ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယမှာ ဖြစ်နေတဲ့ မျိုးနွယ်စု အကြမ်းဖက်မှုနဲ့ သတင်းမှား
အိန္ဒိယမှာ သတင်းမှားတွေ ပြန့်နေတာကို တားမြစ်ဖို့ အာဏာပိုင်တွေက အင်တာနက်ကို ပိတ်ထားပေမယ့် သတင်းမှားတွေကို ဖြန့်ဝေတာတွေ ရှိနေပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြတာ ဖြစ်ပါတယ်။
အမျိုးသမီး နှစ်ဦးကို လူအုပ်စုက အဝတ်အစားတွေချွတ်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ ဗီဒီယို ပျံ့နှံ့ခဲ့ပြီးတဲ့နောက် မိုင်သည်းခေါ် ကသည်း လူမျိုးစုနဲ့ ကူကီး လူမျိုးတွေအကြားမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခက ကမ္ဘာ့ သတင်းမီဒီယာတွေမှာ ခေါင်းကြီးသတင်းအဖြစ်နေရာ ယူခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကြောင့် အိန္ဒိယနဲ့ ကမ္ဘာတဝန်းက လူတွေကို ဒေါသထွက်စေခဲ့ပါတယ်။
သတိပေးချက်- ဒီဆောင်းပါးမှာ စာဖတ်သူအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်းအရာများ ပါဝင်နေပါတယ်။
လိင်အကြမ်းဖက်မှု သတင်းမှား
မေလ မဏိပူရ်မှာ အကြမ်းဖက်မှုတွေ တဟုန်ထိုး ဖြစ်လာပြီးတဲ့နောက် အမျိုးသမီးတွေကို တိုက်ခိုက်တယ်ဆိုတာတွေက သတင်းမှားနဲ့ အထင်အမြင်လွဲစေတဲ့ အဓိက အရင်း အမြစ်ဖြစ်လာပါတယ်။
မေ ၃ ရက် အဓိကရုဏ်းတွေ စဖြစ်ချိန်မှာပဲ သတင်းမှားနဲ့ ကောလဟလတွေ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ မပျံ့နှံ့ဖို့ အာဏာပိုင်တွေက ဖုန်းအင်တာနက်လိုင်းတွေကို ပိတ်ချလိုက်ပါတယ်။
နောက်တစ်ရက်အကြာမှတော့ာ ပြည်နယ်တွင်းမှာရှိတဲ့ အင်တာနက် ဝန်ဆောင်မှု အားလုံးကိုပါ ပိတ်လိုက်ပါ တယ်။
ဒီနောက်မှာ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ကို ပလတ်စတစ် အိတ်နဲ့ ထုတ်ထားတဲ့ ကွက်ကွက်ကွင်းကွင်းပြထားတဲ့ပုံကို ကူကီးအမျိုးသားတွေ အဓမ္မကျင့် သတ်ဖြတ်ထားတဲ့ မိုင်သည်း-ကသည်း လူမျိုး သူနာပြုတဦးလို့ မမှန်မကန် ရေးသားပြီး ဖြန့်ဝေနေပါတယ်။
ဒီပုံက ဆိုရှယ်မီဒီယာမှာတင် မြင်နေရတာ မဟုတ်ပါဘူး။ မေ ၃ ရက် အဓိကရုဏ်းတွေ ဖြစ်ခဲ့တဲ့ ချုရာချန်ပူရ် ခရိုင်ထဲက WhatsApp အသုံးပြုသူတွေကလည်း ဒါကို မျှဝေနေကြပါတယ်။
ဒီပုံမှာပါတဲ့ နောက်ခံ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပြောဆိုချက်က မှားနေပါတယ်။ ဒီနေရာက မဏိပူရ်ပြည်နယ်မဟုတ်ပါဘူး။ အဲဒါက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဒေလီမှာ အသတ်ခံရတဲ့ အသက် ၂၁ အရွယ်အမျိုးသမီး အာယုရှီ ချောင်ဟာရီ ဖြစ်ပါတယ်။
အလားတူ မေ ၅ ရက်နေ့မှာ လူမှုကွန်ရက် မီဒီယာမှာ မှားယွင်းတဲ့ သတင်းမှား တခု ပေါ်လာပါ သေးတယ်။ အဲဒီသတင်းမှားက အသက် ၃၇ နှစ် မိုင်သည်း အမျိုးသမီးတစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်၊ ဒါ့အပြင် ၇ နှစ် အရွယ် မိုင်သည်း ကလေး တစ်ဦးလည်း အသတ်ခံရပါတယ်။ သူတို့ နှစ်ဦးရဲ့ ရုပ်အလောင်းကို မဏိပူရ် ပြည်နယ် အင်ဖာမြို့မှာရှိတဲ့ ရှီဂျာ ဆေးရုံမှာ သေတဲ့ အကြောင်းအရင်းကို ရင်ခွဲစစ်ဆေးဖို့ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
တွစ်တာပေါ်မှာလည်း အလားတူ ပြောဆိုရေးသားနေကြပါတယ်။ ရေးသားတဲ့ စကားလုံးတိုင်း ကလည်း ထပ်တူ ဖြစ်နေပြီး ဒီပိုစ့်ကို အကောင့်သစ်တွေကနေ ဖြန့်ဝေနေကြပါတယ်။
အခု အောက်ကပုံထဲကလို မဏိပူရ် ဒေသခံ ဘာသာစကားနဲ့ ရေးထားပြီး တထေရာတည်းတူတာတွေ ဖြန့်ဝေနေတာကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။
ဖုန်းအင်တာနက်တွေပိတ်ထားပေမဲ့ မက်ဆေ့ချ်နဲ့ တဆင့် ဆက်သွယ်လို့ရနေတယ်လို့ မဏိပူရ်က သတင်းထောက်တွေက ဘီဘီစီကို ပြောပြလာပါတယ်။
ဒီပြောဆိုချက်ကလည်း မှားနေတာကို တွေ့ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်က ဘယ်တော့ မဖြစ်ခဲ့ဘူးလို့ ရှီဂျာဆေးရုံက ဘီဘီစီကို ပြောပါတယ်။ ပုဂ္ဂလိကဆေးရုံ ဖြစ်လို့အလောင်းကို ရင်ခွဲစစ်ဆေးနိုင်တဲ့ လုပ်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
မဏိပူရ်မှာ မဟုတ်၊ မြန်မာမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်
မဏိပူရ်မှာ ဖြစ်ခဲ့တာဆိုပြီး တခြား မှားယွင်းတဲ့ အထင်အမြင်လွဲစေနိုင်တဲ့ အကြောင်းအရာတွေ ပြန့်နေတာကိုလည်း ရှိပါသေးတယ်။
ဒီအထဲမှာ လမ်းပေါ်မှာ အမျိုးသမီးတဦးကို တိုက်ခိုက် သတ်ဖြတ်နေတဲ့ ပီပီပြင်ပြင် ဗီဒီယိုလည်း ပါဝင်နေပါတယ်။
ဇွန်လ နှောင်းပိုင်းက ဒီဗီဒီယိုကို #Manipurဆိုပြီး မျှဝေခဲ့ရာမှာ ထောင်နဲ့ချီတဲ့လူတွေက ဒီဗီဒီယိုကို ကြည့်ရှုခဲ့ကြပါတယ်။ တချို့က ကူကီး အမျိုးသမီးတစ်ဦးကို မိုင်သည်း လူမျိုးလို့ ယူဆရတဲ့ လက်နက်ကိုင်ထားတဲ့ အမျိုးသားတွေက သတ်ခဲ့တာဆိုပြီး တချို့က ပြောနေပါတယ်။
ဒါက ပြန်ပေါ်လာတာ တပတ်ကျော်ရှိပြီး ဒါဟာ မဏိပူရ်မှာ ဖြစ်ခဲ့တာဆိုပြီး ဖြန့်ဝေနေပါတယ်။
ဒါကလည်း မှားယွင်းပါတယ်။
ဒီဗီဒီယိုက မဏိပူရ်က မဟုတ်ပါဘူး။ ခံရတဲ့ အမျိုးသမီးကလည်း ကူကီး အမျိုးသမီး မဟုတ်ပါဘူး။
ဒါက ၂၀၂၂ ခုနှစ် ဇွန်လက မဏိပူရ်မှာ အဓိကရုဏ်းတွေ မဖြစ်ခင် အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အချက်အလက်တွေကို စစ်ဆေးတဲ့ အိန္ဒိယ ဝက်ဆိုဒ်ကလည်း ဒါက မမှန်ကန်ဘူးဆိုတာ ဖွင့်ချခဲ့ပါတယ်။
ဒါပေမဲ့ ဒါက မဏိပူရ်မှာ ပြန့်နေတာ ဖြစ်ပါတယ်။ ဒီရုပ်သံကို ဖြန့်ဝေရင် အရေးယူခံရမယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့က သတိထားတဲ့အတွက် ဒီဗီဒီယိုကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြလဲဆိုတာ ဘီဘီစီကလည်း သေချာမသိပါဘူး။
အဖမ်းအဆီးနဲ့ ပတ်သက်တဲ့ သတင်းမှား
မေလက ကူကီးအမျိုးသမီး နှစ်ဦးကို လူအုပ်က တိုက်ခိုက်ခဲ့တဲ့ ဗီဒီယို ထွက်ပေါ်လာတဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ မဏိပူရ်ပြည်နယ် သတင်းက ခေါင်းကြီး သတင်းအဖြစ် နိုင်ငံတကာ မီဒီယာမှာ နေရာယူထားပေမဲ့ သတင်းမှားတွေက ဆက်ပျံ့နှံ့နေပါတယ်။
နောက်နေ့မှာ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး မွတ်ဆလင် အမျိုးသားတဦးကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကို မျှဝေနေကြပါတယ်။ ဒီသတင်းကို ဖြန့်ဝေနေတဲ့ အထဲမှာ အိန္ဒိယရဲ့ အာဏာရ ဘီဂျေပီ ပါတီက နိုင်ငံရေး သမား တီဂျင်တာ ပေါလ်ဆင်းလ် ဘာဂါ လည်း ပါဝင်နေပါတယ်။
မစ္စတာ ဘာဂါရဲ့ တွိကို လူ သန်းချီ ကြည့်ရှုခဲ့ပြီး ထောင်နဲ့ချီ ပြန်လည် မျှဝေခဲ့ပါတယ်။
ဒီအမျိုးသားဟာ မဏိပူရ် ဖြစ်စဥ်အတွက် အဓိက စွပ်စွဲခံရသူ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီး နှစ်ဦး တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်ကို မဏိပူရ်ဖြစ်စဥ်ကလို့ ရည်ညွှန်း ရေးသားနေတာ ဖြစ်ပါတယ်။
တကယ်တော့ ဒါက အထင်အမြင်လွဲမှားသွားတဲ့ သတင်းတခု ဖြစ်ခဲ့ပါတယ်။ မဏိပူရ် ရဲတပ်ဖွဲ့က မွတ်ဆလင် အမျိုးသားတစ်ဦးကို အဲဒီနေ့မှာ ဖမ်းဆီးခဲ့ပေမဲ့ တခြား အကြောင်းအရာနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒီဖမ်းဆီးမှုက တခြားနေရာမှာ ဖြစ်ခဲ့ပြီး ဒီမွတ်ဆလင်အမျိုးသားက အမျိုးသမီးတွေကို တိုက်ခိုက်တာနဲ့ မသက်ဆိုင်ဘူးလို့ ရဲတပ်ဖွဲ့က ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်။
ANI သတင်းဌာနကလည်း ဒီအမျိုးသားကို တိုက်ခိုက်မှုနဲ့ ဆက်နွှယ်ဖမ်းဆီးခဲ့တာလို့ မှားယွင်း ရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြန်လည် ပြင်ဆင်ခဲ့ပြီး ဒီလို မှားခဲ့တာက ရဲတပ်ဖွဲ့ရဲ့ တွစ်တာပိုစ့်တွေကို ဖတ်ရင်း မှားသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘီဂျေပီပါတီက မစ္စတာ ဘာဂါက သူရဲ့ မူလ တွီကို ပြန်လည် ပြင်ဆင်တာ ရှင်းလင်းတာ မလုပ်ခဲ့သလို ဘီဘီစီရဲ့ မေးခွန်းတွေကိုလည်း ပြန်လည် ဖြေဆိုတာ မလုပ်ခဲ့ပါဘူး။