ဂါဇာ လူမှုအခြေအနေ ယိုယွင်း- အောက်တိုဘာ ၁၁ ညပိုင်း နိုင်ငံတကာသတင်းများ

ဟားမတ်စ် တိုက်ခိုက်မှုအပြီး ငါးရက်မြောက်နေ့မှာ အစ္စရေး ဗုံးကြဲမှုက ဆက်ရှိနေတဲ့အတွက် ဂါဇာက လူမှုအခြေအနေတွေ ဆက်ပြီး ယိုယွင်းလာပါတယ်။

အစ္စရေး ပိတ်ဆို့မှုကြောင့် အစားအသောက်တွေ ပြတ်ကုန်ပြီး တခုတည်းရှိတဲ့ ဓာတ်အားပေးစက်ရုံကိုလည်း လောင်စာကုန်လို့ ပိတ်ထားရပါတယ်။

အစ္စရေးဘက်က ဆက်ပြီး လေကြောင်းက တိုက်ခိုက်နေလို့ ထိတ်လန့် နွမ်းနယ်နေကြတဲ့ ရာနဲ့ချီတဲ့သူတွေဟာ ဆေးရုံနဲ့ ကျောင်းတွေထဲကို ဝင်ပြီး ခိုလှုံကြကြောင်း ဂါဇာက ဘီဘီစီသတင်းထောက်က ပြောပါတယ်။

နောက်နာရီပိုင်းအတွင်း ဆေးရုံတွေမှာ ဆေးပစ္စည်းတွေ ပြတ်သွားနိုင်တယ်လို့လည်း ပါလက်စတိုင်း ကျန်းမာရေး အရာရှိတွေက သတိပေးထားပါတယ်။

အစ္စရေး တိုက်ခိုက်မှုကြောင့် သေသူ တထောင်ကျော်ပြီလို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ဟားမတ်စ်တိုက်ခိုက်မှုကြောင့် သေသူ ၁၂ဝဝ ကျော်ပြီလို့လည်း အစ္စရေးဘက်က ပြောပါတယ်။

အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို ပစ်

လက်ဘနွန်ဘက်က တင့်ကားပစ်အမြောက်နဲ့ နယ်စပ်ကျော်ပစ်တဲ့အတွက် အစ္စရေး စစ်တပ်က လက်ဘနွန်တောင်ပိုင်းကို ပစ်ခတ်ခဲ့ပါတယ်။

အစ္စရေးနဲ့ ဒီတပတ်ထဲမှာ ဖြစ်တဲ့ တိုက်ပွဲအသေးတွေထဲမှာ ဟစ်ဇ်ဘိုလာတပ်သား သုံးယောက် သေဆုံးတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး စစ်စခန်းတခုကို ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခဲ့ကြောင်း လက်ဘနွန်က အင်အားကြီးတဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့က ပြောပါတယ်။

စနေနေ့က ဟားမတ်စ်အဖွဲ့က အစ္စရေးကို စပစ်ခတ်ပြီးနောက် ဒါဟာ အစ္စရေး မြောက်ဘက်နယ်စပ်မှာ နောက်ဆုံးဖြစ်တဲ့ ပစ်ခတ်မှု ဖြစ်ပါတယ်။

ဒီနေရာကို ဟစ်ဇ်ဘိုလာတွေ တင်းကျပ်စွာ ထိန်းထားပေမယ့် တချို့တိုက်ခိုက်မှုတွေက သူတို့လက်ချက်လို့လည်း လက်ဘနွန်က ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ နေတိုး ဆုံးဖြတ်

အက်စတိုးနီးယားနဲ့ ဖင်လန်ကြားက ဓာတ်ငွေ့ပိုက်လိုင်း ရုတ်တရက် တိုက်ခိုက်ခံရရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ နေတိုးအဖွဲ့ဝင်တွေ သေချာ ဆုံးဖြတ်ထားကြောင်း နေတိုး အတွင်းရေးမှူးချုပ်က ပြောကြားပါတယ်။

နေတိုးကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးမတိုင်ခင်မှာ ယန်းစတိုတန်ဘတ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဖင်လန်နဲ့ အက်စတိုးနီးယားကြားက ဘောလ်တစ်ဆက်သွယ်ရေး ပိုက်လိုင်းမှာ ဖိအား ရုတ်တရက်လျော့သွားတာနဲ့ ပတ်သက်ပြီး ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ သိသာတဲ့ အင်အားပါဝင်ကြောင်း၊ စက်အင်အားသုံး ဖျက်ဆီးတယ်လို့ သက်သေတွေက ပြနေကြောင်း အက်စတိုးနီးယား ကာကွယ်ရေး ဝန်ကြီး ဟန်နို ပက်ဗ်ကာက ပြောကြားပါတယ်။

မနှစ် စက်တင်ဘာလကလည်း ရုရှားနဲ့ ဂျာမနီဆက်သွယ်တဲ့ နော့ဒ်ဆရင်းမ် ဓာတ်ငွေ့ပိုက်လိုင်းလေးခုအနက် သုံးခုမှာ ရေအောက်ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

ဇယ်လန်းစကီး နေတိုးဌာနချုပ်ရောက်

ရုရှားက ယူကရိန်းကို အလုံးအရင်းနဲ့ ဝင်ကျူးကျော်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်က နေတိုးစစ်ဌာနချုပ်ကို ယူကရိန်းသမ္မတ ဇယ်လန်းစကီး ရောက်ရှိနေပါတယ်။

ယူကရိန်းအတွက် ဆောင်းတွင်းခုခံနိုင်မှု ရဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။

ရုရှားသမ္မတပူတင်က ဆောင်းတွင်းရဲ့ အခက်အခဲကို လက်နက်လို ထပ်မသုံးနိုင်အောင် နေတိုးနိုင်ငံတွေက ယူကရိန်းကို ပိုပြီး အဆင့်မြင့်တဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ ကူညီရမယ်ဆိုပြီး နေတိုး အတွင်းရေးမှူးချုပ် ယန်း စတိုတန်ဘတ်က ပြောပါတယ်။

ပူတင်က ဓာတ်ငွေ့အခြေခံအဆောက်အအုံတွေလို စွမ်းအင်စနစ်တွေကို တိုက်ခိုက်ဖို့ ပြင်နေပြန်ပါပြီ။ ဒါကို တားဆီးဖို့ လိုပါတယ်ဆိုပြီး စတိုတန်ဘတ်က ပြောပါတယ်။

လက်နက်ခဲယမ်း ထုတ်လုပ်မှုကို တိုးမြှင့်ထားကြောင်းလည်း သူက ပြောပါတယ်။

အမေရိကန် ကွန်ဂရက်က နိုင်ငံရေး မတည်ငြိမ်မှုနဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်းရှိနေတဲ့ကြားက ယူကရိန်းအတွက် အမေရိကန်က အချိန်လိုသလောက် ရပ်တည်သွားမယ်ဆိုပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

သြစတြေးလျ သတင်းထောက်ကို တရုတ်ပြန်လွှတ်

သြစတြေးလျ သတင်းစာဆရာမ ချန်လေးကို တရုတ်ပြည်မှာ သူလျှိုလုပ်မှုနဲ့ ၃ နှစ်ကြာ ဖမ်းထားရာက ပြန်လွှတ်ပေးလိုက်ပါတယ်။

မစ္စချန် အိမ်ပြန်သွားပြီလို့ သြစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘားနိစ်က ပြောပါတယ်။

ပြစ်ဒဏ်ကျခံပြီးနောက် သူ့ကို ပြန်ပို့လိုက်ကြောင်းလည်း တရုတ်အစိုးရက ပြောပါတယ်။

တရုတ်အစိုးရရဲ့ နိုင်ငံခြားသတင်းဌာန CGTN မှာ သတင်းတင်ဆက်သူအဖြစ် မစ္စချန် အလုပ်လုပ်ခဲ့ပါတယ်။

သူခံစားရတဲ့ ဆင်းရဲဒုက္ခတွေကို အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း သြစတြေးလျ အစိုးရက ပြောပါတယ်။

ဘေဂျင်းထောင်မှာ တနှစ်ကို ၁၀ နာရီပဲ နေရောင်ထဲ ရပ်နိုင်လို့ သြစတြေးလျက နေရောင်ကို သူ သတိရကြောင်း ဒီနှစ်ထဲ အကျဉ်းထောင်ကနေ သူရေးတဲ့ စာမှာ ပါရှိပါတယ်။

တရုတ်ခေါင်းဆောင်တွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတွေကနေပြီး သူလွတ်မြောက်ဖို့ ကြိုးစားနိုင်ခဲ့ကြောင်း မစ္စတာ အယ်လ်ဘန်းနိစ်က ပြောပါတယ်။

ဖူကူရှီးမား စက်ရုံကို တရုတ်သွားကြည့်မယ်

ဖူကူရှီးမား စက်ရုံက ထုတ်လွှတ်တဲ့ ရေဆိုးတွေ ဘေးကင်းမှု ရှိမရှိ စစ်ဆေးဖို့ သွားမယ့်အဖွဲ့မှာ တရုတ် သိပ္ပံပညာရှင်တွေ ပါလိမ့်မယ်ဆိုပြီး ဂျပန် အစိုးရက ပြောပါတယ်။

ဒီရေဆိုးထုတ်လွှတ်တာကို တရုတ်ဘက်က အပြင်းအထန် ကန့်ကွက်ထားပါတယ်။

အဏုမြူ ဓာတ်ပေါင်းဖိုဟောင်းနားက ပင်လယ်ရေနဲ့ အဏ္ဏဝါဇီဝလောကကို စမ်းသပ်စစ်ဆေးတာတွေမှာ ကုလသမဂ္ဂ အဏုမြူ စောင့်ကြည့်အဖွဲ့၊ တောင်ကိုရီးယားနဲ့ ကနေဒါသုတေသီတွေနဲ့အတူ တရုတ်ပညာရှင်တွေ ပူးပေါင်းပါဝင်ကြမှာ ဖြစ်ပါတယ်။

သြဂုတ်လ ပစိဖိတ် သမုဒ္ဒရာထဲကို ရေတွေ စလွှတ်ပြီးနောက်ပိုင်း တရုတ်က ဂျပန် ပင်လယ်စာ တင်သွင်းမှုတွေ အားလုံးကို ပိတ်ပင်ထားပါတယ်။

ဒီသပိတ်မှောက်မှုကြောင့် ဂျပန် ရေလုပ်ငန်းမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။

ပျက်သွားတဲ့ ဓာတ်ပေါင်းဖိုတွေကို အေးအောင်လုပ်တဲ့ရေတွေကို မထုတ်လွှတ်ခင်မှာ သေချာ သန့်စင်တာဖြစ်လို့ ကုလသမဂ္ဂ ထောက်ခံမှုရတဲ့ ဒီအစီအစဉ်က ဘေးကင်းကြောင်း ဂျပန်က စောဒက တက်ခဲ့ပါတယ်။