ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မီးပြတ်တာ ဆိုးပေမဲ့ ဆိုလာပြား ဝယ်တပ်နိုင်မှာလား
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် လျှပ်စစ်မီး ပြတ်တောက်တာက တနှစ်ထက် တနှစ် ပိုပြီး ဆိုးလာတာနဲ့ အတူ ပြည်သူတွေအနေနဲ့ လျှပ်စစ်မီးရနိုင်ဖို့ ဆိုလာ (နေရောင်ခြည်အားသုံး စွမ်းအင်ထုတ်လုပ်မှု) စနစ်ကို အစားထိုးလို့ ပိုသုံးစွဲကြလာကြပါတယ်။
ဒါပေမဲ့ အများပြည်သူအနေနဲ့ ဆိုလာစနစ်ကို လက်လှမ်းမီ နိုင်ဖို့က ဘယ်လောက် နီးစပ် လာပါသလဲ။
စျေးကွက်ထဲမှာတော့ ဆိုလာကို ပိုလိုက်လာနေကြတယ်။ အထူးသဖြင့် ချမ်းသာ သူတွေ၊ လုပ်ငန်းရှင်တွေက ဆိုလာနဲ့ လျှပ်စစ် စွမ်းအင်ရတာက မီးစက်ထက် ပိုအကုန်အကျ သက်သာလာနိုင်တဲ့အတွက် ဆိုလာစနစ်ကို ရွေးချယ်လာကြ ပါတယ်။
“ငွေရေးကြေးရေး တတ်နိုင်တဲ့ သူတွေ၊ လုပ်ငန်းရှင်တွေ အနေနဲ့ကျတော့ အနိမ့်ဆုံး သိန်း ၄၀ ပတ်ဝန်းကျင်လောက်ကနေ၊ (သုံးမယ့်) ကီလိုဝပ် ကြီးရင် ကြီးသလို သိန်းရာ ကျော်တွေ၊ သိန်းထောင်ဂဏန်းတွေ အထိ တချို့ လုပ်ငန်းကြီးတွေက သုံးနေကြပြီ။
ခါတိုင်းနှစ်တွေ ထက်စာရင် (ဆိုလာ) သုံးစွဲမှုက အဆပေါင်းများစွာ တိုးလာပါတယ်” လို့ လုပ်ငန်းရှင် တယောက်က ဘီဘီစီကို ပြောပါတယ်။
(မြင်းကောင်ရေ) တကောင် ခွဲအား အဲကွန်းတလုံး၊ ရေမော်တာ၊ တီဗီ၊ ကွန်ပျူတာ၊ ထမင်းပေါင်းအိုး၊ ရေခဲသေတ္တာ စတာတွေကို အလှည့်ကျ သုံးလို့ ရအောင် ၃ ကီလို ဝပ် ရမယ့် ဆိုလာ စနစ်တပ်ဆင်ပါ ဆိုတာမျိုး ဖေ့ဘွတ်ကတဆင့် ဆိုလာ စနစ် ဝန်ဆောင်တဲ့ ကုမ္ပဏီတွေက ကြော်ငြာ နေကြသလို၊ တနေရာမှာဆို ၂၈၀၀ ဝပ်ရဖို့ လိုအပ်တဲ့ ဆိုလာပြားတွေ၊ အင်ဗာတာတွေ၊ ဘက်ထရီတွေ စသဖြင့် ဆိုလာ စနစ် တစုံအတွက် ကျပ် ၉၇ သိန်း ကုန်ကျမယ်လို့ စျေးနှုန်း ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
အိမ်သုံး၊ အိမ်တွင်းဘက်စုံသုံး၊ လုပ်ငန်းသုံး စသဖြင့် လိုအပ်ချက် အမျိုးမျိုးအတွက် ဆိုလာ စနစ်တွေ တပ်ဆင်ဖို့ ကျပ် သိန်း ၃၀ လောက်ကနေ သိန်း ရာကျော်အထိ ပေးရတဲ့ ဆိုလာ စနစ် မျိုးစုံ ရှိပါတယ်။
မီးစက်တွေ အားကိုးနေရတဲ့ လုပ်ငန်းရှင်တွေ အတော်များများကလည်း တချီတည်း ငွေများများထည့် ရင်းထားရင်၊ ဆိုလာ စနစ်တပ်ဆင်မှုက လောင်စာဆီသုံး မီးစက် ကုန်ကျစားရိတ်ထက် ရေရှည်ကျ ပိုသက်သာလာနိုင်တဲ့ အတွက် ဆိုလာ ဘက်ကို ပိုကြည့်လာနေပါတယ်။
မြို့နေ ပြည်သူတွေရဲ့ ရပ်ကွက်တွေထဲမှာလည်း ဆိုလာပြားကို ပိုစဉ်းစားလာ ကြသလို၊ ဖုန်းအားသွင်းဖို့ ကျပ် တသိန်း နဲ့ တသိန်းခွဲကြားလောက် ပေးရတဲ့ လက်တဝါးသာသာ အရွယ် ဆိုလာပြားလေးက အစ ဒီထက် ပိုကြီးပြီး ပိုဓာတ်အားများများ ရနိုင်တဲ့ ဆိုလာပြားတွေ တပ်ဆင်လာတာကို တွေ့လာရပါတယ်။
ဒါပေမဲ့ အဲကွန်းလို လျှပ်စစ်ဓာတ်အား အတော်လိုအပ်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အထိ သုံးလို့ ရမယ့် ဆိုလာစနစ်ကို တပ်ဆင်မယ်ဆိုရင် သိန်းဆယ်၊ ရာဂဏန်းထိ ကုန်ကျ မှာမို့ သာမန် လူတွေ သုံးနိုင်မယ့် အခြေအနေမှာ ရှိမနေပါဘူး။
စစ်ကောင်စီက အစီအမံတွေက ဘယ်လိုပါလဲ
ဒီအချိန်မှာပဲ စစ်ကောင်စီလက်အောက် စီမံကိန်းနဲ့ ဘဏ္ဌာရေး ဝန်ကြီးဌာနက ဆိုလာ ပြားနဲ့ ဆက်စပ်ပစ္စည်း ၆ မျိုး ပြည်ပက တင်သွင်းမှု အပေါ် ဧပြီလ ၁ ရက်နေ့ က စပြီး အခွန် ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။
ပြည့်ဖြိုးမြဲ ရင်းမြစ်သုံးပြီး စွမ်းအင်ထုတ်မယ့် ရင်းနှီး မြှုပ်နှံမှုတွေကို နိုင်ငံတကာမှာ အခွန်ကင်းလွတ်ခွင့်ပေးပြီး ဖိတ်ခေါ်သလို မြန်မာစစ်ကောင်စီ ကလည်း ဖိတ်ခေါ် ထား ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့နောက်ပိုင်း လျှပ်စစ်ထုတ်လုပ်တဲ့ စွမ်းအင် ကုမ္ပဏီတွေ နိုင်ငံကနေ ရုပ်သိမ်းသွားတာ အများအပြားပါ။
ပြင်သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီ (AFD) က သံလွင်မြစ် ပေါ်မှာ လုပ်မယ့် ယူရို ၃၅ သန်းတန် ရေအားလျှပ်စစ် စီမံကိန်း၊ သီလဝါ စက်မှုဇုန်မှာ ဂျပန်က ဒေါ်လာ ၂ ဘီလျံ ရင်းနှီး မြှုပ်နှံမယ့် သဘာဝဓာတ်ငွေ့ရည် (LNG) လောင်စာသုံး စွမ်းအင်ထုတ်စက်ရုံ စီမံကိန်းတို့ ရပ်ဆိုင်းသွားသလို ရန်ကုန်၊ သာကေတမှာ LNG သုံးပြီး လျှပ်စစ် ဓာတ်အား ၄၀၀ မီဂါဝပ်ထုတ်မယ့် စီမံကိန်းနဲ့ သီလဝါ စီးပွားရေးဇုန်မှာ ၃၅၀ မီဂါဝပ်ထုတ်မယ့် စီမံကိန်းတို့ကို ဟောင်ကောင် အခြေစိုက် Vpower ကုမ္ပဏီက ရပ်ဆိုင်းလိုက်ပါတယ်။
Vpower ကုမ္ပဏီဟာ မန္တလေးတိုင်း၊ မြင်းခြံနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ လုပ်မယ့် စွမ်းအင် စီမံကိန်းတွေကိုလည်း စွန့်ခွာသွားပါတယ်။
နယ်မြေ မတည်ငြိမ်တာတွေ၊ ကျပ်ငွေစျေးနှုန်းက မတည်ငြိမ်ဘဲ ဖေါင်းပွနေတာတွေက ဒီကုမ္ပဏီတွေ ထွက်ခွာကြတဲ့ အကြောင်းရင်းတွေထဲမှာ အဓိက အကြောင်းရင်းတွေပါ။
မြန်မာနိုင်ငံရဲ့ စွမ်းအင် ကဏ္ဍတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက ပေးမယ်ဆိုတဲ့ ဘဏ္ဍာရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ အထောက် အပံ့တွေလည်း စစ်အာဏာသိမ်းပြီးကတည်းက ရပ်တန့်သွားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရစဉ် ၂၀၂၀ ခုနှစ်က ဆိုလာ စွမ်းအင် ထုတ်လုပ်ဖို့ နိုင်ငံခြား ကုမ္ပဏီတွေကို တင်ဒါခေါ်ခဲ့ပါတယ်။ စုစုပေါင်း လျှပ်စစ် စွမ်းအင် ၁ ဂီဂါဝပ် အထိထုတ်လုပ်နိုင်မယ့် ဆိုလာ စက်ရုံ စီမံကိန်း ၂၈ ခုအတွက် တရုတ် ကုမ္ပဏီတချို့က တင်ဒါအောင်ခဲ့ပါတယ်။
စစ်အာဏာ သိမ်းပြီးတဲ့နောက် စစ်ကောင်စီက အဲဒီ ဆိုလာ စက်ရုံ တင်ဒါ အတော် များများကို ဖျက်သိမ်းလိုက်သလို၊ ကုမ္ပဏီတချို့က ရင်းနှီးဖို့ ရွှေ့ဆိုင်း လိုက်တဲ့နောက် စစ်ကောင်စီက အဲဒီကုမ္ပဏီတွေ ကို အမည်မည်း စာရင်းထဲမှာ ထည့်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင်က လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းက ၃,၆၀၀ မီဂါဝပ် ရှိပြီး ပင်မဓာတ်အားလိုင်း စနစ်နဲ့ ချိတ်ဆက်ထားတာကလည်း နိုင်ငံ့ လူဦးရေရဲ့ ၆၀% ရယ်သာပါ။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းက ၄၉ ဂီဂါဝပ် ရှိတာမို့ မြန်မာ့ လျှပ်စစ် လိုအပ်ချက်က ဘယ်လို ဝေးကွာနေသလဲဆိုတာ မှန်းကြည့်နိုင်ပါတယ်။
နောက်ပြီး အခုအချိန်မှာ လျှပ်စစ်ဓာတ်အား ဘယ်လောက်ထုတ်လုပ်နိုင်လဲ ဆိုတာ ကလည်း မသိနိုင်သေးပါဘူး။
မြန်မာ့ လျှပ်စစ်လိုအပ်ချက်ကို အခု စစ်ကောင်စီရဲ့ အစီအမံတွေက ပြည့်မီစေမှာ မဟုတ်သလို ဆိုလာစနစ် ကိုယ့်ဘာသာကို တပ်ဆင်နိုင်ဖို့ ဆိုတာကလည်း ကုန်ကျစရိတ်တွေကို ကြည့်ရင် လူအများစုက လက်လှမ်း မမီ နိုင်တာမို့ ပြည်သူတွေ အနေနဲ့ မီးပုံမှန်ရဖို့က အလှမ်းဝေးနေဆဲပါ။
ဆိုလာစနစ် အသုံးပြုနေသူလည်းဖြစ်၊ ဆိုလာ အကြောင်း နားလည်သူ အင်ဂျင်နီယာ တယောက်က “အရင်က (အိမ်မှာ ဆိုလာစနစ်တပ်ဆင်ဖို့) သိန်း ၂၀/၃၀ လောက် ကျရာကနေ အခုဆိုရင် သိန်း ရာချီသွားပြီ။ လူတွေက မတတ်နိုင်ကြတော့ဘူး။ ချွတ်ခြုံကျနေတာ။ (သီးခြား) လူတန်းစား တရပ်အနေနဲ့ပဲ ဆိုလာကို သုံးနိုင်မှာ” လို့ ဘီဘီစီကို ပြောပါ တယ်