ဂါဇာမှာ အစ္စရေး - ဟားမတ်စ် အပစ်ရပ်မှုနဲ့အတူ ထွက်ပေါ်လာတဲ့မေးခွန်းတွေ

အပစ်ရပ် သဘောတူညီချက်ရအပြီး ပျော်ရွှင်နေကြတဲ့ ဂါဇာက ပါလက်စတိုင်း ကလေးငယ်တွေနဲ့ တယ်လ်အဗီးက ဂျူးအမျိုးသားနဲ့ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Anadolu / Getty Images

ဓာတ်ပုံ ပုံစာ, အပစ်ရပ် သဘောတူညီချက်ရအပြီး ပျော်ရွှင်နေကြတဲ့ ဂါဇာက ပါလက်စတိုင်း ကလေးငယ်တွေနဲ့ တယ်လ်အဗီးက ဂျူးအမျိုးသားနဲ့ အမျိုးသမီး

၁၅ လကြာတဲ့စစ်ပွဲ အဆုံးသတ်ဖို့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်ရပ်သဘောတူညီချက် ရရှိ သွားပြီဖြစ်ပါတယ်။

ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် အက်ဘ်ဒူ ရာမန် အယ်လ် သာနီကတော့ အပစ်ရပ်မှုဟာ အစ္စရေးအစိုးရအဖွဲ့က အတည်ပြုပြီဆိုတာနဲ့ တနင်္ဂနွေနေ့မှာ စတင် အသက်ဝင်မယ်လို့ ပြောပါတယ်။

အခုသဘောတူညီချက်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှာ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ရာကနေ စတင်တဲ့ ဂါဇာစစ်ပွဲရဲ့ အလှည့်အပြောင်းတွေထဲမှာ အရေးအကြီးဆုံး အချိုးအကွေ့ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အခုသဘောတူညီချက်ဟာ ''ဂါဇာက တိုက်ပွဲတွေကို ရပ်တန့်စေမယ်၊ ပါလက်စတိုင်း အရပ်သားတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အထောက်အပံ့တွေပိုပေးနိုင်မယ်၊ ၁၅ လကြာဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေလည်း မိသားစုနဲ့ ပြန်လည် ဆုံတွေ့နိုင်မယ်'' လို့ ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြားက တစ်ဖက်နဲ့တစ်ဖက် လုံးဝယုံကြည်မှုမရှိကြတဲ့ အနေအထားကြောင့် တစ်ဆင့်ခံ ညှိနှိုင်းဆွေးနွေးမှုတွေကို လနဲ့ချီကြာအောင် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရပြီးမှ ဒီအခြေအနေအထိ ရောက်လာတာဖြစ်ပါတယ်။

ဂါဇာကမ်းမြှောင်က မာဂါဇီ ဒုက္ခသည်စခန်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအပြီးမှာ မိသားစုနေအိမ် ပျက်စီးသွားလို့ အခြေအနေ လာကြည့်တဲ့ ပါလက်စတိုင်း အမျိုးသမီးငယ်

ဓာတ်ပုံ ရင်းမြစ်, Mohammed Saber / EPA

ဓာတ်ပုံ ပုံစာ, ဂါဇာကမ်းမြှောင်က မာဂါဇီ ဒုက္ခသည်စခန်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအပြီးမှာ မိသားစုနေအိမ် ပျက်စီးသွားလို့ အခြေအနေ လာကြည့်တဲ့ ပါလက်စတိုင်း အမျိုးသမီးငယ်

ဟားမတ်စ်အဖွဲ့ကတော့ ဓားစာခံတွေကို ပြန်လွှတ်မပေးခင်မှာပဲ စစ်ပွဲ လုံးဝအဆုံးသတ်တာမျိုးဖြစ်ချင်တာပါ။ ဒါပေမဲ့ အစ္စရေးဘက်က ဒါကို လက်မခံနိုင်ပါဘူး။

အပစ်ရပ်သဘောတူညီချက်ပါ အချက်တွေကို တစ်ဆင့်ချင်းလုပ်နေချိန်မှာပဲ တိုက်ပွဲကိုလည်း ရပ်ထားမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း စစ်ပွဲဟာ အပြီးတိုင်ရပ်သွားမလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အစ္စရေးရဲ့ အဓိက စစ်ရေးရည်ရွယ်ချက်တွေထဲက တစ်ခုကတော့ ဟားမတ်စ်ရဲ့ စစ်ရေးစွမ်းရည်ကို ဖျက်ဆီးပစ်ပြီး အုပ်ချုပ်နိုင်စွမ်းကိုလည်း ပျက်ပြားသွားစေဖို့ဖြစ်ပါတယ်။ အစ္စရေးဟာ ဒီအပိုင်းမှာ ဟားမတ်စ်ကို အထိနာအောင် လုပ်ထားနိုင်ပေမဲ့ ဟားမတ်စ်အဖွဲ့ဟာ ပြန်လည်စုဖွဲ့ပြီး ဆက်လှုပ်ရှားနိုင်စွမ်း ရှိနေတုန်းဖြစ်ပါတယ်။

ဓားစာခံတွေနဲ့ အကျဥ်းသားတွေကို လွှတ်ပေးခြင်း

အပစ်ရပ်ရေးထဲမှာ ဟားမတ်စ်အဖွဲ့က ဖမ်းထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးရေးက မဖြစ်မနေပါဖို့ အစ္စရေးဘက်ကလိုချင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အပစ်ရပ်ရေးထဲမှာ ဟားမတ်စ်အဖွဲ့က ဖမ်းထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးရေးက မဖြစ်မနေပါဖို့ အစ္စရေးဘက်ကလိုချင်ပါတယ်။

ဓားစာခံတွေထဲမှာ ဘယ်သူတွေ အသက်ရှင်နေသေးလဲ၊ ဘယ်သူတွေ သေဆုံးပြီလဲဆိုတာ ရှင်းရှင်းလင်းမသိရသေးသလို စာရင်းပျောက်နေသူတွေ ဘယ်မှာရှိနေလဲဆိုတာ ဟားမတ်စ်အဖွဲ့ကိုယ်တိုင် သိ မသိဆိုတာလည်း မရှင်းလင်းပါဘူး။

ဟားမတ်စ်ဘက်က ပြန်လွှတ်ပေးဖို့တောင်းဆိုနေတဲ့ အကျဥ်းသားတချို့ကို အစ္စရေးဘက်ကတော့ ပြန်မလွှတ်ပေးဘူးလို့ပြောပါတယ်။ အဲဒီလူတွေဟာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ပါဝင်သူတွေလို့ ယူဆရပါတယ်။

ကြားခံဇုန်ကနေ ဘယ်ရက်မှာ ပြန်ထွက်ပေးမယ်ဆိုပြီး အတိအကျ သတ်မှတ်တာကို အစ္စရေးစစ်တပ်က သဘောတူမှာလား၊ ဒါမှမဟုတ် အစ္စရေးက သူတို့ထွက်ချင်တဲ့ကာလမှ ထွက်ပေးမယ်ဆိုတာမျိုး ဖြစ်မလားဆိုတာလည်း မသိရပါဘူး။

ဂါဇာတောင်ပိုင်း ခန်ယူနွတ်စ်ဒုက္ခသည်စခန်းမှာ ရေဘူးသယ်လာတဲ့ ကလေးငယ်တစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Bashar Taleb / AFP / Getty Images

ဓာတ်ပုံ ပုံစာ, ဂါဇာတောင်ပိုင်း ခန်ယူနွတ်စ်ဒုက္ခသည်စခန်းက အပျက်အစီးတွေကြားမှာ ရေဘူးသယ်လာတဲ့ ကလေးငယ်တစ်ယောက်

ဘယ်အပစ်ရပ်မဆို အကဲဆတ်ပါတယ်။

ဟားမတ်စ်နဲ့ အစ္စရေးကြားမှာ အရင်က ရှိခဲ့ဖူးတဲ့ စစ်ပွဲရပ်တန့်ရေး အပစ်ရပ်မှုတွေဟာ ကြိုကြားကြိုကြား ပစ်ခတ်မှုတွေကြောင့် မခိုင်မမာဖြစ်ခဲ့ဖူးသလို တဖြည်းဖြည်း ပျက်ပြယ်သွားတာမျိုး ရှိခဲ့ပါတယ်။

ဒီအပစ်ရပ်မှုရဲ့ အချိန်ဇယားနဲ့ ရှုပ်ထွေးမှုတွေကြောင့် အသေးအမွှားပြဿနာလေးတစ်ခုကတောင် ငြိမ်းချမ်းရေးကို ကြီးကြီးမားမား ခြိမ်းခြောက်မှုအထိ ဖြစ်သွားစေနိုင်ပါတယ်။

အခုတစ်ကြိမ် အပစ်ရပ်မှု ဘယ်လိုဖြစ်လာမှာလဲ

ပျက်စီးနေတဲ့ အဆောက်အဦတစ်ခုရဲ့ ပြတင်းပေါက်မှာတွေ့ရတဲ့ ပါလက်စတိုင်းအမျိုးသမီး နှစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Mahmoud Issa / Reuters

ဓာတ်ပုံ ပုံစာ, ပျက်စီးနေတဲ့ အဆောက်အဦတစ်ခုရဲ့ ပြတင်းပေါက်မှာတွေ့ရတဲ့ ပါလက်စတိုင်းအမျိုးသမီး နှစ်ယောက်

အပစ်ရပ်မှုဟာ အဆင့် ၃ ဆင့် ပါဝင်တယ်လို့ ယူဆရပါတယ်။

အပစ်ရပ်ဖို့ နှစ်ဖက်စလုံးက သဘောတူတယ်လို ပြောထားပြီးပြီဆိုပေမဲ့ သဘောတူညီချက်ကို စတင် အကောင်အထည်မဖော်ခင်မှာ အစ္စရေးအစိုးရအဖွဲ့ဝင်တွေပါတဲ့ လုံခြုံရေးအစိုးရအဖွဲ့နဲ့ အစိုးရက ဒီသဘောတူညီချက်ကို ထောက်ခံ အတည်ပြုမှ အထမြောက်မှာ ဖြစ်ပါတယ်။

အဆင့် ၁ - ဓားစာခံတွေနဲ့ အကျဥ်းသားတွေကို လွှတ်ပေးမှု

သဘောတူညီချက်အကြောင်း ကြေညာတဲ့ မိန့်ခွန်းမှာတော့ အစ္စရေးအစိုးရ ပြောခွင့်ရသူ ဒေးဗစ် မန်ဆာက ဓားစာခံ ၃၃ ယောက်ကို ပါလက်စတိုင်းအကျဥ်းသားတွေနဲ့ အလဲအလှယ်လုပ်မယ်လို့ ဆိုပါတယ်။ အလဲအလှယ်လုပ်ရာမှာပါဝင်မယ့် ဓားစာခံ အစ္စရေးတွေထဲမှာ အမျိုးသမီးစစ်သားတွေ၊ ကလေးသူငယ်တွေ၊ အသက်ကြီးပိုင်းတွေ၊ နာမကျန်းဖြစ်နေသူ အမျိုးသမီးတွေအများဆုံးပါဝင်မယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်က လွဲရင် ကျန်တဲ့တခြား ဓားစာခံတွေ ဘယ်လောက်များများ အသက်ဆက်ရှင်နေဆဲလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဓားစာခံ ၃ ဦးကိုတော့ ချက်ချင်းပြန်လွှတ်ပေးမှာလို့ ပါလက်စတိုင်းအရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ကျန်တဲ့သူတွေကိုတော့ လာမယ့် သီတင်းခြောက်ပတ်အတွင်းမှာ လွှတ်သွားမှာလို့ဆိုပါတယ်။

ဂါဇာကမ်းမြောင်မှာ အစ္စရေး ထိုးစစ်ဆင်တဲ့နေရာတွေပြတဲ့မြေပုံ
ဓာတ်ပုံ ပုံစာ, ဂါဇာကမ်းမြောင်မှာ အစ္စရေး ထိုးစစ်ဆင်တဲ့နေရာတွေပြတဲ့မြေပုံ

ဒီအဆင့်မှာတော့ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာက လူဦးရေထူထပ်တဲ့အရပ်ကနေ တပ်ပြန်ရုပ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကလည်း ဘယ်လောက်ကြာမလဲဆိုတာ မသိရပါဘူး။

အခုတော့ အစ္စရေးဟာ ဂါဇာတောင်ပိုင်းကို ထွက်ပြေးရောက်ရှိနေတဲ့သူတွေကို နေရပ်ရင်း မြောက်ပိုင်းကို ပြန်ခွင့်ပေးတာမျိုး စခွင့်ပြုလာနိုင်ပါတယ်။

ဂါဇာက လူဦးရေ ၂.၃ သန်းနီးပါးစလုံးဟာ အစ္စရေးက ရွှေ့ခိုင်းတာကြောင့် ရွှေ့ရတာ၊ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်တို့ကြောင့် နေရပ်ရင်း နေအိမ်တွေမှာ မနေနိုင်ဘဲ ထွက်ပြေး ရွှေ့ပြောင်းနေရပါတယ်။

ဗုံးဒဏ်ကြောင့် ပျက်စီးနေတဲ့ အဆောက်အဦတစ်ခုထဲက ကလေးငယ်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗုံးဒဏ်ကြောင့် ပျက်စီးနေတဲ့ အဆောက်အဦတစ်ခုထဲက ကလေးငယ်တစ်ဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကာတာ ဝန်ကြီးချုပ် ရှိတ် မိုဟာမက် အက်ဘ်ဒူ ရာမန် အယ်လ် သာနီကတော့ ဂါဇာကမ်းမြှောင်ဒေသထဲက နေရာအများစုကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့်ပေးမယ်လို့ အတည်ပြုသလို ဆေးရုံတွေတွေကို ပြန်လည်တည်ဆောက်တာတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

အကူအညီဘယ်လောက်ပေးမယ်ဆိုတာကိုတော့ နောက်မှာ ထပ်ပြီး အတည်ပြုဖို့ရှိနေပါတယ်။

ဒီသဘောတူညီချက်ဟာ အဆင့် ၁ ကနေ အဆင့်ဘယ်လောက်အထိ အထမြောက်မယ်လို့ ယုံကြည်ထားသလဲလို့ မေးတဲ့အခါမှာတော့ သူက ''ညှိနှိုင်းသူတွေဟာ ယုံကြည်မှု အပြည့်ရှိပြီးသားပါ။ ဒါပေမဲ့ အရာအားလုံးဟာ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအပေါ်မှာပဲ မူတည်နေတယ်'' လို့ ပြောသလို ''သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအနေနဲ့လည်း သဘောတူညီချက်ကို လိုက်နာမယ်လို့ မျှော်လင့်တဲ့အကြောင်း''သူက ပြောပါတယ်။

ဒုတိယအဆင့်နဲ့ တတိယအဆင့်အတွက် ညှိနှိုင်းမှုအသေးစိတ်ကိုတော့ အပစ်ရပ် စတင်တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ ဆွေးနွေးမယ်လို့ ပြောပါတယ်။

အီဂျစ်နိုင်ငံနဲ့ ကပ်နေတဲ့ ဂါဇာတောင်ပိုင်းက ဖီလာဒဲလ်ဖီ နယ်စပ်စင်္ကြန် နေရာကနေ အစ္စရေးတပ်ဖွဲ့တွေ ဘယ်တော့နဲ့ ဘယ်လို ထွက်မလဲဆိုတာကလည်း နောက်ဆုံးအတည်ပြုနိုင်ဖို့ ကျန်နေပါသေးတယ်။

ဂါဇာတောင်ပိုင်း ဖီလာဒဲလ်ဖီ နယ်စပ်စင်္ကြန်နေရာမှာ အီဂျစ်နိုင်ငံထဲအထိပေါက်တဲ့လိုဏ် တစ်ခုအဝင်ဝဆီကို လမ်းလျှောက်လာတဲ့ အစ္စရေးစစ်သားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂါဇာတောင်ပိုင်း ဖီလာဒဲလ်ဖီ နယ်စပ်စင်္ကြန်နေရာမှာ အီဂျစ်နိုင်ငံထဲအထိပေါက်တဲ့ လိုဏ်တစ်ခုအဝင်ဝဆီကို လမ်းလျှောက်လာတဲ့ အစ္စရေးစစ်သားတစ်ဦး

အဆင့် ၂ - ဖမ်းထားသူတွေ ထပ်လွှတ်မယ်

အဆင့် ၁ အထမြောက်အောင်မြင်အောင် လုပ်နေချိန်အတွင်းမှာ အဆင့် ၂ နဲ့ အဆင့် ၃ အသေးစိတ်တွေကို ဆက်ပြီးအတည်ပြုကြမယ်လို့ အပစ်ရပ်သဘောတူညီချက်ထွက်လာအောင် စေ့စပ်ပေးခဲ့သူ ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် အက်ဘ်ဒူ ရာမန် အယ်လ် သာနီက ပြောပါတယ်။

အဆင့် ၂ မှာတော့ ''စစ်ပွဲအပြီးတိုင် အဆုံးသတ်ရေး'' ညှိနှိုင်းတာလည်း ပါဝင်မယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အပစ်ရပ်သဘောတူညီချက်အကြောင်း ကြေညာတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ညှိနှိုင်းဆွေးနွေးတာတွေဟာ သီတင်းပတ် ၆ ပတ်ကျော်တဲ့အထိ လုပ်နေရဦးမယ်ဆိုရင်လည်း ဆက်ပြီး အပစ်ရပ်ထားမယ်လို့ ဘိုင်ဒန်က ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေဟာ နိုဗာဂီတပွဲတော်မှာ လာရောက်ဆင်နွှဲကြသူတွေဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဟားမတ်စ်အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေဟာ နိုဗာဂီတပွဲတော်မှာ လာရောက်ဆင်နွှဲကြသူတွေဖြစ်ပါတယ်

ကျန်နေသေးတဲ့ အမျိုးသားဓားစာခံတွေဖြစ်တဲ့ စစ်သားတွေနဲ့ အရပ်သားတွေကိုတော့ နောက်ထပ် ပါလက်စတိုင်ကျဥ်းသားတွေ ပြန်လွတ်လာတာနဲ့ လွှတ်ပေးမယ်လို့ ယူဆရပါတယ်။

အစ္စရေးကတော့ ရာနဲ့ချီတဲ့ပါလက်စတိုင်းအကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့ သဘောတူထားပြီး ပါလက်စတိုင်းအရာရှိတစ်ဦးကတော့ လူပေါင်း ၁,၀၀၀ ကျော်ကို လွှတ်ပေးဖို့ ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပါလက်စတိုင်း ၁၉၀ နီးပါးဟာ ထောင်ဒဏ် ၁၅ နှစ် ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ အစ္စရေးအရာရှိတစ်ဦးကတော့ လူသတ်မှုကျူးလွန်လို့ ပြစ်ဒဏ်ချခံထားရသူတွေကို သိမ်းပိုက်ခံ အနောက်ဘက်ကမ်းကို ပြန်လွှတ်မှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေ အပြည့်အဝ ပြန်ရုပ်သိမ်းတာရှိလာပြီး ''ရေရှည်တည်ငြိမ်မှု'' စတင်မယ်လို့လည်း သိရပါတယ်။ ဒါကို အရင်အပစ်ရပ်အဆိုပြုချက်တွေမှာ အဓိပ္ပာယ်သတ်မှတ်ဖော်ပြထားတာကတော့ ''စစ်ရေးနဲ့ ရန်လိုတဲ့စစ်ဆင်ရေးတွေကို လုံးဝရပ်ဆိုင်းခြင်း'' ဆိုပြီး ဖြစ်ပါတယ်။

အဆင့် ၃ - ဂါဇာကို ပြန်လည်ထူထောင်ခြင်း

နောက်ဆုံးနဲ့ တတိယအဆင့်မှာတော့ ဂါဇာပြန်လည်ထူထောင်ရေးပါဝင်မှာဖြစ်ပါတယ်။ ဒါကလည်း နှစ်နဲ့ချီကြာမြင့်နိုင်မယ့် အခြေအနေမှာရှိပါတယ်။

သမ္မတဘိုင်ဒန်ကတော့ ဒီအဆင့်မှာ နေရပ်ရွှေ့ပြောင်းနေထိုင်နေရတဲ့ ပါလက်စတိုင်းတွေဟာ ဂါဇာက နေရာအားလုံးမှာ ပြန်နေလို့ရမယ်လို့ ဆိုပါတယ်။

နောက်ပြီး ဓားစာခံအဖြစ်ဖမ်းဆီးခံထားရရင်း သေဆုံးခဲ့သူတွေရဲ့ ရုပ်ကြွင်းတွေကိုလည်း သက်ဆိုင်ရာ မိသားစုတွေလက်ထဲကို ပြန်ထည့်သွားမယ်လို့ သူကပြောပါတယ်။

အပစ်ရပ်မှုကနေ ထရမ့်အတွက် အမှတ်ရသွားနိုင်လား

အမေရိကန်မှာ သမ္မတအဖြစ် တက်လာတော့မယ့် ဒေါ်နယ်ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမေရိကန်မှာ သမ္မတအဖြစ် တက်လာတော့မယ့် ဒေါ်နယ်ထရမ့်

အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကြား အပစ်ရပ်မှုအတွက် လူမှုကွန်ရက်ပေါ်တက်ပြီး ရွေးကောက်ခံသမ္မတထရမ့်က အမှတ်ယူပါတယ်။ သူက ''နိုဝင်ဘာလတုန်းက သမိုင်းဝင်မဲနိုင်မှုကြောင့်သာ ဒီလို သဘောတူညီချက်ကြီးရရှိတာ'' လို့ သူက ရေးပါတယ်။

ဒိုဟာမှာတော့ ကာတာဝန်ကြီးချုပ်က ဒီသဘောတူညီချက်ကို ကြေညာရင်း မီဒီယာတွေရဲ့မေးခွန်းတွေကို ဖြေကြားပါတယ်။

ပထမမေးခွန်းကတော့ ဒီသဘောတူညီချက် ဘာကြောင့် အခုမှရရှိတာလဲဆိုတာပါ။ နောက်တစ်ချက်ကတော့ မကြာခင်မှာ (အမေရိကန်မှာ) သမ္မတ ဖြစ်လာမယ့်သူတစ်ယောက်က ပေးလာတဲ့ ဖိအားကြောင့်လား ဆိုတာပါ။

ကာတာဝန်ကြီးချုပ်ကတော့ ကာတာဟာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက စတင်ထားတဲ့ ''အရှိန်'' ရှိနေခဲ့ပြီလို့ ဆိုပါတယ်။

''အမေရိကန်ကနေ မကြာသေးခင်တုန်းက လုပ်လာတဲ့ခြေလှမ်းတွေကို ကျွန်တော်တို့မြင်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီနေ့လို အခိုက်အတန့်ပေါ်ပေါက်လာတာပါ'' လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အမေရိကန်မှာ လက်ရှိအစိုးရနဲ့ နောက်တက်လာမယ့် အစိုးရအကြား သဘောတူ ပူးပေါင်းလုပ်ဆောင်မှုမျိုးတွေ တွေ့ခဲ့ရတယ်၊ ဒါကလည်း (အပစ်ရပ်) သဘောတူညီချက်တစ်ခု ရအောင်လုပ်မယ်ဆိုတဲ့ ပိုင်းဖြတ်မှုမျိုးကို မြင်ရတာ ဖြစ်တယ်လို့ ကာတာဝန်ကြီးချုပ်က ပြောပါတယ်။

ဒီသဘောတူညီချက် လိုက်နာအောင် ဘယ်လိုလုပ်မှာလဲ

အပစ်ရပ်သဘောတူညီချက်အကြောင်း မီဒီယာတွေကို ရှင်းပြနေတဲ့ ကာတာဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အပစ်ရပ်သဘောတူညီချက်အကြောင်း မီဒီယာတွေကို ရှင်းပြနေတဲ့ ကာတာဝန်ကြီးချုပ်

အစ္စရေးအစိုးရအဖွဲ့ဟာ ဒီသဘောတူညီချက်ကို အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရထဲက လက်ယာစွန်း ဝန်ကြီးတချို့က ကန့်ကွက်မှုတချို့ ရှိကောင်းရှိလာမှာဖြစ်ပေမဲ့ ဒီတိုင်းပဲ ထောက်ခံမဲပေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ကာတာဝန်ကြီးချုပ်ကိုလည်း အဆင့် ၁ နေရာကနေ ဘယ်အဆင့်အထိ ဒီသဘောတူညီချက် ခရီးပေါက်မလဲဆိုတာကို သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းကြပါတယ်။

ဝန်ကြီးချုပ်ကတော့ သဘောတူညီချက်မှာပါဝင်သူတွေအားလုံး လိုက်နာမယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

သဘောတူညီချက်ကို လိုက်နာကြအောင် ဘယ်လို ယန္တရားတွေလုပ်ထားပြီးပြီလဲလို့မေးရာမှာတော့ သူက ''အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ဟာ ဒီသဘောတူညီချက် အထမြောက် မမြောက်ဆိုတာကို စောင့်ကြည့်မှာ'' လို့ ပြောပါတယ်။

''သဘောတူညီချက်မှာပါဝင်တဲ့သူတွေ လိုက်နာကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်'' လို့ သူက ပြောပြီး ဒီလို သဘောတူညီချက်မျိုးဟာ ရှုပ်ထွေးလှတယ်လို့လည်း ဆိုပါတယ်။

ဂါဇာကို ဘယ်သူ စီမံမှာလဲ

ဖမ်းဆီးခံ ဓားစာခံတွေအရေးလှုပ်ရှားကြသူတွေက သဘောတူညီချက်ကြေညာတဲ့နေ့တုန်းက တဲလ်အဗီးမြို့မှာ ဆုတောင်းမှုလုပ်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံ ဓားစာခံတွေအရေးလှုပ်ရှားကြသူတွေက သဘောတူညီချက်ကြေညာတဲ့နေ့တုန်းက တဲလ်အဗီးမြို့မှာ ဆုတောင်းမှုလုပ်ခဲ့ကြ

ဂါဇာကို ဘယ်သူ စီမံအုပ်ချုပ်မှာလဲဆိုတာကလည်း အဖြေမရှိသေးတဲ့ မေးခွန်းတွေထဲက တစ်ခုဖြစ်ပါတယ်။

စစ်ပွဲပြီးသွားရင် ဂါဇာကို ဦးဆောင်အုပ်ချုပ်သူဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) တစ်ဖွဲ့တည်း ဖြစ်သင့်တယ်ဆိုပြီး အပစ်ရပ်ကြေညာချက် မထွက်လာခင်မှာ ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် မူစတာဖာက ပြောထားပါတယ်။

အစ္စရေးကတော့ ဟားမတ်စ်အဖွဲ့က ဂါဇာကို ဆက်ပြီးအုပ်ချုပ်မှာကို ပယ်ချပါတယ်။ ဒါ့အပြင် အနောက်ဘက်ကမ်းက အစ္စရေးသိမ်းပိုက်ခံနယ်မြေ အများစုကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က ဂါဇာကို စီမံမှာကိုလည်း ကန့်ဥွက်ပါတယ်။

ပဋိပက္ခပြီးသွားပြီဆိုရင်တောင် အစ္စရေးဟာ ဂါဇာကို လုံခြုံရေးပိုင်း ဆက်ထိန်းချုပ်ထားချင်နေပါတယ်။

ဒါပေမဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ကို ပြန်လည်ဖွဲ့စည်းနေချိန်မှာ ဂါဇာကို စီမံဖို့ ယာယီအုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ထားရေး အစီအစဥ်ကို အစ္စရေးက အမေရိကန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့နဲ့ပေါင်းပြီး လုပ်ဆောင်နေကြပါတယ်။ အဲဒီနောက်မှာတော့ အုပ်ချုပ်ရေးအဖွဲ့အသစ်ဟာ အမြဲတမ်းအစိုးရတစ်ရပ်အနေနဲ့ အာဏာလွှဲယူမှာဖြစ်ပါတယ်။