ဇန်နဝါရီ ၂၉ ရက် ထိပ်တန်းသတင်းများ - ကရင်မှာ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပစ်ချခံရ

ဓာတ်ပုံ ရင်းမြစ်, Social Media
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ရွာတဝိုက်ကို ပျံသန်းလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို ကရင်တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်း၊ လက်နက်ကြီးတွေအသုံးပြုပြီး ပစ်ချခဲ့တာကြောင့် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း အမှတ် ၃၅၅ အနီးမှာ ပျက်ကျခဲ့တယ်လို့ စစ်ရေးသတင်းသိရှိတွေက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၂ နာရီကျော်မှာ အခုဖြစ်စဉ်ဖြစ်ခဲ့ပြီး Eurocopter 365 ကို ထိမှန်ပစ်ချနိုင်ခဲ့ကာ အတူပျံသန်းလာတဲ့ Mi 35 ရဟတ်ယာဉ်တော့ ပျက်ကျတာမရှိဘူးလို့ ကရင်တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
"ဒီဟယ်ရီကော်ပတာထဲပါလာတဲ့ တပ်မ ၄၄ တပ်မမှူးအပါအဝင် ငါးဦးတော့ ပျက်ကျတဲ့ယာဉ်ထဲပါတဲ့အတွက် ပြင်းထန်ဒဏ်ရာရတယ်။ တပ်ကူလာတဲ့သဘောလည်းမဟုတ်ဘူး၊ ကျွန်တော်တို့နဲ့တိုက်တာမှာ တပ်မ ၄၄ က တပ်မမှူး သုံးယောက်ပြောင်းပြီးပြီ။ ဒါက ဖာပွန်ကလွှတ်လိုက်တဲ့ တပ်မမှူးအသစ်ပဲ" လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒေသတွင်းသတင်းတွေရဲ့ဖော်ပြချက်အရ ပြင်းထန်ဒဏ်ရာရရှိသူတွေသေဆုံးပြီလို့ ဆိုပေမဲ့ ဘီဘီစီအနေနဲ့ ရဟတ်ယာဉ်မှာလိုက်ပါလာသူတွေရဲ့ ရာထူးအပါအဝင် လူသေဆုံးမှုနဲ့ပတ်သက်လို့တော့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ဒီရဟတ်ယာဉ်ဟာ စစ်ကောင်စီခြေမြန်တပ်ရင်း ၃၅၅ အနီးတဝိုက်ကိုပဲ ပျက်ကျခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပဲ အနီးတဝိုက်နေရာယူထားတာကို လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေကတဆင့် တွေ့ရပါတယ်။
ဒါပေမဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ကတော့ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ညနေ ၆ နာရီဝန်းကျင်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။
နန်းမားမြို့မှာလက်နက်ကြီးကြောင့် သုံးရက်အတွင်း အရပ်သားလေးဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန်းမားမြို့တဝိုက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် သုံးရက်အတွင်း အရပ်သားလေးဦးသေဆုံးခဲ့ပြီး အများစုဟာ ညောင်ပင်သာရပ်ကွက်ကဒေသခံတွေလို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မနက်ပိုင်းမှာ ညောင်ပင်သာရပ်ကွက်ထဲက စာသင်ကျောင်းအနီးကို လက်နက်ကြီးကျတာကြောင့် အသက် ၆၀ အရွယ် ဦးမြင့်ဖေ ဆိုသူ နေရာမှာတင်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ညနေပိုင်းမှာလည်း လက်နက်ကြီးကျရောက်တာကြောင့် ညောင်ပင်သာရပ်ကွက်က သားအမိနှစ်ဦး၊ ကသည်းကုန်းရွာက အမျိုးသားတစ်ဦး သေဆုံးခဲ့တာပါ။
"စစ်ကောင်စီတပ်ဘက်ကလည်း နန်းမားတပ်ထဲ အင်အားဖြည့်တယ်၊ PDF တွေကလည်း နန်းမားတဝိုက်ကင်းလှည့်တာတွေရှိတယ်။ ၂၇ ရက်ညနေပိုင်းမှာ နန်းမာရဲစခန်းကို PDF တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း စစ်တပ်ဘက်က လက်နက်ကြီးတွေဆက်တိုက်ကို ပစ်တော့တာပဲ" လို့ နန်းမားဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီရက်ပိုင်းလက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိတယ်လို့လည်း သူကဆက်ပြောပြပါတယ်။
ဒါကြောင့် နန်းမားမြို့အနီးမှာရှိတဲ့ နန့်စော်လော်၊ ကသည်းကုန်း၊ တောင်အင်း၊ ဘုရားကြီးကွင်းစတဲ့ကျေးရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။
စစ်ကောင်စီကတော့ ကချင်ပြည်နယ်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်ညနေပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာမရှိပါဘူး။
ရခိုင်မှာအပစ်ရပ်ဖို့ တရုတ်ကြိုးပမ်း

ဓာတ်ပုံ ရင်းမြစ်, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင်ပြည်နယ်မှာ နောက်ထပ်တကြိမ်အပစ်အခတ်ရပ်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ကြိုးပမ်းနေပြီး အပစ်ရပ်နားမှာသာ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်တွေပြန်လည်စတင်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ Yao Wen က ပြောတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
"နေရပ်ပြန်ရေးကိစ္စက ကျွန်တော်တို့လေးလေးနက်နက်ဆွေးနွေးကြတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်။ ရှေ့လျှောက်ပိုပြီးခက်ခဲမယ့်ရက်တွေရှိလာနိုင်တာကို နားလည်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ယုံကြည်ချက်ရှိဖို့လိုတယ်" လို့ မစ္စတာ Yao Wen က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Hasan Mahmud ကို ဇန်နဝါရီ ၂၈ ရက်တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့ပါတယ်။
အရင်တုန်းကလည်း တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရခိုင်ပြည်နယ်မှာအပစ်ရပ်နားခဲ့ဖူးကြောင်းလည်း တရုတ်သံအမတ်က ထည့်ပြောပါသေးတယ်။
သူ့ရဲ့အပြောအရ တရုတ်ရဲ့ အခုလိုရပ်တည်ချက်ဟာ မြန်မာ့ အကျပ်အတည်းတွေအတွက် ရေရှည်တည်တံ့တဲ့အဖြေတစ်ခုရဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအသစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တရုတ် နဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ လက်ရှိဆက်ဆံရေးအပါအဝင် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတွက်ပါ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြေပြင်အခြေအနေကတော့ နိုဝင်ဘာ ၁၅ ရက်ကစလို့ ရက္ခိုင့်တပ်တော် အေအေ နဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီး စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းစတဲ့မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအများစုကို သိမ်းပိုက်ထားပြီး မြို့အချို့ကိုလည်း အေအေ က ထိန်းချုပ်ထားနိုင်ကြောင်း တရားဝင်ကြေညာထားပါတယ်။
ဆီဆိုင်စစ်ရှောင်သောင်းချီအတွက် အရေးပေါ်အကူအညီလိုအပ်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်မှာ စစ်ကောင်စီနဲ့သူ့ရဲ့လက်အောက်ခံ ပြည့်သူ့စစ်(PNO)နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီးနောက် စစ်ရှောင်ဦးရေသောင်းနဲ့ချီမြင့်တက်လာပြီး အရေးပေါ် အစားအသောက်၊ အမိုးအကာတွေလိုအပ်နေပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေဆီက သိရပါတယ်။
ဆီဆိုင်မြို့မှာ ပြီးခဲ့တဲ့လတွေကတည်းက ကယား (ကရင်နီ) ပြည်နယ်ကနေ လာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင်တွေလည်းရှိနေတာကြောင့် အခုလိုမြို့ပေါ်တိုက်ပွဲဖြစ်လာချိန်မှာတော့ ကယားစစ်ရှောင်တွေရော ပအိုဝ်းဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။
"ဆီဆိုင်စစ်ရှောင်တွေကလေ တောင်ကြီး၊ပင်လောင်းနဲ့ ဟိုပုံးမြို့တွေအထိ ပြေးကြရတယ်။ နာမည်ကြီး မွေတော်ကက္ကူဘုရားရှေ့မှာဆို စစ်ရှောင်တွေအသက်ကြီးသူတွေရော အများကြီးပဲ။ ရုတ်တရက်တိုက်ပွဲဖြစ်တော့ ဘာမှလည်းမပါလာကြဘူး၊ ရာသီဥတုကလည်းအေးနေတော့ အစားအသောက်အမိုးအကာအကုန်လိုအပ်နေတယ်" လို့ မြေပြင်မှာရှိနေတဲ့ စစ်ရှောင်ကူညီနေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီလိုစစ်ပြေးရှောင်ကြသူတွေအပြင် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာပိတ်မိနေတဲ့ ဒေသခံအချို့လည်းရှိနေသေးပြီး တောတောင်တွေထဲမှာခိုလှုံနေရတယ်လို့ သူကဆက်ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းကစလို့ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားလာတာဖြစ်ပြီး မနေ့ ဇန်နဝါရီ ၂၈ ရက်တနေကုန်လုံး မြို့ထဲကို စစ်ကောင်စီတပ်ကလေကြောင်းနဲ့သာမက လက်နက်ကြီးပစ်ခတ်မှုတွေပါ ရှိခဲ့သလို ဒီကနေ့မနက်အစောပိုင်းမှာလည်း ဆီဆိုင်မြို့အရှေ့ဘက်က လွယ်တောင်၊ ထီးရီးစတဲ့ရွာတွေအနီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) က ထိန်းချုပ်ထားကြောင်းကြေညာထားပြီး PNLA ရဲ့ ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထုတ်ပြန်ချက်အရလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့ပေါ်က ကောင်ႏမူႏဗွာရွာဘုန်းတော်ကြီးကျောင်း၊ အရိယာမဂ္ဂင်ဓမ္မာရုံ နဲ့ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းကအဆောက်အဦးအချို့နဲ့ အရပ်သားနေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLO/ PNLA) နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာလို့ ပြောဆိုမှုတွေရှိပေမဲ့ တစ်ဖက်မှာလည်း PNLA ရဲ့ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ ငြင်းဆိုထားပါတယ်။
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကတော့ PNLO/ PNLA အနေနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့နည်းလမ်းကိုရှောင်ဖယ်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးကြဖို့ ဇန်နဝါရီ ၂၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ တိုက်ပွဲတွေဟာ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ PNLA ယူနီဖောင်းဝတ်ဆင်ထားသူတွေသယ်လာတဲ့ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသိမ်းဆည်းခဲ့ကြောင်း သတင်းထုတ်ပြန်ရာကနေ စတင်ခဲ့ပြီး PNLA ဘက်ကတော့ ပအိုဝ်းဒေသမှာ မိဘပြည်သူတွေ လွတ်လွတ်လပ်လပ်သွားလာနေထိုင်နိုင်ဖို့ လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုဆောင်ရွက်နေတာလို့ ထုတ်ပြောထားပါတယ်။
ရခိုင်၊ မင်းပြားက စစ်ကောင်စီတပ်ရင်းကိုသိမ်းပိုက်နိုင်တယ်လို့ ညီနောင်သုံးဖွဲ့ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, AA info desk
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်းအမှတ် ၃၈၀ ကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ဒီကနေ့မနက်အစောပိုင်းမှာသတင်းထုတ်ပြန်လာပါတယ်။
မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ရက္ခိုင့်တပ်တော် အေအေ ကနေ ဇန်နဝါရီလဒုတိယအပတ်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း မြေပြင်တိုက်ခိုက်မှုတွေသာမက လေကြောင်း၊ ရေကြောင်းကနေပါ တန်ပြန်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
မင်းပြားမြို့အပြင် မြောက်ဦး၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေမှာလည်း အေအေ နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဆက်ရှိနေတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ထုတ်ပြန်လာခဲ့တာပါ။
ဒါအပြင် မြောက်ဦးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၇၇၊ ၅၄၀ အပါအဝင် အမှတ် ၃၁ ရဲတပ်ရင်းတို့ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အရပ်သား ၄ ဦးသေဆုံးထားပြီး ၇ ဦးထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်အလုံး ၂၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ရခိုင်က တပ်ရင်းတွေတိုက်ခိုက်ခံရတာအပါအဝင် လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမျိုးမရှိပါဘူး။
လာအိုအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီ ရဲ့ အမြဲတမ်းအတွင်းဝန်တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, AFP
လာအိုနိုင်ငံမှာ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့အကြီးတန်းအရာရှိတစ်ဦးတက်ရောက်နေပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအတူတကွရိုက်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာတော့ မြန်မာဝတ်စုံဝတ်ဆင်ထားတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို တွေ့ရပါတယ်။
မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေ ဆွေးနွေးမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို လာအိုနိုင်ငံ၊ လွမ်ဖရာဘန်မြို့မှာ မနေ့ ဇန်နဝါရီ ၂၈ ရက်မှာ စတင်ကျင်းပတာဖြစ်ပါတယ်။
မြန်မာမှာစစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ဧပြီမှာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ချမှတ်ခဲ့သလို အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်ပိတ်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း မြန်မာကိုကိုယ်စားပြုတဲ့ နိုင်ငံရေးအရကိုယ်စားပြုတဲ့ အဆင့်တက်ရောက်ခွင့်မရှိတာကြောင့် နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့သူတွေကို အစည်းအဝေးတွေကို စေလွှတ်မှာမဟုတ်ဘူးဆိုပြီး တုံ့ပြန်ထားတာပါ။
ဒါပေမဲ့ အာဏာသိမ်း ၃ နှစ်ပြည့်ဖို့ အချိန်နဲ့ တိုက်ဆိုင်စွာဖြစ်လာတဲ့ အာဆီယံဥက္ကဋ္ဌသစ် လာအိုရဲ့ ပထမဆုံးအစည်းအဝေးမှာတော့ စစ်ကောင်စီဘက်ကနေ နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ အဆင့်ကို တက်ရောက်ဖို့ စေလွှတ်တယ်လို့နားလည်ရပါတယ်။
လာအိုဦးဆောင်မယ့် အခုကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမတိုင်ခင်ကပဲ အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန်အာလွန်ကောင်း ကစ်တီကွန်း(Alounkeo Kittikhoun)ဟာ သူတာဝန်စတင်ထမ်းဆောင်တဲ့ သီတင်းတစ်ပတ်အတွင်းမှာပဲ နေပြည်တော်ကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။ တဖက်စစ်ကောင်စီကလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နေရာအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုကို ခန့်အပ်လိုက်ပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုဟာ လက်ရှိ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေရဲ့သားမက် ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ဆုံချိန်တိုင်းမှာ ဘေးနားမှာ မြင်တွေ့ခဲ့ရသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ကပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန်အာလွန်ကောင်း ကစ်တီကွန်းတို့ အွန်လိုင်းကတဆင့်တွေ့ဆုံထားပြီး မြန်မာ့အရေးဆွေးနွေးထားပါတယ်။








