ကန့်သတ်လိုက်တဲ့အတွက် စျေးနှုန်း ထိုက်သင့်သလောက် ထိခိုက်မယ်လို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။
အခုလို ထုတ်ပြန်ချက်ကြောင့် ပြည်ပကို တင်ပို့ရောင်းချမှု လျော့နည်းသွားနိုင်တဲ့အတွက် ပြည်တွင်းစျေးကွက်ထဲမှာ ဆန်စျေးနှုန်းကျဆင်းသွား နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေသလို တစ်ဖက်မှာလည်း ရေကြောင်းကနေ ဆန်တင်ပို့မှုတွေ ရှိနေတာကြောင့် ဆန်စျေးနှုန်း ပြန်ကျဖို့ မရှိနိုင်ဘူးလို့ အပြန်အလှန် သုံးသပ်မှုတွေ ရှိနေပါတယ်။