ဖားကန့်မှာ ဒေသခံတွေ မူးဝေခဲ့ကြတာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, NTA
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဆိပ်မူကျေးရွာအုပ်စုမှာ ဖေဖော်ဝါရီ ၅ ရက်ညပိုင်းက ပြင်းထန်တဲ့ အနံ့ဆိုးတွေ ဖုံးလွှမ်းခဲ့ပါတယ်။
"အနံ့က ဆိုးလွန်းလို့ ခေါင်းတွေမူးတယ်၊ အန်တယ်" ဆိုတဲ့ ဆိပ်မူကျေးရွာအုပ်စုထဲက ဒေသခံတွေ ၁၀ ယောက်ထက်မနည်းဟာ လူမှုကွန်ရက် Facebook မှာ ရေးသားကြပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံးကျောက်စိမ်းတွင်းတွေနဲ့ အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းဒေသလို့ တင်စားထားကြတဲ့ ဖားကန့်ဟာ တိုက်ပွဲတွေလည်း ပြင်းထန်နေတဲ့ နေရာတစ်ခုပါ။
လက်နက်ကြီးသံတွေကြားသလို ဒရုန်းပျံသန်းတာတွေ တွေ့ပြီးနောက်မှာ အနံ့ဆိုးတွေပါ နံလာတာကြောင့် ဓာတုအဆိပ်ရည်များ ကြဲလိုက်တာလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ဒေသခံတွေ စိုးရိမ် ထိတ်လန့်ခဲ့ကြပါတယ်။
ညတွင်းချင်း အဖြေပေါ်ခဲ့ပြီး ဆိုင်းတောင် (ဆိပ်မူ) အပြင်ဘက်က အင်ဂျင်ဝိုင်ဟောင်းတွေကို ပြန်ချက်တဲ့အလုပ်ရုံကနေ ဖြစ်နေတယ်လို့ ဒေသခံတချို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ဓာတုအဆိပ်ရည်လား၊ အင်ဂျင်ဝိုင်စွန့်ပစ်ပစ္စည်းအနံ့ဆိုးလား

ဓာတ်ပုံ ရင်းမြစ်, TLM
ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စုထဲကို ဇန်နဝါရီ ၃၁ ကစလို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်- KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် - PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ဖားကန့်ဗျူဟာကုန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လွှတ်တင်လိုက်တဲ့ ဒရုန်းသုံးစီးဟာ ဆိပ်မူကျေးရွာဘက်ကို ပျံသွားပြီးတဲ့နောက် စူးရှရှအနံ့ဆိုးတွေဟာ ဖေဖော်ဝါရီ ၅ ရက် ည ၇ နာရီလောက်ကစပြီး ဆိုင်းတောင်ရွာ အနီးဝန်းကျင်က ဒေသခံတွေ ခံစားမိကြတာပါ။
ဒါ့ကြောင့်လည်း ဓာတုလက်နက် သို့မဟုတ် အဆိပ်ဓာတ်ငွေ့အတွက် အရေးပေါ် လိုက်နာဖို့ အချက်တွေဆိုပြီး ဖားကန့်မြို့နယ် စာမျက်နှာတွေမှာ စိုးရိမ်တကြီး ဖြန့်ဝေတာကို တွေ့ရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ညနေစာ စားသောက်လက်စကနေ နှာခေါင်းစည်းတပ်ထားကြရတဲ့ မိသားစုတွေဝင်ရဲ့ ရုပ်သံတွေ၊ အနံ့ဆိုးသက်သာအောင် လက်ဖက်ခြောက်လို အနံ့မွှေးတဲ့ အရာတွေကို ရှုနေကြရတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက်မှာ ပြန့်လာပါတယ်။
"ကျွန်တော်ဆို ညကမူးလို့ အန်တောင် အန်တယ်။ နှားခေါင်းစည်း တစ်ခုတည်းနဲ့လည်း မလောက်လို့ ရေစိုတစ်သျူးပါ တစ်ထပ်ခံထားရတယ်။ ရေစိုတစ်သျူးက အနံ့မွှေးတော့ တော်သေးတယ်"လို့ ဆိုင်းတောင် ဒေသခံက ပြောပါတယ်။
ဆိုင်းတောင် အပါအဝင် ဆန်းကြွယ်၊ ဖားပြင်၊ မမုံ၊ နမ့်မှော်၊ ဖားကန့် မြို့ပေါ် ရပ်ကွက်တွေမှာ အနံ့ပြင်းပြင်းထန်ထန် ရရှိကြပြီး လုံးခင်းနဲ့ မှော်စီစာ ရပ်ကွက်တွေအထိလည်း အနံ့တွေသက်ရောက်ခဲ့တယ်လို့ ဒေသတွင်း အခြေအနေ သိရှိသူတွေက ပြောပါတယ်။
ကျေးရွာ ၁၀ ရွာထက်မနည်း စူးရှပြင်းထန်တဲ့ အနံ့ဆိုးတွေဟာ ညနေ ၇ နာရီဝန်းကျင်ကနေ ည ၁၁ နာရီလောက်အထိ ပြန့်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
တချို့ကလည်း လသားအရွယ် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အသက်ရှူရခက်နေတာ၊ ဘယ်လိုကာကွယ်ပေးရမှန်း မသိတဲ့ အခြေအနေတွေလည်း ကြုံကြရပါတယ်။
ဒါ့ကြောင့် အကြောင်းအရင်းကို ရှာပေးကြဖို့ ဆိုင်းတောင်က တာဝန်ရှိသူတွေကို တချို့ဒေသခံတွေက တောင်းဆိုကြတာလည်း တွေ့ရပါတယ်။
အနံ့ပြင်းပြင်းရနေတဲ့ အကြောင်းအရင်းကို လိုက်ရှာတဲ့အခါမှာ ဥရုချောင်းရေပေါ်မှာ အတန်းလိုက် မညီမညာ ဝေ့ပြန်နေတဲ့ ဆီတွေကိုတွေ့ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ဆက်စပ်လိုက်ကြည့်ကြတဲ့အခါ ဆိုင်းတောင်ရွာဟောင်းအပြင်က အသုံးပြုပြီးသား အင်ဂျင်ဝိုင်တွေ ပြန်ချက်တဲ့ လုပ်ငန်းခွင်နေရာက အနံ့ဆိုးတွေထွက်တာလို့ လက်ခံထားကြပါတယ်။
"ချက်တဲ့နေရာကို ရောက်ဖူး၊ မြင်ဖူးတယ်။ တစ်ဝက်ပိုင်းထားတဲ့ ပီပါပိုင်းထဲကို ထည့်ပြီးကြိုနေတာ၊ လေး၊ ငါးလုံးလောက်ကို တဆက်တည်း ကြိုနေတာတွေ့တယ်။ အနံ့ကတော့ တော်တော်ပြင်းလို့ ရွာနားဝန်းကျင်အထိ အနံ့တွေရောက်တယ်"လို့ အဲဒီနေရာကို ရောက်ခဲ့တဲ့ ဘုန်းတော်ကြီးတပါးက မိန့်ပါတယ်။
ဆိုင်းတောင်မှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်- KIA သတင်းရင်းမြစ်က "အင်ဂျင်ဝိုင်တွေ ပြန်ချက်တဲ့နေရာကနေ စွန့်ပစ်ပစ္စည်းတွေပစ်လိုက်တဲ့ ဥရုချောင်းနဲ့ ဝှေခါချောင်းတလျှောက်က ကျေးရွာတွေမှာ အနံ့တွေပြင်းပြီး ပြည်သူတွေ အော့အန်ဖြစ်ကြတာ၊ ပိုင်ရှင်နဲ့ အလုပ်သမားကို ဖမ်းထားပြီ"လို့ ပြောပါတယ်။
အင်ဂျင်ဝိုင်ဟောင်း ပြန်ချက်တဲ့လုပ်ငန်းခွင် ပိုင်ရှင်နဲ့ အလုပ်သမားတို့ကိုသာမက လုပ်ပိုင်ခွင့်ပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုလည်း ဆက်စပ်စစ်ဆေးသွားမှာလို့လည်း စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အင်ဂျင်ဝိုင်ဟောင်းချက်တဲ့နေရာဟာ ပြီးခဲ့တဲ့ ၆ လလောက်က စတင်လည်ပတ်တာလို့ ဒေသခံတွေက ပြောကြပါတယ်။
အနံ့ဆိုးတွေ ထွက်တယ်ဆိုတဲ့ အင်ဂျင်ဝိုင်ဟောင်းချက်တဲ့ နေရာမှာ စက်သုံးဆီထည့်တဲ့ ပီပါပုံး ၁၀ ပုံးဝန်းကျင်လောက်ကိုလည်း လူမှုကွန်ရက် ဓာတ်ပုံမှာ တွေ့ရပါတယ်။
အသုံးပြုပြီးသား အင်ဂျင်ဝိုင်တွေ ဘယ်လိုချက်လဲ

ဓာတ်ပုံ ရင်းမြစ်, TLM
အသုံးပြုပြီးသား အင်ဂျင်ဝိုင်တွေကို ပြန်ချက်ပြီး စက်သုံးဆီအနေနဲ့ တွင်ကျယ်လာတဲ့ အကြောင်းအရင်းက စက်သုံးဆီတွေ ဝယ်ရခက်ပြီး ကုန်ဈေးနှုန်းကြီးမြင့်လာတာကြောင့်လို့ ကိုယ်တိုင်ချက်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
စက်ရုံတွေ၊ ကားပြင်လုပ်ငန်းတွေကနေ အင်ဂျင်ဝိုင်ဟောင်းတွေကို လိုက်ဝယ်သူတွေက ပြန်ချက်လုပ်တဲ့နေရာကို ပြန်သွင်းကြတာပါ။
အင်ဂျင်ဝိုင်တစ်ပီပါ (ဂါလံ ၅၀ ) စာရချိန်မှာ ချက်တာလို့ သိရပါတယ်။
ဖားကန့်လို ကျောက်စိမ်းဒေသမှာတော့ ကျောက်စိမ်းတူးတဲ့ မြေတူးစက်အကြီးစားတွေ၊ ကုမ္ပဏီတွေကနေ အသုံးပြုပြီးသားဆီတွေကို စုဆောင်းပြီး ချက်လုပ်တာလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံက ပြောပါတယ်။
ဂါလံ ၅၀ စာ ပီပါတစ်လုံးကို ကြိုလိုက်မယ်ဆိုရင် ဆီအရည်အသွေးအလိုက် ၄၅ ဂါလံလောက် ပြန်ထွက်တာကြောင့် အခုနောက်ပိုင်းမှာ လုပ်ကိုင်သူတွေ များလာတယ်လို့လည်း လုပ်ငန်းရှင်က မှတ်ချက်ပေးပါတယ်။
အင်ဂျင်ဝိုင်အဟောင်းကနေ ကျိုချက်လို့ ရလာတဲ့ ဆီတွေကိုပြန်သုံးတာနဲ့ ပတ်သက်လို့ ကိုယ်တိုင်ချက်လုပ်သူက "တရုတ်မီးစက်တွေ၊ ထော်လာဂျီတွေမှာ ပြန်သုံးတယ်။ တချို့က မီးထိုးဆီအနေနဲ့ ပြန်သုံးတယ်။ တချို့စက်တွေကိုကျတော့ ဒီဇယ်ဆီနဲ့ တွဲသုံးကြတယ်။ စက်အကောင်းစားတွေမှာတော့ ပြန်သုံးလို့မရဘူး"လို့ ပြောပါတယ်။
အသုံးပြုလို့ရတဲ့ ဆီတွေ စစ်ထုတ်ပြီးတဲ့အခါ ကျန်တဲ့ အနည်အနှစ်တွေကို ရေနံချေးအဖြစ် ပြန်သုံးလို့ရတယ်လို့လည်း သိရပါတယ်။
ဒါတွေကို စနစ်တကျ မလုပ်ဘဲ ရေတွေထဲ ကျသွားတယ်ဆိုရင်တော့ ရေနေသတ္တဝါတွေအတွက် အန္တရာယ်များတယ်လို့လည်း လုပ်ငန်းရှင်က ဆက်ပြောပါတယ်။
"အနံ့ဆိုးဆိုးဝါးဝါးကတော့ ပုံမှန်အင်ဂျင်ဝိုင်သီးသန့်ချည်းပဲဆိုရင်တော့ အဲ့လောက် အနံ့ဆိုးမထွက်ဘူး။ အင်ဂျင်ဝိုင်တွေထဲမှာ ဘာတွေရောထားလဲဆိုတာလည်း သိဖို့တော့ လိုတာပေါ့၊ တခြားအနံ့ပြင်းတာ ဘာတွေသုံးမိလဲ မပြောတတ်ဘူး"လို့ ဖားကန့်မှာ အင်ဂျင်ဝိုင်ချက်တဲ့နေရာက အနံ့ဆိုးထွက်တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။
မြစ်ချောင်းနဲ့ စက်သုံးဆီအန္တရာယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images/ပုံဟောင်း
စက်သုံးဆီတွေ မြစ်ချောင်းတွေထဲကို စီးဆင်းသွားမယ်ဆိုရင် ဆီတွေက ရေပေါ်မှာ ဝေ့နေတဲ့အတွက် မြစ်၊ ချောင်းအောက်မှာရှိတဲ့ ရေမှော်အပါအဝင် သစ်ပင်တွေ အစာမချက်လုပ်နိုင်တာတွေ ရှိနိုင်တယ်လို့ ရေအရင်းအမြစ် ကျွမ်းကျင်သူတစ်ယောက်က မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ရေနေတိရစ္ဆာန်တွေ အသက်ရှုရခက်ပြီး အစုလိုက်အပြုံလိုက် သေဆုံးတာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။
"ချောင်းစီးဆင်းရာတလျှောက်မှာ ဆီတွေဖိတ်ထားတဲ့ ရေတွေကိုလည်း သောက်လို့မရတော့ဘူး။ ချောင်းရေကို သုံးရင်လည်း အရေပြား ထိခိုက်နိုင်ပြီး သောက်ရင်လည်း အစာအိမ်နဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်တယ်"လို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ရေအရင်းအမြစ် ကျွမ်းကျင်သူက ပြောပါတယ်။
ဥရုချောင်းတလျှောက်မှာတော့ ရွှေအပါအဝင် သတ္ထုတူးတာတွေကြောင့် ရေအရောင်ဟာ လက်ဖက်ရည်အရောင်လို ဝါကျင့်ကျင့်ဖြစ်နေတာကြောင့် မသောက်ကြတော့ပေမဲ့ သုံးစွဲသူတွေ ရှိနိုင်တယ်လို့ ဖားကန့်မြို့နယ်၊ ဒေသခံ ဘုန်းတော်ကြီးက မိန့်ပါတယ်။
မြစ်၊ ချောင်းထဲမှာ စီးဆင်းသွားတဲ့ စက်သုံးဆီတွေကို ပြန်ခပ်ယူတာ၊ ဆီသက်သက် ရေသက်သက် စီးဆင်းအောင် လမ်းကြောင်းပြောင်းတာတွေနဲ့ ပြန်ပြုပြင်လို့ ရပေမဲ့ လက်ရှိအခြေအနေအရ နယ်မြေမတည်ငြိမ်မှုနဲ့ နည်းပညာအခက်အခဲ ရှိနိုင်တယ်လို့လည်း ရေအရင်းအမြစ် ကျွမ်းကျင်သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေမှာလည်း စက်သုံးဆီတွေ၊ ဓာတုပစ္စည်း၊ အဆိပ်သင့်ပစ္စည်းတွေ စွန့်ပစ်တာ တားမြစ်ထားပြီး ကျူးလွန်ရင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရမယ်လို့လည်း တွေ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ဥရုချောင်းရေတလျှောက် အင်ဂျင်ဝိုင်စွန့်ပစ်ပစ္စည်းတွေပါသွားလို့ပဲလား၊ အင်ဂျင်ဝိုင်ဟောင်းတွေချက်တာ ရပ်လိုက်လို့ အနံ့မရှိတော့တာလားဆိုတာ အဖြေသေချာ မသိကြပေမဲ့ နောက်ထပ် ဒီလို အနံ့ဆိုးတွေ ထပ်ဖြစ်လာမှာကိုတော့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
နောက်တစ်ခုက ဒီအနံ့ဆိုးတွေဟာ အင်ဂျင်ဝိုင်ဟောင်းချက်တဲ့နေရာက အနံ့သာဖြစ်ပြီး ဓာတုအဆိပ်ဗုံးအနံ့ မဖြစ်ပါစေနဲ့လို့လည်း ဒေသခံတွေက ဆုတောင်းနေကြပါတယ်။












