ဇန်နဝါရီ ၃၀ ရက်ထိပ်တန်းသတင်းများ - မြန်မာ့နိုင်ငံရေးပြဿနာကို အာဆီယံကြားဝင်ဖြေရှင်းဖို့ RCSS တိုက်တွန်း

မြန်မာ့နိုင်ငံရေးပြဿနာကို အာဆီယံကြားဝင်ဖြေရှင်းဖို့ RCSS တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Tai Freedom

မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ အာဆီယံအနေနဲ့ အလေးအနက်ထားပြီး ကြားဝင်ဖြေရှင်းပေးဖို့ကိုပါ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က သူတို့ရဲ့ နှစ်ပတ်လည်အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်ကတဆင့် တိုက်တွန်းထားပါတယ်။

ဒါဟာ ဇန်နဝါရီလ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ကျင်းပခဲ့တဲ့ RCSS ရဲ့ နှစ်ပတ်လည်အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်မှာဖော်ပြခဲ့တာဖြစ်ပြီး RCSS အဖွဲ့ဝင် ၂၅၆ ဦးတက်ရောက်ဆွေးနွေးခဲ့ကြတာလို့ မနေ့က အခုလိုသတင်းထုတ်ပြန်ခဲ့တာပါ။

၂၀၂၄ ခုနှစ်မှာ လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေပြီး လာအိုရဲ့ မြန်မာ့အရေး အထူးသံတမန် အာလွန်ကောင်း ကစ်တီကွန်း(Alounkeo Kittikhoun)ဟာ တာဝန်စတင် ထမ်းဆောင်တဲ့ သီတင်းတစ်ပတ်အတွင်းမှာပဲ နေပြည်တော်ကိုရောက်လာခဲ့ပြီး စစ်ခေါင်းဆောင်အပါအဝင် အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

အဲဒီထဲ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့လည်းတွေ့ဆုံထားခဲ့ပါတယ်။

RCSS ရဲ့ နှစ်ပတ်လည်အစည်းအဝေးထုတ်ပြန်ချက်အရ မြန်မာရဲ့ နိုင်ငံရေးပြဿနာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမယ်လို့ ပြောသလို ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်မှသာ မြန်မာရဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်မယ်လို့ လည်း ဆိုပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) နှိမ်နင်းမယ်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ ထိန်းချုပ်နယ်မြေတွေထဲ အွန်လိုင်းငွေကြေး လိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းအပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ လူကုန်ကူးမှုတားဆီးရေး လုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်သွားမယ့်အကြောင်း ထုတ်ပြောပါတယ်။

RCSS အနေနဲ့ ကျားဖြန့်နှိမ်နင်းရေးဘယ်လိုပုံစံဆက်ရွက်ဖို့ရှိမလဲဆိုတာနဲ့ပတ်သက်လို့ ဘီဘီစီက ထပ်မံမေးမြန်းနိုင်ဖို့ကြိုးစားပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

ဒါအပြင် RCSS ဟာ မကြာခဏထိတွေ့မှုရှိခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာတွေ့ဆုံဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှု တရားဝင်ရပ်စဲခဲ့ပါတယ်။

ထိုင်း - မြန်မာနယ်စပ်ကတဆင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး အစီအစဉ်ကို အာဆီယံကြိုဆို

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်(ဘယ်အစွန်) တက်ရောက်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်(ဘယ်အစွန်) တက်ရောက်ခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်း - မြန်မာနှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့ နယ်စပ်တကြောမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်ကို ကြိုဆိုကြောင်း မနေ့က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလိုအကူအညီပေးမှုကတဆင့် အခြေခံလိုအပ်ချက်တွေကို ထိထိရောက်ရောက် ပွင့်လင်းမြင် သာစွာ ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်ကြောင်း ထည့်ပြောထားသလို အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး(AHA Centre) အနေနဲ့လည်း အာဆီယံဘုံသဘောတူညီချက် ငါးချက်မှာပါဝင်တဲ့အတိုင်း ပူးပေါင်းပါဝင်သွားမယ်လို့ ပြောပါတယ်။

ဒါဟာ ထိုင်း - မြန်မာနယ်စပ် တခ်ခရိုင် (Tak) ၊ မဲဆောက်မြို့မှာ စင်တာတည်ဆောက်ပြီး AHA Centre ကနေ လူသားချင်း စာနာထောက်ထားမှုအကူအညီပေး‌မှုတွေကို စောင့်ကြည့်ဆောင် ရွက်သွားမှာပဲ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha-Nukara က လာအိုနိုင်ငံမှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးမှာ တင်ပြခဲ့ပြီး ဒါကိုအကောင် အထည်ဖော်ဖို့ အာဆီယံနိုင်ငံတွေက သဘောတူညီချက်ပေးခဲ့တာလို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်တွေမှာ မဲဆောက်မြို့ကို သွားရောက်ဖို့ရှိပြီး အကူအညီပေးရေးစင်တာ တည်ဆောက်ဖို့ ‌သင့်တော်မယ့်နေရာရှာဖွေဖို့ရှိတယ်လို့ မနေ့ ဇန်နဝါရီ ၂၉ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ထုတ်ပြောခဲ့တာပါ။

ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်တကြောအကူအညီလိုအပ်နေသူတွေအတွက် ထိုင်းအစိုးရအပြောင်းအလဲအပြီး အာဆီယံသဘောတူညီချက်နဲ့အတူ ပထမဆုံးဆောင်ရွက်မယ့် အစီအစဉ်တစ်ခုဖြစ်လာပြီး ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကူညီပေးရေးစတင်နိုင်ဖို့ ထိုင်းဘက်ကခန့်မှန်းထားပါတယ်။

အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး(AHA Centre) ကတော့ အခုနှစ်အစ ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေနဲ့ ဆီဆိုင်မြို့တွေက စစ်ရှောင်တွေအတွက် အကူအညီပေးထားသလို အခုလိုတိုးတက်လာမှုကိုလည်း ကြိုဆိုကြောင်း မနေ့ဇန်နဝါရီ ၂၉ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်က လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေး အရ ကိုယ်စားမပြုတဲ့ အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ ဒေါ်မာလာသန်းထိုက် တက်ရောက်ခဲ့ပါတယ်။

အာဏာသိမ်း ၃ နှစ်ပြည့်ဖို့ အချိန်နဲ့ တိုက်ဆိုင်စွာဖြစ်လာတဲ့ အာဆီယံဥက္ကဋ္ဌသစ် လာအိုရဲ့ ပထမဆုံးအစည်းအဝေးမှာတော့ စစ်ကောင်စီဘက်ကနေ နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ အဆင့်ကို တက်ရောက်ဖို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလ အစည်းအဝေးနောက်ပိုင်းကစလို့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်ပိတ်ထားတာလည်းဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် အယောက် ၆၀ ကျော်ကို NUG အမည်ပျက်စာရင်းသွင်း

စီးပွားရေးလုပ်ငန်းရှင် အယောက် ၆၀ ကျော်ကို NUG အမည်ပျက်စာရင်းသွင်း

ဓာတ်ပုံ ရင်းမြစ်, UMFCCI

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ရွေးကောက် တင်မြှောက်ထားတဲ့ UMFCCI ဦးဆောင်သူတွေ

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှာ ဗဟိုအလုပ်အမှုဆောင်တွေအဖြစ် ဆက်ပြီးတာဝန်ယူနေတဲ့ စီးပွားရေး လုပ်ငန်းရှင် အယောက် ၆၀ ကျော်ကို အမည်ပျက်လုပ်ငန်းရှင် စာရင်းသွင်းလိုက်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါ တယ်။

အမည်ပျက်စာရင်းအသွင်းခံရသူတွေဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ရွေးကောက် တင်မြှောက်ထားတဲ့ UMFCCI ဦးဆောင်သူတွေဖြစ်ပြီး ဥက္ကဋ္ဌဖြစ်တဲ့ သူရိယဝင်းကုမ္ပဏီ (နဂါးပျံလက်ဖက်ခြောက်) ပိုင်ရှင် ဦးအေးဝင်းအပါအဝင် ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရဲမင်းအောင်စတဲ့ လုပ်ငန်းရှင် ၆၄ ဦး စာရင်းကို NUG က ထုတ်ပြန်ခဲ့တာပါ။

UMFCCI ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်တဲ့ အကြီးဆုံးပုဂ္ဂလိကအသင်း အဖွဲ့ တစ်ခုဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

အခုလို စာရင်းအသွင်းခံထားရတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ စစ်ကောင်စီနဲ့အကျိုးစီးပွားပတ်သက်မှုမရှိကြောင်း ၊ စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမယ့်ဆက်နွယ်မှုတွေမလုပ်ကြောင်း ခံဝန်ချက်ကို ရက် ၉၀ အတွင်း NUG ဆီ အယူခံတင်ရမယ်လို့လည်း ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ UMFCCI ကို ဖျက်သိမ်းကြောင်းနဲ့ ဒီအဖွဲ့မှာဆက်ပြီး တာဝန် ထမ်းဆောင်နေတဲ့ လုပ်ငန်းရှင်၊ ဝန်ထမ်းတွေကို တည်ဆဲအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်ဆိုတဲ့ ကြေညာချက်အတိုင်း ဆက်ပြီးဆောင်ရွက်တာလို့ NUG က ဖော်ပြထားပါတယ်။

UMFCCI ဟာ အများပြည်သူအကျိုးကို ဦးစားမပေးဘဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ် ကျူးလွန်မှု တွေကို ငွေကြေးထောက်ပံ့ကူညီနေသလို အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း စစ်ကောင်စီနဲ့ ပူးပေါင်းကျူးလွန်နေတယ်ဆိုပြီး NUG က ဖျက်သိမ်းကြောင်း ကြေညာထားတာပါ။

ကုန်သည်လုပ်ငန်းရှင်များအသင်းချုပ် UMFCCI တာဝန်ရှိသူတွေဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးလေ့ရှိတာကို နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာတွေကတဆင့် တွေ့ရပါတယ်။

ရခိုင် မင်းပြားနဲ့ ဘူးသီးတောင်မှာ တိုက်ပွဲဆက်ပြင်းထန်နေ

မင်းပြားမြို့

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ် မင်းပြားမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)ကြား မနေ့ ဇန်နဝါ ရီ ၂၉ ရက်ကနေ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မင်းပြားအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၃၈၀) ကို အေအေဘက်က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် မင်းပြားမှာ စစ်ကောင်စီတပ်ရင်း ၂ ခုသာကျန်တော့တာဖြစ်ပြီး အဲဒီတပ်ရင်းတွေဖြစ်တဲ့ ၅၄၁ နဲ့ ၃၇၉ ကို အေအေဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အသေအဆုံးများခဲ့တာကြောင့် စစ်တပ်ရဲ့ နေရာအများစုကို အေအေဘက်က ထိန်းချုပ်ထားနိုင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် ဘီဘီစီအနေနဲ့ နှစ်ဖက်သေဆုံးတာနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

တစ်ဖက်မှာလည်း ရခိုင် ဘူးသီးတောင်မြို့အခြေစိုက် စိုင်းဒင်တံတားနားမှာ တပ်စွဲထားတဲ့ စစ် တပ်စခန်းကို အေအေဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးရဲ့အပြောအရ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်ကနေ လက်နက်ကြီးနဲ့ ဘူးသီးတောင်မြို့တဝိုက်ကို ပစ်ခတ်တိုက် ခိုက်နေသလို တစ်ချိန်တည်းမှာပဲ ရခိုင်(မြောက်ပိုင်း)မှာ အေအေဘက်က သိမ်းယူထားနိုင်တဲ့ ပေါက်တောမြို့မှာလည်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာတွေရှိတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ မင်းပြားနဲ့ ဘူးသီးတောင်မြို့တို့က အခြေအနေတွေနဲ့ပတ်သက်လို့ ဒီကနေ့အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်း အေအေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေက မြို့သိမ်းတိုက်ပွဲတွေအထိပြင်း ထန်လာနေပြီး ရခိုင်ဒေသခံသိန်းချီထွက်ပြေးနေကြရသလို နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ၉၀ ကျော်သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၂၀၀ ဝန်းကျင်အထိရှိလာနေပြီလို့ အေအေရဲ့ ထုတ်ပြန်ချက်နဲ့ ဒေသခံ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။