ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ဖို့ တရုတ် တိုက်တွန်း - မတ် ၂၆ ရက် ထိပ်တန်းရောက် နိုင်ငံတကာသတင်းများ

ရင်းနှီးမြှုပ်နှံ့မှုတွေ ဆက်လုပ်ဖို့ တရုတ် တိုက်တွန်း - မတ် ၂၆ ရက် ထိပ်တန်းရောက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ဖို့ တရုတ် တိုက်တွန်း - မတ် ၂၆ ရက် ထိပ်တန်းရောက် နိုင်ငံတကာသတင်းများ

နိုင်ငံခြားကုမ္ပဏီကြီးတွေ ရင်နှီးမြှုပ်နှံဖို့ တရုတ်ဖိတ်ခေါ်

တရုတ်နိုင်ငံမှာ ဆက်လက် ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်က ကုမ္ပဏီကြီးတွေအပါအဝင် ကမ္ဘာ့ကုမ္ပဏီကြီးတွေကို တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

ဘေကျင်းမြို့မှာကျင်းပတဲ့ ဖွံ့ဖြိုးရေး ဖိုရမ်တခုမှာ တက်ရောက်စကားပြောစဥ်မှာ တရုတ် ကုန်သွယ်ရေးဝန်ကြီး ဝမ် ဝမ်တို (Wang Wentao) က နိုင်ငံခြား ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံမှာ ဧည့်သည်မဟုတ်ဘဲ မိသားစုဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံနဲ့ သူတို့ရဲ့ ထိပ်ပိုင်း ကုန်သွယ်ရေး မိတ်ဖက်ဖြစ်တဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေး ယုတ်လျော့လာချိန်မှာ ရင်းနှီးမြှုပ်နှံ့မှုတွေ ပိုလုပ်ဖို့ တိုက်တွန်းလိုက်တာပါ။

အဲဒီအခမ်းအနားမှာပဲ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ MSF ဥက္ကဋ္ဌက ကမ္ဘာကြီးဟာ ပြိုင်ဖက်စီးပွားရေး အဖွဲ့တွေထဲမှာ နှစ်ခြမ်းကွဲသွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ဘေကျင်းမြို့မှာပြုလုပ်တဲ့ အဲဒီတွေ့ဆုံပွဲကို အမေရိကန် ထိပ်ပိုင်း တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ကန့်သတ်မှုတွေနောက်ပိုင်း ဟောင်ကောင်ရဲ့ ပထမဆုံး ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကန့်သတ်မှုတွေနောက်ပိုင်း ဟောင်ကောင်ရဲ့ ပထမဆုံး ဆန္ဒပြပွဲ

ကန့်သတ်မှုတွေနောက်ပိုင်း ဟောင်ကောင်ရဲ့ ပထမဆုံး ဆန္ဒပြပွဲ

ဟောင်ကောင်မှာနေထိုင်ကြတဲ့ သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေအပေါ် တရုတ်နိုင်ငံဘက်က ကန့်သတ်ချက်တွေ အများအပြား ချမှတ်ပြီးတဲ့နောက်ပိုင်း ဟောင်ကောင်မှာ ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြပါတယ်။

လူအနည်းငယ်သာရှိတဲ့ အဲဒီလူအုပ်ကို ရဲတပ်ဖွဲ့က အသေအချာ စောင့်ကြည့်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ နံပတ်ပြားတွေကို ပြသထားရမှာ ဖြစ်ပြီး နှာ‌ခေါင်းစည်းတွေ တပ်ဆင်မှုကိုလည်း တားမြစ်ထားပါတယ်။

နောက်ပြီး လူ ၁ဝဝ အောက်သာ ပါဝင်ဆန္ဒပြရမယ်လို့လည်း ကန့်သတ်ထားပါတယ်။

အမှိုက်သရိုက်တွေ သိမ်းဆည်းတဲ့ အဆောက်အအုံတွေအဖြစ် အသုံးပြုတော့မယ့် မြေယာဖော်ထုတ်ရေး စီမံကိန်းတခုကို ဆန္ဒပြသမားတွေဘက်က စောဒက တက်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဟောင်ကောင်မှာရှိတဲ့ အာဏာပိုင်တွေဟာ နိုင်ငံရေး ရည်မှန်းချက်တွေကို ပိုမို ပေါ်ပေါ်ထင်ထင် ပြသတဲ့ တခြားဆန္ဒပြပွဲတွေကို ခွင့်ပြုပေးမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘယ်လာရုဇ်မှာ နျူးကလီးလက်နက်တွေ ထားဖို့ ရုရှားပြင်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘယ်လာရုဇ်မှာ နျူးကလီးလက်နက်တွေ ထားဖို့ ရုရှားပြင်ဆင်

ဘယ်လာရုဇ်နိုင်ငံမှာ နူကလီးယားလက်နက်တွေ ထားရှိသွားမယ်လို့ သမ္မတ ပူတင်က ပြောဆိုပြီးနောက်ပိုင်း ရုရှားနိုင်ငံဟာ ဘယ်လာရုဇ်နိုင်ငံကို နျူကလီးယားလက်နက်ဆိုင်ရာ ဓားစာခံနိုင်ငံဖြစ်အောင် လုပ်နေတယ်လို့ ယူကရိန်း လုံခြုံရေး တာဝန်ရှိသူတွေက စွပ်စွဲလိုက်ပါတယ်။

အမျိုးသား ကာကွယ်ရေး ကောင်စီ အတွင်းရေးမှူး Oleksiy Danilov က ဒီလုပ်ဆောင်မှုဟာ ဘယ်လာရုဇ်နိုင်ငံရဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေပြီး သူတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ဆောင်မှုဟာ NPT လို့ခေါ်တဲ့ နျူးကလီးယားလက်နက် မပြန့်ပွားရေး စာချုပ် ကတိကဝတ်တွေကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ယူကရိန်းဘက်က ပြောနေပေမယ့် မစ္စတာ ပူတင်ကတော့ ဒါကို ငြင်းဆိုပါတယ်။

ပြည်ပမှာ ထွက်ပြေးခိုလှုံနေတဲ့ ဘယ်လာရုဇ် အတိုက်အခံခေါင်းဆောင် ဆီယက်လားနာ ဆီခန်နို စကားယာ (Sviatlana Tsikhanouskaya) ကလည်း သူ့နိုင်ငံတွင်းမှာ ရုရှား နျူးကလီးယားလက်နက်တွေ ထားရှိတာဟာ လက်သင့်မခံနိုင်သလို တန်ပြန် တိုက်ခိုက်မှုတွေအတွက် ပစ်မှတ်နေရာတခု ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

 လေဆင်နှာမောင်းတိုက်လို့ မစ္စစ္စပီပြည်နယ်ကို အရေးပေါ် ကြေညာထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေဆင်နှာမောင်းတိုက်လို့ မစ္စစ္စပီပြည်နယ်ကို အရေးပေါ် ကြေညာထား

လေဆင်နှာမောင်းတိုက်လို့ မစ္စစ္စပီပြည်နယ်ကို အရေးပေါ် ကြေညာထား

ပြီးခဲ့တဲ့ သောကြာနေ့က တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် လူပေါင်း ၂၅ ယောက် သေဆုံးခဲ့ပြီး လူရာနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ မစ္စစ္စပီပြည်နယ်ကို သမ္မတ ဘိုင်ဒန်က အရေးပေါ် အခြေအနေတရပ် ကြေညာလိုက်ပါတယ်၊

ယာယီခိုလှုံစရာ နေအိမ်တွေ၊ အာမခံ မယူထားတဲ့ ပျက်စီးဆုံးရှုံးတွေနဲ့ ကောင်တီ ၄ ခုအတွင်းမှာ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ လူနေအိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးတွေအတွက် ပေးဖို့ ဗဟိုအစိုးရ ရန်ပုံငွေကိုလည်း ထုတ်ပေးထားပါတယ်၊

အဲဒီလေဆင်နှာမောင်းဟာ မစ္စစ္စပီပြည်နယ်တွင်းက ဒေသတချို့ကို အတော်လေး ဝင်မွှေသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အများအပြား ရှိခဲ့ပါတယ်။

ရိုလင်း ဖော့ခ် (Rolling Fork) မြို့မှာဆို တမြို့လုံးနီးပါး ပျက်စီးသွားခဲ့ပြီး ကားတွေ၊ အုတ်ခဲတွေနဲ့ ဖန်ကွဲစတွေဟာ လမ်းမတွေပေါ်မှာ ပြန့်ကျဲနေပါတယ်။

တချို့ဆိုရင် သူတို့နေအိမ်တွေ လေထဲပါသွားလို့ ရေချိုးကန်တွေနဲ့ စင်္ကြာလမ်းတွေမှာ ခိုလှုံရင်း အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

ကနေဒါသံအမတ်ကို အိန္ဒိယ ဆင့်ခေါ်

ဓာတ်ပုံ ရင်းမြစ်, India Foreign Office

ဓာတ်ပုံ ပုံစာ, ကနေဒါသံအမတ်ကို အိန္ဒိယ ဆင့်ခေါ်

ဆန္ဒပြပွဲကြောင့် ကနေဒါသံအမတ်ကို အိန္ဒိယ ဆင့်ခေါ်

မနေ့စနေနေ့က ကနေဒါနိုင်ငံ အိန္ဒိယ ကောင်စစ်ဝန်ရုံးအပြင်ဘက်မှာ ဆစ်ခ်တက်ကြွလှုပ်ရှားသူ ရှာနဲ့ချီက ဆန္ဒပြပြီးနောက်ပိုင်း ကြီးမားတဲ့ ဆန္ဒပြပွဲတခုကို ကန့်ကွက်ဖို့ ကနေဒါ သံအမတ်ကို အိန္ဒိယနိုင်ငံက ဆင့်ခေါ်လိုက်ပါတယ်။

ပန်ချပ်က ဆစ်ခ်ပြည်နယ် လွတ်လပ်ရေးအတွက် တောင်းဆိုခဲ့တဲ့ ဆစ်ခ် ဘာသာရေးဆရာ အမ်မရစ်ပါလ် ဆင့်ခ် (Amritpal Singh) ကို ရှာဖွေ ဖမ်းဆီးဖို့ အိန္ဒိယ အာဏာပိုင်တွေရဲ့ ကြိုးပမ်းချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြသမားတွေဟာ စာတန်းတွေကို ကိုင်ဆောင်ပြီး သံပြိုင်ဟစ်ကြွေး ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးမှုကနေ ရှောင်တိမ်းပြီးတဲ့နောက်ပိုင်း မစ္စတာ ဆင့်ခ်ဟာ လက်ရှိမှာ ထွက်ပြေးနေတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကနေဒါနိုင်ငံဟာ အိန္ဒိယနိုင်ငံ အပြင်ဘက်မှာ ဆစ်ခ်ဘာသာဝင် လူဦးရေ အများဆုံးရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။