၁၀၂၇ စစ်ဆင်ရေး ၁နှစ်ပြည့် - မြောက်ပိုင်းမဟာမိတ်တွေရဲ့ ရပ်တည်ချက် ဘယ်လိုဆက်ရှိနေလဲ

“ပြည်သူလူထုလိုလားတဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ရေး” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေရဲ့ ပူးပေါင်းထိုးစစ်ဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တာ တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ အာရက္ခတပ်တော်(AA) တို့ရဲ့ ဒီစစ်ဆင်ရေး ဒုတိယအပိုင်းမှာတော့ စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ရှိတဲ့လားရှိုးမြို့ကို သိမ်းတဲ့အထိ ပေါက်မြောက်ခဲ့ပါတယ်။

စစ်ဆင်ရေး တစ်နှစ်ပြည့်ချိန်မှာ မြောက်ပိုင်းညီနောင်မဟာမိတ်တွေထဲ စစ်တပ်နဲ့ တိုက်ပွဲဆက်ဖြစ်နေတဲ့အဖွဲ့တွေရှိနေပေမဲ့ ကိုးကန့်တပ်(MNDAA) ကတော့ တရုတ်ကြားဝင်စေ့စပ်ဆွေးနွေးမှုကနေ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမယ်လို့ ထုတ်ပြောထားပါတယ်။

ဒီလိုပြောဆိုချက်ကြောင့် ရှမ်းမြောက် စစ်ဆင်ရေး ၁ နှစ်ပြည့်ချိန်မှာ မြောက်ပိုင်းညီနောင်တွေရဲ့ ဘုံရည်မှန်းချက် တစ်သားတည်းဆက်ရှိပါ့မလားဆိုတဲ့မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

ကိုးကန့်တပ်(MNDAA) ရဲ့ ရပ်တည်ချက်အသစ်

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ဖို့ လပိုင်းအလိုမှာ ကိုးကန့်တပ်က ကြေညာချက်တစ်ခုကို ထူးထူးခြားခြားထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်က ညီနောင်မဟာမိတ်တွေပူးတွဲထုတ်ပြန်ခဲ့တဲ့ ‘‘မြန်မာပြည်သူတရပ်လုံး လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး’’ ဆိုတဲ့စကားလုံးမပါတော့ပါဘူး။

အဲဒီအစား ရှမ်းပြည်အထူးဒေသ ၁ ကို ပြန်ထူထောင်မယ်လို့ဆိုထားတဲ့ကိုးကန့် စစ်ဦးစီးချုပ်စကားကို ထင်ဟပ်တဲ့ ''စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးဟာ ပထမဆုံးရပ်တည်ချက်'' လို့ထုတ်ပြောလာပြီး ခွဲထွက်တာ၊ လွတ်လပ်ရေးယူပြီး နိုင်ငံသစ်ထူထောင်တာမလုပ်ဘူးလို့ အာမခံပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ လုံးဝလုပ်မှာမဟုတ်ဘူးလို့ လူသိရှင်ကြား ပြောသလို တရုတ်နဲ့ မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆက်ဆံပြီး မဟာမိတ်ဖွဲ့တာမျိုး မလုပ်ဘူးလို့ MNDAA က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် တစ်လအလိုမှာ အခုလို ထုတ်ပြန်လာတာကြောင့် ကိုးကန့်ဟာ ညီနောင် မဟာမိတ် ရည်မှန်းချက်တွေကနေ လမ်းကြောင်းပြောင်းသွားပြီလားလို့ မေးခွန်းတွေထွက်ခဲ့သလို တရုတ်ရဲ့ ဖိအားကြောင့် အခုလို ထုတ်ပြောရတာလို့လည်း ကျယ်ကျယ်ပြန့်ပြန့်ယူဆခံရပါတယ်။

NUG ဘက်ကတော့ ဒီထုတ်ပြန်ချက်ဟာ လွတ်လပ်တဲ့စိတ်ဆန္ဒနဲ့ ထုတ်ပြန်တာမဟုတ်ဘဲ ဖိအားတစ်ခုခုကြောင့် ထုတ်ပြန်ထားတယ်ဆိုတာ ပေါ်လွင်နေတယ်လို့ ဘီဘီစီကို အစောပိုင်းကတည်းက မှတ်ချက်ပေးထားပါတယ်။

ဒီအခြေအနေမှာပဲ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်နဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျွင်းတို့ ယူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့ကြတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

တွေ့ဆုံဆွေးနွေးတဲ့ အသေးစိတ်အချက်အလက်တွေကို နှစ်ဘက်လုံးက မထုတ်ပြန်ခဲ့ပေမဲ့ လားရှိုးကနေ MNDAA ဆုတ်ခွာဖို့နဲ့ စစ်ကောင်စီနဲ့ဆွေးနွေးဖို့ တရုတ်ဘက်က ဖိအားပေးနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ကိုးကန့်တပ်ကတော့ စစ်မြေပြင်ချဲ့ထွင်တာတွေ လုပ်မှာမဟုတ်ပေမဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုတော့ ဆက်လက်ကိုင်စွဲထားတယ်လို့ စက်တင်ဘာလတုန်းက ထုတ်ပြန်တဲ့သူတို့ရပ်တည်ချက်ကို ပြောထားပါတယ်။

ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်နယ်စပ်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်ရခဲ့တဲ့အပြင် ပြင်ပက ကွမ်လုံ၊ သိန္နီနဲ့ လားရှိုးမြို့အထိ ဖြန့်ကြက်ထိန်းချုပ်ထားပါတယ်။

“ရှေ့ဆက်ဘာတွေ လုပ်ဆောင်မယ်ဆိုတာ ပြောဖို့စောပါသေးတယ်”

ညီနောင်မဟာမိတ်မှာပါဝင်တဲ့ တအာင်းတပ်(TNLA) ကတော့ စစ်ဆင်ရေးတစ်နှစ်အတွင်းမှာ မျှော်မှန်းထားတဲ့စစ်ရေးအောင်မြင်မှုတွေရရှိခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

TNLA ဟာ ၁၀၂၇ စစ်ဆင်‌ရေး ပထမအပိုင်းမှာ ရှမ်းမြောက်က မြို့ ၇ မြို့ကို သိမ်းယူခဲ့ပြီး စစ်ဆင်ရေး ဒုတိယအပိုင်းမှာတော့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ အပါအဝင် မြို့ ၅ မြို့ကို သိမ်းပိုက်ခဲ့တာကြောင့် စစ်ဆင်ရေး ၂ ပိုင်းမှာ မြို့ပေါင်း ၁၂ မြို့ကို ထိန်းချုပ်ထားပါတယ်။

TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကတော့ “၁၀၂၇ စစ်ဆင်ရေးဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ဆောင်ရွက်တယ်။ လူထုရဲ့ ပါဝင်မှုတွေကြောင့် အောင်မြင်နိုင်ခဲ့တာဖြစ်ပါတယ်” လို့ ဘီဘီစီကို ဖြေပါတယ်။

ကိုးကန့်တပ်က NUG နဲ့မပူးပေါင်းဘူးလို့ထုတ်ပြောပေမဲ့ တအာင်းတပ်(TNLA) ကတော့ ၁၀၂၇ စစ်ဆင်ရေးဟာ ''မြောက်ပိုင်းညီ‌နောင်မဟာမိတ် (၃)ဖွဲနဲ့အတူ နွေတော်လှန်‌ရေးတပ်ဖွဲတွေ၊ တော်လှန်ရေးအင်အားစုတွေ ပူပေါင်းပါ၀င်ဆင်နွှဲတဲ့စစ်ဆင်ရေး''လို့ ဒီစစ်ဆင်ရေး ၁ နှစ်ပြည့်မှာ ထပ်လောင်း ထုတ်ပြန်ပြောဆိုပါတယ်။

တအာင်းတပ်ဟာ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) အပါအဝင် PDF တွေနဲ့ ပူးပေါင်းပြီး မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ်၊ နောင်ချိုနဲ့ သီပေါမြို့တို့ကို ထိန်းချုပ်ထားပါတယ်။

စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း နောက်ဆုံးသိမ်းထားတဲ့ သီပေါမြို့ကို စပြီး ထိုးစစ်ဆင်နေချိန်မှာပဲ တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ ဩဂုတ်လ ၂၉ ရက်စွဲနဲ့ တရုတ်ဘက်က သတိပေးထားတဲ့စာလည်း ထွက်ပေါ်ခဲ့ပါတယ်။

စာထဲမှာတော့ “သတိပေးချက် အတိုင်း မပူးပေါင်းရင် အကျိုးဆက်တွေအားလုံးကို တာဝန်ယူရမယ်”လို့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့စာအပေါ် အတု၊ အစစ်လားဆိုပြီး အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။

ဒီသတိပေးစာတွေ ထွက်လာပေမယ့်လည်း တစ်ဖက်မှာ TNLA က နောင်ချိုမြို့ပြင်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေနဲ့ ဆက်ပြီး တိုက်ပွဲဖော်ဆောင်နေပါတယ်။

TNLA က နောင်ချိုမြို့ကို တစ်မြို့လုံးနီးပါး ထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့ နောင်ချို မြို့ တောင်ဘက်၊ တောင်ခမ်းရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် (၉၀၂) အမြောက်စခန်းဌာနချုပ်နဲ့ အမြောက်တပ် (အမတ-၃၅၄) ကိုတော့ စစ်တပ်ဘက်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

အဲဒီဌာနချုပ်နဲ့ တပ်ရင်းကိုလည်း TNLA က ထိုးစစ်ဆင်နေပြီး စစ်တပ်ကလည်း အမြောက်စခန်းဌာနချုပ် မကျဖို့ လေကြောင်းကနေ ပစ်ခတ် ခုခံနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့မြို့တွေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေသေးတာကြောင့် အုပ်ချုပ်ရေးအပိုင်းတွေလည်ပတ်ဖို့ စိန်ခေါ်မှုတွေရှိနေနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

၁၀၂၇ စစ်ဆင်‌ရေးတစ်နှစ်ပြည့်အလွန် TNLA ရဲ့ စစ်ရေးအရ ရှေ့ဆက်လုပ်ဆောင်မယ့်အခြေအနေနဲ့ ရပ်တည်ချက်ကို ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။

“ရှေ့ဆက်ဘာတွေ လုပ်ဆောင်မယ်၊ ဘယ်လိုလုပ်ဆောင်သွားမလဲ ဆိုတာကတော့ ပြောဖို့စောပါသေးတယ်၊ ဗဟိုကော်မတီ တစ်ခုလုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်” လို့ သူက တုံ့ပြန်ဖြေဆိုထားပါတယ်။

အေအေရဲ့ ရပ်တည်ချက် ဘယ်လိုလဲ

၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်ချိန်မှာပဲ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော်-အေအေ) က စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ရှိတဲ့ အမ်းမြို့ကို ရဖို့ တိုက်ပွဲဖော်ဆောင်နေပါတယ်။

တောင်ပတ်လည်ဝန်းရံထားတဲ့ အမ်းမြို့မြောက်ပိုင်းမှာ နပခ အခြေစိုက်ပြီး မြို့တောင်ဘက်ပိုင်းမှာတော့ ဒေသခံအများစုနေထိုင်တဲ့ ရပ်ကွက်တွေ တည်ရှိပါတယ်။

အေအေကတော့ မောင်တော၊ အမ်း၊ ကျိန္တလီနဲ့ တောင်ကုတ်မြို့တို့ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဆက်ရှိနေတယ်လို့ အောက်တိုဘာလ တတိယအပတ်ထဲမှာပဲ ထုတ်ပြန်ထားတာပါ။

ရခိုင်အရေးကိုလေ့လာနေတဲ့ အကဲခတ်တစ်ဦးကတော့”မြောက်ပိုင်းတပ်ဖွဲ့ထဲပါတယ်ဆိုပေမယ့် စစ်ဒေသလည်း ဝေးကွာတယ်၊ တိုက်ပွဲဖော်ဆောင်တဲ့အခါမှာလည်း ရခိုင်ထဲက တရုတ်စီမံကိန်း၊ တရုတ်အကျိုးစီးပွားတွေအပေါ် သက်ရောက်မှုတွေလည်း ရှိမနေတာကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ ဆက်တိုက်မယ့်သဘော” လို့ သုံးသပ်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်အလွန် အေအေအနေနဲ့ စစ်ရေးအရ ဆက်ပြီး လုပ်ဆောင်မယ့် အခြေအနေတွေနဲ့ပတ်သက်လို့ ဘီဘီစီက အေအေရဲ့ပြောရေးဆိုခွင့်ရှိသူထံ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစပြီး ရခိုင်မှာ တကျော့ပြန်တိုက်ပွဲဖော်ဆောင်နေတဲ့ အေအေဟာ ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်တလွှားက မြို့ပေါင်း (၁၁) မြို့ကို ထိန်းချုပ်ထားတာပါ။

မြို့တွေကို ထိန်းချုပ်နိုင်တယ်ဆိုပေမယ့် စစ်ကောင်စီတပ်က အေအေထိန်းချုပ်ထားတဲ့မြို့တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် မြို့ပေါ်မှာ အုပ်ချုပ်ရေးယန္တရားအပြည့်အဝ မလည်ပတ်နိုင်သေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေအပါအဝင်၊ ဂွ၊ အမ်း၊ မောင်တော၊ တောင်ကုတ်နဲ့ သံတွဲမြို့တွေမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ မြို့အလိုက် ဒေသခံတွေက ဘီဘီစီကို အတည်ပြုထားပါတယ်။

တရုတ်ကြားဝင်မှု ဘယ်လောက်အထိ ထိရောက်လဲ

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေ တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ တရုတ်ဘက် စစ်ကောင်စီဘက်ကနေ ရပ်တည်ဖို့ ခြေလှမ်းပြင်လာပါတယ်။

လားရှိုးမြို့ မရခင်တစ်လအလို ဇူလိုင်လမှာတော့ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့ကို TNLA နဲ့ MDY PDF တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။

ဒါကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပတ) အခြေစိုက်တဲ့ မန္တလေးမြို့ကိုပါ ဆက်သိမ်းမယ့် အနေအထားတွေ မြင်လာရချိန်မှာပဲ တရုတ်က စစ်ကောင်စီဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ပြခဲ့ပါတယ်။

အလားတူ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းဟာ ဝတပ်ဖွဲ့ UWSA အပါအဝင် မြောက်ပိုင်းညီနောင်တပ်ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလထဲမှာပဲ ယူနန်ပြည်နယ်ထဲ ဖိတ်ခေါ်ပြီး ဖိအားပေးမှုတချို့ ပြုလုပ်ခဲ့ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်တွေအပြင် တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ခေါင်းဆောင်တွေကိုပါ ခေါ်ယူတွေ့ဆုံခဲ့ပြီး နယ်စပ်မှာ ထိုးစစ်တွေရပ်ဖို့နဲ့ လက်နက်ခဲယမ်း ထောက်ပံ့မှုတွေမလုပ်ဖို့ သတိပေးခဲ့တာပါ။

အကဲခတ်တချို့ကတော့ တရုတ်အနေနဲ့ မြန်မာပြည်ထဲက တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အပြင် နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက NUG (PDF) တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး အမေရိကန်နဲ့ နီးစပ်သွားမှာကို စိုးရိမ်တာလို့ ထောက်ပြထားပါတယ်။

NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ “တရုတ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ အကုန်လုံးမှာ အမေရိကန်နဲ့ ပတ်သက်ပြီး စိုးရိမ်ချက်ရှိတယ်ဆိုတာ တရုတ်က အမြဲတမ်းပြောပါတယ်” လို့ အစောပိုင်းကတည်းက ထုတ်ပြောထားပါတယ်။

“NUG အနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေက လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ၊ လွတ်လပ်တဲ့ နိုင်ငံသားတွေရဲ့ ဆန္ဒကိုသာ ကိုယ်စားပြုတယ်” လို့လည်း တုံ့ပြန်ဖြေဆိုထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမအပိုင်းကတည်းက တိုက်ပွဲတွေရပ်တန့်ဖို့အတွက် တရုတ်က ကြားဝင်ပြီး မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ ဟိုင်ဂင်ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ယာယီသာအပစ်ခတ်ရပ်စဲခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။

စစ်ဆင်ရေးဒုတိယအပိုင်းမှာတော့ တရုတ်ဘက်က နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကိုပါ စစ်ပွဲရပ်ဖို့ ပိုပြီးဖိအားပေးနေသလို စစ်ဆင်ရေး တစ်နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာပဲ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေထဲက တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုပါ တရုတ်က ပိတ်ထားလိုက်ပါတယ်။

အကြိမ်ရေစိပ်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ

တရုတ်ဘက်က ထိုးစစ်ရပ်ဖို့ ဖိအားပေးနေချိန်မှာပဲ စစ်ကောင်စီက တိုင်းရင်းသားမဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လာပါတယ်။

၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့် အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ စစ်ကောင်စီတပ်ဘက်က TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ရဲ့ စခန်းသစ်ကုန်းဘက်ကို တိုက်လေယာဉ်နဲ့ ၃ ကြိမ်ဗုံးကြဲသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အလားတူ ကိုးကန့် ထိန်းချုပ်ဒေသ၊ လောက်ကိုင်မြို့ထဲကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးများစွာ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ အထပ်မြင့် အဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ကိုးကန့်က ဓာတ်ပုံတွေနဲ့အတူထုတ်ပြန်ပါတယ်။

ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ဟာလည်း ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း လေကြောင်းက‌နေ အကြိမ်ကြိမ် ဗုံးကြဲခံခဲ့ရသလို အောက်တိုဘာ တစ်လအတွင်း ၃ ကြိမ်ထက်မနည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေ ဦးဆောင်ပြီး PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်မျက်နှာအစုံဖွင့်ထားရတဲ့ စစ်ကောင်စီဟာ နယ်မြေတွေ ဆက်တိုက်လက်လွှတ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ဒီစစ်ဆင်ရေးတစ်နှစ်ပြည့်ချိန်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မြို့ပေါင်း (၈၀) ဝန်းကျင်အထိ သိမ်းပိုက်ထားပြီလို့ သက်ဆိုင်ရာအဖွဲ့တွေက အသီးသီး ထုတ်ပြောထားကြပါတယ်။

ပူးပေါင်းစစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလရောက်မှသာ အင်အားကောင်းကောင်းနဲ့ ပေါ်ထွက်လာခဲ့တဲ့ MDY PDF အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဘီဘီစီကို အခုလိုပြောထားပါတယ်။

“တစ်နိုင်ငံလုံးအနေအထားနဲ့ ဒီလောက်အတိုင်းအတာထိ နယ်မြေစိုးမိုးမှုတွေ၊ မြို့တွေ သိမ်းယူနိုင်ခဲ့တယ်ဆိုတာ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တပ်ဖွဲ့တွေအပြင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ဟန်ချက်ညီညီ လက်တွဲလုပ်ဆောင်ခဲ့လို့ ဒီအခြေအနေထိ ရောက်လာတာဖြစ်ပါတယ်။”

တစ်ဖက် တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တရုတ်က ဖိအားပေးနေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ စိုးရိမ်ချက်ရှိမလားဆိုတာကိုလည်း ဘီဘီစီက MDY PDF ကို မေးခွန်းထပ် ထုတ်ခဲ့ပါတယ်။

“၁၀၂၇ စစ်ဆင်ရေးကြီးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ တစ်ဖွဲ့ချင်းစီမှာ အခက်အခဲ အကန့်အသတ်တွေ၊ ဖိအားတွေ ကိုယ်စီရှိကြတယ်၊ ရှေ့ဆက်ပြီး ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာကလည်း တစ်ဖွဲ့တစ်ခုချင်းစီမှာရှိတဲ့ အခက်အခဲတွေအပေါ်မှာ မူတည်နေတယ်။ ဆက်ပြီး ပါဝင်မယ်ဆိုလည်း လက်တွဲပြီးလုပ်ဆောင်သွားမယ်၊ ဆက်ပြီးမပါဝင်တော့ဘူးဆိုရင်လည်း နားလည်ပေးရမယ့် အနေအထားမှာရှိပါတယ်” လို့ သူက တုံ့ပြန်ဖြေဆိုထားပါတယ်။

ဒါ့အပြင် “ဘယ်အဖွဲ့အစည်းအဆို ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆိုတဲ့ တော်လှန်ရေးပန်းတိုင်ကို ရှေ့ဆက်လျှောက်လှမ်းသွားမယ်” လို့ MDY PDF အဖွဲ့ရဲ့ တာဝန်ရှိသူ က မှတ်ချက်ပြုပါတယ်။