တရုတ်-မြန်မာနယ်စပ်သွင်းကုန် စိစစ်မှုတင်းကျပ်ပြီး ပစ္စည်းသိမ်းခံရတာတွေရှိ

တရုတ်- မြန်မာ မူဆယ်နယ်စပ်ကုန်သွယ်ရေးကနေ မြန်မာထဲကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် တင်းတင်းကျပ်ကျပ် စိစစ်မှုတွေ မတ်လအတွင်းကစပြီး လုပ်ဆောင်လာတာကြောင့် ဒဏ်ကြေးငွေပေးဆောင်ရတာ၊ ပစ္စည်းသိမ်း ဆည်းခံရတာမျိုးတွေ များလာလို့ ကုန်သည်တွေ အခက်တွေ့နေကြလို့ ပြောပါတယ်။

တင်သွင်းခွင့်လိုင်စင်ရရှိသူ တင်သွင်းတဲ့ ကုန်ပစ္စည်းကို တံဆိပ်၊ အလေးချိန်၊ ပုံစံမကွဲပြား တဲ့တင်သွင်းမှု အတိအကျကိုသာ လက်ခံပြီး ပစ္စည်းအမျိုးအစားတူပြီး တံဆိပ်ကွဲပြားတာ၊ အလေးချိန်ကွဲတာမျိုးတွေကို ပါ ဒဏ်ရိုက်၊ ပစ္စည်းသိမ်းဆည်းတဲ့အထိ ပြုလုပ်လာတာလို့ ကုန်သည်တွေက ပြောကြပါတယ်။

အဲဒီလိုအခက်တွေ့နေတဲ့ ပစ္စည်းတွေထဲမှာ ထောင်နဲ့ချီနဲ့ လျှပ်စစ်ပစ္စည်း မီးသီးလုံးကအစ၊ လူသုံးကုန်၊ စက်ပစ္စည်း တောင်ယာသုံး ထွန်စက် စတာတွေ ပါဝင်ပါတယ်။

အဲဒီလိုပစ္စည်းတွေကို မူဆယ် ၁၀၅ မိုင်နဲ့ ရေပူစခန်းတွေမှာ စစ်ဆေး တင်သွင်းခွင့်ပြုနေတာပါ။

ဒါ့ကြောင့် အခုအခါ နယ်စပ်မှာ သွင်းကုန် အဝင်နည်းလာသလို ပြည်တွင်း သွင်းကုန်ပစ္စည်း လိုအပ်ချက် များတာတွေနဲ့ တွေ့ကြုံနေရတယ်လို့ ဆိုပါတယ်။

နယ်စပ်ကုန်သည်ကြီး တစ်ဦးကတော့ ကားတစ်စီးချင်းစီမှာ တင်သွင်းတာတွေ များပြားလို့ အားလုံး နီးပါး အမျိုးအစား မှန်ဖို့ မလွယ်ကူဘူးလို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပို့ကုန်၊ သွင်းကုန်နဲ့ပတ်သက်ပြီး ညွှန်ကြားချက် မူဝါဒအမျိုးမျိုးကို ထုတ်ပြန်နေတာကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့ ကုန်သည်တွေအဖို့ ခက်ခဲရှုပ်ထွေးတာတွေ ဖြစ်ပေါ်လာပါတယ်။

စစ်ကောင်စီဟာ ကုန်သွယ်ရေး ပိုငွေပြလိုတဲ့ အချက်နဲ့ ကုန်ပစ္စည်းတင်သွင်းရင် တင်သွင်းခွင့်လိုင်စင် လျှောက်ထားဖို့ လိုအပ်တဲ့ပစ္စည်း အရေအတွက်ကို ထပ်တိုးခဲ့တာကြောင့် ဆေးနဲ့ဆက်စပ်ပစ္စည်း၊ စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေအပါအဝင် ပစ္စည်းအမျိုးစားပေါင်း တစ်သောင်းဝန်းကျင်အထိ ခွင့်ပြုချက် လျှောက်ထားရတာမျိုး ရှိပါတယ်။

အခုလို သွင်းကုန်ပစ္စည်းတွေ အသေးစိတ်ကအစ စစ်ဆေးတင်းကျပ်တာနဲ့ ပတ်သက်လို့ မူဆယ် နယ်စပ် ကုန်သွယ်ရေး တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ဝန်ကြီးဌာနက ကြိုပြီး ကြေညာတယ်။ သွင်းကုန်မှာလည်း လိုင်စင်လိုတဲ့ပစ္စည်း လိုင်စင်သတ်မှတ်တာ ရှိတယ်။ နိုင်ငံတော် မူဝါဒ အရ ပြောင်းလဲတာတွေ ရှိတာပေါ့။ အရင်က ပို့ကုန်မှာတောင် လိုင်စင်မလိုတာ အခု လိုင်စင်လုပ်ရတယ်။ ပြောင်းတဲ့အတိုင်း ကုန်သည်က လိုက်လုပ်ရမှာပဲ။”

တရုတ်နယ်စပ်ကနေ ပြည်တွင်းကို တင်သွင်းတဲ့ ကုန်တွေက ပလတ်စတစ်နဲ့ နို့ထွက်ပစ္စည်းတွေ၊ အလှကုန်နဲ့ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ သံနဲ့ အိမ်ဆောက်ပစ္စည်း၊ ချည်ထည်၊ ရေထွက်ပစ္စည်း၊ မော်တော်ယာဉ် စက်ပစ္စည်းတွေ ဖြစ်ပါတယ်။

ဒီလိုသွင်းကုန်ပစ္စည်း စစ်ဆေးမှုတင်းကျပ်လိုက်တာကြောင့် ကုန်ပို့ဆောင်မှု အချိန်ကြန့်ကြာတာ ရှိသလို ငွေကြေးကောက်ခံတာနဲ့ ပစ္စည်းသိမ်းယူတာတွေကြောင့် တချို့သွင်းကုန် လုပ်ငန်းတွေ ရပ်နားရတဲ့အထိကို ရှိလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။