ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖိလစ်ပိုင်မှာ ရေဒီယို သတင်းထောက်တယောက် တိုက်ရိုက်ထုတ်လွှင့်နေတုန်း သေနတ်သမားက ပစ်ခတ် သတင်းနဲ့အတူ (နိုဝင်ဘာလ ၅ ရက် - နိုင်ငံတကာ သတင်းများ)
ဖိလစ်ပိုင်မှာ ရေဒီယို သတင်းသမားတယောက် သူ့ ကိုယ်ပိုင် အစီအစဉ်ကို ဖေ့ဘွတ်ကတဆင့် တိုက်ရိုက်ထုတ်လွှင့်နေတုန်း သေနတ်သမားတယောက်က သူ ရေဒီယိုထုတ်လွှင့်နေတဲ့ အခန်းငယ်ထဲကို ဝင်ပြီး ပစ်ခတ်သတ်ဖြတ်သွားပါတယ်။
အဲဒီ သတင်းသမား အမျိုးသားရဲ့ အမည်က ဒီဂျေ ဂျော်နီဝေါ်ကာ လို့ အသိများကြတဲ့ ဟွမ် ဟူမာလွန် ပါ။
လူသတ်သမားလို့ မသင်ကာ ခံရသူဟာ သူ့ လည်ပင်းက ဆွဲကြိုးကို ဖြုတ်ယူ သွားပါ တယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မှုကို ဘာကြောင့်လုပ်သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
မင်ဒန်နာအိုကျွန်း တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီသတ်ဖြတ်မှုကို ဖိလစ်ပိုင် နိုင်ငံလုံး ဆိုင်ရာ သတင်းထောက်များ သမဂ္ဂက ရှုတ်ချလိုက်ပါတယ်။
ကမ္ဘာမှာ သတင်းထောက်တွေ အသတ်ဖြတ်ခံရဆုံး နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံ လည်းပါဝင်နေပါတယ်။
အာဖဂန်မှာ ဘိန်းစိုက်ပျိုးမှု ထိုးစိုက်ကျဆင်း
အာဖဂန် နစ္စတန်မှာ တာလီဘန်အာဏာပိုင်တွေက ဘိန်းမစိုက်ပျိုးဖို့ ဧပြီလက စပြီး ပိတ်ပင်လိုက်တဲ့နောက်ပိုင်း ဘိန်းစိုက်ပျိုးရေးက ၉၅% လောက် တဟုန်ထိုး ကျဆင်း သွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ရေးရာရုံး (UNODC) က ပြောပါတယ်။
ဘိန်းစိုက်တောင်သူတွေ အနေနဲ့ ဝင်ငွေ ဒေါ်လာ ၁ ဘီလျံလောက် ဆုံးရှုံး သွားနိုင် တယ်လို့ အစီရင်ခံစာ တခုထဲမှာ ခန့်မှန်းထားပါတယ်။
ဒီပမာဏဟာ အာဖဂန် စိုက်ပျိုးထုတ်ကုန် တန်ဖိုးရဲ့ ၃ ပုံ ၁ ပုံ ခန့်ရှိပါတယ်။
အရင်ကတည်းက လူဦးရေ ၃ ပုံ ၂ ပုံ က အကူအညီတွေ အသည်းအသန် လိုအပ် နေတဲ့ ဒီနိုင်ငံမှာ အဲဒီတောင်သူတွေ အစားထိုး သီးနှံစိုက်ပျိုးတဲ့အခါ သူတို့ရတဲ့ ဝင်ငွေက သိပ်ကို နည်းပါးသွားတယ် လို့ UNODC က ပြောပါတယ်။
ဒီလို ဘိန်းစိုက်ပျိုးတာကို မပိတ်ပင်ခင်က အာဖဂန်ဟာ ကမ္ဘာမှာ ဘိန်းအထုတ်လုပ် ဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။
နီပေါ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၅၀ ကျော်လာ
နိုင်ငံအနောက်ပိုင်းမှာ သောကြာနေ့က ဖြစ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်လာခဲ့ရာကနေ အခုအချိန်မှာတော့ အိုးအိမ်မဲ့ သွားကြတဲ့ ထောင်နဲ့ချီတဲ့ လူတွေအတွက် အကူအညီပေးရေးတွေကို ပိုပြီး အာရုံထားဆောင်ရွက်နေတယ်လို့ နီပေါ အစိုးရ အရာရှိတွေက ပြောပါတယ်။
အေးတဲ့ ရာသီမှာ သူတို့ရဲ့ ရွှံ့အိမ်တွေ ပျက်ဆီးသွားတာ၊ ပြိုလဲသွားတာကို ကြုံနေရတဲ့ ပြည်သူတွေအတွက် အစားအစာနဲ့ ရွက်ဖျင်တဲတွေ ပေးနိုင်ဖို့ နီပေါ အစိုးရက စီစဉ် နေပါတယ်။
ငလျင်ဒဏ် အဆိုးဆုံးထိခိုက်ခံခဲ့ရပြီး ဝေးလံခေါင်သီတဲ့ ဂျဂျာကော့ နဲ့ ရုကွန် အနောက် ခရိုင်တွေကို အကူအညီတွေ ရောက်နိုင်ဖို့ အထူးပြု ဆောင်ရွက်နေကြ ပါတယ်။
သောကြာနေ့က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရပြီး နောက်ထပ် ရာနဲ့ချီတဲ့ လူတွေလည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။