နိုင်ငံကူးလက်မှတ်အခက်အခဲ - ကျူအာကုဒ်စျေးသိန်းချီရှိပေမဲ့ အလှည့်ရောက်ဖို့ ခက်နေဆဲ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ ပြည်တွင်းကနေ နေရပ်ထွက်ခွာဖို့ ကြိုးစားကြသူတွေများပြားနေပြီး ပြည်ပထွက်ခွာရာမှာ အဓိကကျတဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားရယူဖို့ စောင့်ဆိုင်းနေတဲ့ ရာနဲ့ချီတဲ့ လူအုပ်စုကြီးကို ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့မှာ နေ့စဥ်လိုလို တွေ့မြင်နေရပါတယ်။

အဲဒီလျှောက်ထားသူတွေများပြားတဲ့အတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ တိုကင်ယူတဲ့ ကျူအာကုဒ်ကို အွန်လိုင်းကနေ ရယူဖို့ အရင်ထက် ပိုခက်ခဲနေပါတယ်။

ပွဲစားနဲ့ ဆောင်ရွက်သူတွေမှာလည်း သိန်းနဲ့ချီ ငွေကြေး ပိုမို ကုန်ကျသုံးစွဲမှုရှိတာတောင် မိမိအလှည့်ကိုရောက်ရှိဖို့ လနဲ့ချီ စောင့်ဆိုင်းရတဲ့ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပတ်စ်ပို့ သက်တမ်းတိုးတာပဲဖြစ်ဖြစ် အသစ်လျှောက်ထားတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာကနေ ကျူအာကုဒ်လို့ခေါ်တဲ့ မိမိအလှည့်ရောက်ရှိဖို့ အွန်လိုင်းကနေ ဘိုကင်ကြိုတင်ယူရတဲ့စနစ်ကို စစ်ကောင်စီက မတ်လမှာ စတင်ခဲ့တာပါ။

အဲဒီဝဘ်ဆိုက်ကနေ လူဦးရေ ထောင်ချီကိုနေ့စဥ်ဆိုသလို ကျူအာကုဒ်တွေ ခွင့်ပြုပေးနေတယ်လို့ အဲဒီဝဘ်ဆိုက်က ဆိုပါတယ်။

ကိုဗစ်စည်းမျဥ်းစည်းကမ်းတွေကြောင့် လူစုလူဝေးမဖြစ်စေဖို့အပြင် စနစ်တကျရှိစေဖို့ပါ ဒီစနစ်ကို အစပြုခဲ့ပေမဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့က လူအုပ်ကြီးကတော့ နေ့စဥ်လိုလို ရှိနေဆဲဖြစ်တဲ့အပြင် အခု နောက်ပိုင်းမှာဆိုရင် ကျူအာကုဒ်ရရှိဖို့ အလွန်ခက်ခဲတဲ့အတွက် အကျိုးဆောင်ပွဲစားတွေနဲ့ဆောင်ရွက်ရတဲ့ စျေးနှုန်းဟာ တစ်စ တစ်စ ပိုမြင့်လာပြီး ကျပ်သိန်းနဲ့ချီပေးရတဲ့အထိ ဖြစ်လာပါတယ်။

ဒါနဲ့ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက သူ့အနေနဲ့ ကိုယ်တိုင်လျှောက်ထားဖို့ ဆောင်ရွက်ပေမဲ့ ပွဲစားနဲ့ ဆောင်ရွက်မှ ကျူအာကုဒ်ရဖို့ ဖြစ်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။

ကိုယ့်ဘာသာ ဝဘ်ဆိုက်ကနေ ဝင်ဖို့ လုပ်ပေမဲ့ မူရင်း စာမျက်နှာကနေ ရှေ့ဆက်သွားလို့ မရတဲ့အတွက် ပိုက်ဆံမပေးချင်ဘဲနဲ့ ကျူအာကုဒ်ရဖို့အတွက် ကျပ်နှစ်သိန်းခွဲလောက် ပေးခဲ့ရပြီး အဲဒီတန်ဖိုးဟာ အရင်က နိုင်ငံကူးလက်မှတ် စာအုပ် အပြီးအစီးစျေးနှုန်းလောက် ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၆ လ၀န်းကျင်လောက်က ကျူအာကုဒ်ယူပေးရုံပဲ ပွဲစားအပ်တဲ့အခါမှာ ငွေကျပ် ၃သောင်း၀န်းကျင်သာ ပေးရပြီး၊ တဖြည်းဖြည်း ၆ သောင်း၊ တစ်သိန်း ၊ တစ်သိန်းခွဲ စျေးတက်လာရာက အခု နို၀င်ဘာလမှာတော့ ၂သိန်းခွဲ အထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။

အခုလို ကျူအာကုဒ်စျေးမြင့်တက်နေပြီး ကျပ် ၂ သိန်းခွဲအထိ ပေးရတဲ့ ကျူအာကုဒ်ကို ရရှိသူတွေတောင် နောက်ထပ် ၂ လ ဝန်းကျင်မှ ပတ်စ်ပို့ လျှောက်ထားဖို့ အလှည့်ကျတယ်လို့ ကိုယ်တိုင်ကြုံတွေ့ကြသူတွေက ပြောပါတယ်။ 

ကိုဗစ်နဲ့ အာဏာသိမ်းတာကို တစ်ဆက်တည်းကြုံလိုက်ရတဲ့ မြန်မာပြည်သူတွေအနေနဲ့ နည်းမျိုးစုံနဲ့ ပြည်ပ နိုင်ငံတွေကို ထွက်ဖို့ ကြိုးစားကြတဲ့အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေ၊ သက်တမ်းတိုးသူတွေ အရင်ထက် ပိုများလာကြတယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ဆိုကြပါတယ်။

ကိုဗစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာတယ်လို့ ယူဆနိုင်တဲ့အတွက် ပြည်ပထွက်သူတွေ ပိုများလာတာဖြစ်နိုင်ကြောင်းနဲ့ ထိုင်းနိုင်ငံကို သွားရောက်သူ ပိုများကြောင်း အလုပ်သမား‌အေဂျင်စီတစ်ခုက တာ၀န်ရှိသူတစ်ဦးက သူသိရှိထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ပတ်စ်ပို့အတွက် အခုလို ငွေကြေး သိန်းနဲ့ချီ အကုန်အကျခံပြုလုပ်နေမယ့်အစား အလျင်စလိုလုပ်ဖို့ မလိုအပ်သေးဘူးဆိုရင်တော့ ကျူအာကုဒ်ကို စိတ်ရှည်ရှည်ထား စောင့်ဆိုင်းကြိုးစားရယူဖို့နဲ့ အချိန်ပေးနိုင်ရင် ကိုယ်တိုင်အစအဆုံးပြုလုပ်တာကသာ အကောင်းဆုံးနဲ့ အကုန်အကျ အသက်အသာဆုံးဖြစ်ကြောင်း လူမှုကွန်ရက်မှာ ပြည်သူအချင်းချင်း ပြန်လည်မျှဝေရေးသားတာတွေလည်း ရှိနေပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကို လိမ်လည်နေသူတွေလည်း ရှိနေပြီး ပြီးခဲ့တဲ့ လပိုင်းမှာ နိုင်ငံကူးလက်မှတ် အမြန်လျှောက်ထားပေးမယ်ဆိုပြီး လိမ်လည်ခဲ့သူတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

လျှောက်ထားသူများပြားနေတဲ့အတွက် မနက် ၄ နာရီ မတိုင်ခင်ကနေ ညနေ ရုံးချိန် ကျော်လွန်တဲ့အထိ နိုင်ငံကူးလက်မှတ်ရုံးမှာ တန်းစီသူတွေ အများအပြား လျှောက်ထားနေကြတာကို တွေ့ရပါတယ်။