ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာလဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် လူသေဆုံးတာတွေ ရှိလာတဲ့ ရန်ကုန်
ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ဇွန် ၅ ရက် ညပိုင်းမှာ စစ်ကောင်စီရဲ့ သာကေတမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ တစ်လမ်းဝင် တစ်လမ်းထွက် အသံချဲ့စက်နဲ့ ဆော်ဩ သတိပေးတာတွေ ရှိလာပါတယ်။
“အစပိုင်းက မသိကြသေးဘူး။ ညပိုင်းမှာ လိုက်အော်သံကြားလိုက်တော့မှ ကာလဝမ်းရောဂါတွေဖြစ်တာ သိလိုက်ရတာ”လို့ သာကေတမြို့နယ် နေထိုင်သူတစ်ယောက်က ပြောပါတယ်။
ကာလဝမ်းပျက်ရောဂါဟာ ဇူလိုင် လဆန်းကစပြီး သာကေတမြို့နယ် ထူပါရုံရပ်ကွက်၊ အနော်မာရပ်ကွက်နဲ့ ဆယ်တောင်ရပ်ကွက်တွေမှာ ဖြစ်ပွားနေတာကနေ သေဆုံးသူတွေပါ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ပရဟိတအဖွဲ့တွေနဲ့ မြို့ခံတွေဆီကနေ သိရပါတယ်။
“တစ်ပတ်အတွင်းမှာ သေဆုံးသူ ငါးယောက်ရှိပါတယ်”လို့ သာကေတမြို့နယ်အခြေစိုက် သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ကူးစက်တတ်တဲ့ရောဂါတစ်ခုကြောင့် လူနှစ်ယောက်နဲ့အထက် တစ်နေရာတည်းကနေ ရောဂါပိုး ကူးစက်ခံရပြီဆိုရင် အကြမ်းအားဖြင့် ကပ်ရောဂါလို့ သတ်မှတ်နိုင်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
ရောဂါစတွေ့တဲ့အိမ်ပတ်ဝန်းကျင်
ပထမဆုံးရောဂါဖြစ်ပွားတဲ့ သာကေတမြို့နယ်ထဲက နေအိမ်တစ်အိမ်ကို ပရဟိတအဖွဲ့တွေ ကူညီပေးဖို့ သွားတဲ့အခါ အိမ်သာက သန့်ရှင်းပေမဲ့ အိမ်အနောက်မှာ ဝက်မွေးထားပြီး သန့်ရှင်းရေးအားနည်းတာကို တွေ့ခဲ့ကြပါတယ်။
အဲဒီအိမ်ရှေ့မှာလည်း အသုပ်ဆိုင် ထပ်ဖွင့်ထားတယ်လို့ သိရပါတယ်။
“တခြားရောဂါဖြစ်တဲ့သူတွေကို မေးကြည့်တော့ တချို့က မုန့်ဟင်းခါးစားတယ်၊ အသုပ်စားတယ်လို့ ပြောကြတယ်။ ဒါ့ကြောင့် လက်လုပ်စာတွေကို ပိတ်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားချက် ထုတ်လာတာ”လို့ ပရဟိတအဖွဲ့တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သာကေတမြို့နယ်တွင်းက အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်ကစလို့ ချက်ပြုတ်ပြင်ဆင်ရောင်းချတဲ့ လမ်းဘေးဈေးရောင်းချသူအားလုံးကို ဇူလိုင် ၁၃ ရက်အထိ ရောင်းချခြင်းမပြုဖို့ အသံချဲ့စက်နဲ့ လိုက်ကြေညာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ည ၈ နာရီလောက်မှာ လိုက်ကြေညာတယ်ဆိုတော့ ဈေးသည်တွေက ဝယ်ခြမ်း ပြင်ဆင်ပြီးသွားပြီလေ။ မနက်ကျတော့ ချက်ထား၊ လုပ်ထားပြီးသားတွေရောင်းတာတွေ့တယ်။ စားတဲ့သူတွေတော့ မတွေ့ဘူး”လို့ သာကေတမြို့ခံ အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
ပုံမှန်ဆိုရင်တော့ သူတို့မိသားစုလည်း မနက်စာကို မုန့်ဟင်းခါး၊ အသုပ် စတာတွေနဲ့ စားသောက်ကြပေမဲ့ ဒီနေ့မနက်မှာတော့ မစားဖြစ်တော့ဘူးလို့ ပြောပါတယ်။
စားသူမဲ့နေတဲ့ တနေ့လုပ်တစ်နေ့စား ဆိုင်လေးတွေနဲ့ ဈေးတက်သွားတဲ့ ဓာတ်ဆား
လက်လုပ်စာတွေဖြစ်တဲ့ မုန့်ဟင်းခါး၊ အသုတ်၊ တုတ်ထိုး စတဲ့ အစားအစာကို ရောင်းချသူ အများစုက တစ်နေ့လုပ် တစ်နေ့စားတွေဖြစ်ပြီး တချို့မှာ နေ့ပြန်တိုးတွေနဲ့ အရင်းအနှီးလုပ်ထားကြတာလို့လည်း ဆိုပါတယ်။
“စားမယ့်သူမရှိတော့ သူတို့လည်း စိတ်ညစ်နေကြတဲ့ပုံပဲ”လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။
“စိတ်မကောင်းပေမဲ့ ဒီလိုကူးစက်မြန်တဲ့ရောဂါကို ကွင်းဆက်ဖြတ်ဖို့က မဖြစ်မနေ ပိတ်ထားမှဖြစ်မှာ”လို့ ကျန်းမာရေးကျွမ်းကျင်သူတွေကလည်း မှတ်ချက်ပေးပါတယ်။
လူသေဆုံးတာတွေအထိ ဖြစ်လာတဲ့ ကာလဝမ်းရောဂါဖြစ်လာခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဆေးဆိုင်တွေမှာ ဓာတ်ဆားတွေ အဝယ်များပြီး တချို့ဆိုင်တွေမှာ ဝယ်မရတော့ဘူးလို့လည်း သိရပါတယ်။
“BPI ဓာတ်ဆားက အရင်က ၁၂၀၀ လောက်ရှိတာ ဒီနေ့မနက် သွားဝယ်တာ ၂၅၀၀ ဖြစ်သွားတယ်။ ဒါတောင် တချို့ဆိုင်တွေမှာ လုံးဝဝယ်မရတော့ဘူး”လို့ မြို့ခံအမျိုးသမီးက ပြောပါတယ်။
ဓာတ်ဆားတွေ ဝယ်မရတော့ဘူးဆိုရင် လက်ဖက်ရည်ဇွန်း သကြား ၆ ဇွန်း၊ ဆား ဇွန်း တစ်ဝက် ကို ရေတစ်လီတာနဲ့ဖျော်ပြီး ဝမ်းလျှောတိုင်း သောက်လို့ရတယ်လို့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် သာကေတမြို့နယ်အတွင်းက သောက်သုံးရေနဲ့ ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးဖို့အတွက် သောက်ရေ၊ သုံးရေတွေ အကုန်ခွဲခြားပြီး ကျန်းမာရေးဝန်ကြီးဌာနကို ပို့ထားတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
သာကေတမြို့နယ် ရပ်ကွက်အများစုက နေအိမ်တွေမှာလည်း သုံးရေတွေကို ကလိုရင်းခပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့အတူ လူမှုကူညီရေးအသင်းတချို့က ကွင်းဆင်းဆောင်ရွက်နေတာတွေရှိတယ်လို့ သူကဆိုပါတယ်။
“တစ်အိမ်တက်ဆင်း ဒီနေ့ အပြီးခပ်ရမှာ၊ ဒီကာလဝမ်းရောဂါက အရမ်းစိုးရိမ်ရတယ်” လို့ သူက ဆက်ပြောပါတယ်။
အနော်မာရပ်ကွက်အုပ်ချုပ်ရေးရုံးမှာလည်း ယာယီဆေးကုခန်းဖွင့်ထားပြီး ကာလ ဝမ်းရောဂါ ခံစားရသူတွေကို ကုသပေးနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
“မနက်ပိုင်းဖွင့်တာတွေ့ပြီး နေ့လယ်မှာ ပိတ်သွားတယ်” အနော်မာရပ်ကွက်နေထိုင်သူတစ်ယောက်က ပြောပါတယ်။
သာကေတ မြို့နယ်အတွင်းက ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ လူနာတွေကိုလည်း ရန်ကုန်ဆေးရုံကြီးကို တိုက်ရိုက်ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
သာကေတမြို့နယ်အပြင်မင်္ဂလာတောင်ညွန့်နဲ့ ဒေါပုံမြို့နယ်တွေမှာလည်း ကာလဝမ်းရောဂါ ဖြစ်ပွားတဲ့သူတချို့ကို တွေ့ရှိနေရပြီလို့ လူမှုကူညီရေးအသင်းတချို့က ဘီဘီစီကို ပြောပါတယ်။
ဘယ်လို ရောဂါလက္ခဏာဖြစ်ရင် မဖြစ်မနေ ဆေးရုံကိုသွားသင့်သလဲ
ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ Cholera ကာလဝမ်းရောဂါဟာ အစားအသောက်နဲ့ ရေမသန့်ရှင်းတာကြောင့်လို့ သိရပါတယ်။
ဒါ့အပြင် ဗိုက်မနာဘဲ အရည်ဝမ်းသွားတာ၊ အန်တာ၊ ရောဂါကူးစက်ခံရပြီး တစ်ရက်ကနေ ငါးရက်အတွင်း ရုတ်တရတ်ဖြစ်ပွားတာ၊ ငါးညှီနံ့ရှိတဲ့ ဝမ်းသွားတာ စတဲ့ လက္ခဏာတွေရှိတယ်လို့ သိရပါတယ်။
တချို့တွေက ရောဂါကူးစက်ခံရမှန်းမသိဘဲ ရုတ်တရက်ဝမ်းသွားပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြင်းထန်တယ်လို့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။
“ဝမ်းသွားရင် တစ်ကြိမ်ကို တစ်လီတာလောက်အထိ သွားနိုင်တယ်။ ရေဓာတ်ခမ်းခြောက်လာမယ်၊ အသားအရည်တွေ ခြောက်လာမယ်၊ မျက်တွင်းတွေကျလာတယ်၊ နှလုံးခုန်တွေမြန်လာတယ်ဆိုရင် အချိန်မဆိုင်းဘဲ ဆေးရုံကို ချက်ချင်းသွားရမယ်။ ရေဓာတ်ခမ်းလို့ ကျောက်ကပ်ပျက်စီးပြီး အသက်အန္တရာယ်အထိ ရှိနိုင်တယ်”လို့ ပြောပါတယ်။
ရောဂါပိုးတွေဟာ ရေတွင်းတွေ၊ ရေကန်တွေနဲ့ နံရံတွေမှာ ကပ်တွယ်နေနိုင်တာကြောင့် ရေတွေကို ကလိုရင်းခတ်တာ၊ နံရံတွေကို ပိုးသတ်ဆေးဖြန်းတာတွေကို ကျန်းမာရေးဝန်ကြီးဌာနတွေက လုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ထမ်းဟောင်းဖြစ်တဲ့ အဲဒီဆရာဝန်က ပြောပါတယ်။
“ဒီရောဂါရဲ့ သဘောသဘာဝကိုက ကူးစက်မှုပြင်းထန်တယ်၊ ဒီတော့ ဖြစ်ရင် ဖြစ်တဲ့အကြောင်း ပြည်သူကို အသိပေးရမယ်၊ ကာကွယ်နည်းတွေ ပြောရမယ်။ ပြည်သူတွေအနေနဲ့ကတော့ လက်ကို ဆပ်ပြာနဲ့ သေချာဆေး၊ သန့်တဲ့ရေကိုသောက်၊ ရေသန့်မရနိုင်ရင် ရေကိုတစ်မိနစ်အနည်းဆုံး ပွက်ပွက်ဆူအောင်တည်ပြီးသောက်၊ သန့်ရှင်းတဲ့အစားစာစား။ ဒီအချိန်မှာ ဆူရှီတို့ ချဉ်ဖက်တို့လို့ အစားသောက်တွေ ရှောင်သင့်တယ်”လို့လည်း ထပ်ပြီးပြောပါတယ်။
ပတ်ဝန်းကျင်မှာ ရောဂါဖြစ်ပြီလို့ သံသယရှိရင်လည်း ဖုံးကွယ်မထားဘဲ မိသားစုဝင်တွေနဲ့ သိရှိသူတွေက လူမှုကူညီရေးအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အမြန်အကြောင်းကြားကြဖို့ကိုလည်းနှိုးဆော်ထားတာ တွေ့ရပါတယ်။
ကာလဝမ်းရောဂါဖြစ်ပွားသူ အရေအတွက်၊ ဆေးရုံတင်ရသူ အရေအတွက်တွေနဲ့ ကာကွယ်တားဆီးရေး လုပ်ဆောင်ချက်တွေကို သိရှိရဖို့ ကျန်းမာရေးဝန်ကြီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ မရခဲ့ပါဘူး။
ထပ်မံဖြည့်စွက်ချက် - စစ်ကောင်စီကျန်းမာရေးဌာနကတော့ ရန်ကုန်တိုင်းထဲမှာ ဇွန်လ အစပိုင်းမှာ ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားတဲ့လူနာရှိခဲ့ပေမဲ့ မိုးကာလ ဖြစ်ရိုးဖြစ်စဥ်သာ ဖြစ်ခဲ့ပြီး ဇွန်လကုန်ပိုင်းကစလို့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
သာကေတ မြို့နယ်အပါအဝင် ရန်ကုန်အရှေ့ပိုင်းခရိုင်ထဲက မြို့နယ် အချို့မှာတော့ ဇွန်လ ကုန်ပိုင်း ပြင်းထန် ဝမ်းပျက် ဝမ်းလျှော ရောဂါဖြစ်ပွားခဲ့ပေမဲ့ အဲဒီလူနာတွေဟာ ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူခဲ့တာကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ မရှိသေးဘူးလို့ ဇူလိုင် ၇ ရက် မနက်မှာပဲ ထုတ်ပြန်လာပါတယ်။