ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာမှာ အမေရိကန်နဲ့ အစ္စရေးက ပံ့ပိုးပေးထားတဲ့ GHF အကူအညီပေးအဖွဲ့က ဘယ်လိုအဖွဲ့ပါလဲ
အမေရိကန်နဲ့ အစ္စရေးက ပံ့ပိုးပေးထားပြီး အငြင်းပွားစရာလည်းဖြစ်နေတဲ့ လူသားချင်း စာနာမှုအကူအညီပေးတဲ့ ဌာနက အစားအစာတွေ ဝေမျှပေးတဲ့ ဧရိယာတွေနားမှာ ပြီးခဲ့တဲ့လအတွင်းက ရာနဲ့ချီတဲ့ ဂါဇာ ဒေသခံတွေ သတ်ဖြတ်တာခံခဲ့ရကြောင်း ဒေသတွင်း ဆေးရုံတွေနဲ့ အရာရှိတွေက ပြောပါတယ်။
မေလနှောင်းပိုင်းကတည်းက ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (Gaza Humanitarian Foundation - GHF) က စီမံဆောင်ရွက်နေတဲ့ အကူအညီပေးရေး စင်တာတွေနားမှာ လူပေါင်း ၅၀၀ ကျော် အသတ်ခံရပြီး နောက်ထပ် လူပေါင်း ၄,၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဟားမတ်စ်တို့ ဦးစီးနေတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီ သေဆုံး ဒဏ်ရာရခဲ့ကြသူတွေ အများစုက အစ္စရေးတို့ရဲ့ ပစ်ခတ်တာကို ခံခဲ့ရတာဖြစ်ကြောင်း ဂါဇာက အရာရှိတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ မျက်မြင် သက်သေတွေက ပြောပါတယ်။
ဒါ့အပြင် GHF ကိုယ်တိုင်ကြောင့် ထိခိုက်သေဆုံးတာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိပါတယ်။
GHF အဖွဲ့က လုံခြုံရေး ဝန်ထမ်းဟောင်း တယောက်က လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်နေတဲ့ အနေအထားမှာလည်း မရှိ၊ အစားအစာလည်း ငတ်မွတ်နေကြတဲ့ ပါလက်စတိုင်းတွေကို သူ့ လုပ်ဖော်ကိုင်ဖက်တွေက သေနတ်နဲ့ ပစ်ခတ်တာ အကြိမ်ပေါင်းများစွာ သူတွေ့ခဲ့ရတယ်၊ အဲဒီလို ပစ်ခတ်တဲ့ သေနတ်တွေထဲမှာ မောင်းပြန် စက်သေနတ်တွေပါ ပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။
တကြိမ်မှာဆိုရင် စင်တာကနေ ပြန်သွားနေတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ၊ အသက်ကြီးတွေပါဝင်တဲ့ လူစုကို သွားတာ နှေးတယ်ဆိုပြီး မျှော်စင်ဂိတ်ပေါ်က လုံခြုံရေး အစောင့်တယောက်က ပစ်ခတ်တာတောင် ရှိခဲ့ကြောင်း သူက ပြောပြပါတယ်။
GHF ကို တုံ့ပြန်ချက်တောင်းရာမှာ ဒီစွပ်စွဲချက်တွေက လုံးဝ မှားယွင်းနေကြောင်းနဲ့ GHF အကူအညီပေးဝေရေး စင်တာတွေမှာ ပစ်ခတ်ခံရတဲ့အရပ်သား မရှိဘူးလို့ ဘီဘီစီကို ပြန်ပြီး ရေးသား ဖြေကြားပါတယ်။
ဒီအငြင်းပွားစရာအဖွဲ့နဲ့ ပတ်သက်တဲ့ ကျွန်ုပ်တို့ ဘီဘီစီက သိသမျှက အခုလိုပါ။
GFH က ဂါဇာမှာ ဘယ်လို လာပြီး ပတ်သက်တာပါလဲ
မတ်လက စပြီး အစ္စရေးတို့က ဂါဇာကို အစားအစာနဲ့ တခြား အရေးကြီးတဲ့ထောက်ပံ့မှုတွေ မဝင်အောင် ပိတ်ဆို့ထားခဲ့ပါတယ်။ သီတင်းပတ် ၁၁ ပတ်လောက်ကြာတဲ့ အဲဒီပိတ်ဆို့မှုက သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေက လူဦးရေအားလုံး အစာရေစာ ပြတ်တောက် ငတ်မွတ်တော့မယ်လို့ သတိပေးကြတဲ့အထိ ဖြစ်လာစေပါတယ်။
မေလကုန်မှာ အစ္စရေးတို့က GHF ကို သုံးပြီး အစားအစာတွေ တဖြည်းဖြည်းပြန်ထောက်ပံ့ပေးဖို့ သဘောတူပါတယ်။ အဲဒီ အစားအစာ ဝေမျှရေး စင်တာ အနီးတဝိုက်မှာ အစ္စရေး စစ်တပ်ကိုလည်း နေရာချထားပါတယ်။
ဇွန်လ ၂၆ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဌာနက GHF ကို ဒေါ်လာ သန်း ၃၀ ရန်ပုံငွေပေးမယ်လို့ ကြေညာခဲ့ပါတယ်၊ သိထားရသလောက် အဲဒီအဖွဲ့ကို တိုက်ရိုက် အကူအညီပေးတာမှာ အမေရိကန်က ပထမဆုံးပါ။
GHF နဲ့ အတူပူးတွဲလုပ်ဆောင်ဖို့ အရေးကို ကုလသမဂ္ဂနဲ့ အဓိက အကူအညီပေးရေး အဖွဲ့တွေက ငြင်းဆဆန်ကြပါတယ်၊ အဲဒီအဲဒီလိုလုပ်မယ်ဆိုရင် အစ္စရေးရဲ့ စစ်ရေး ရည်မှန်းချက်တွေကို အထောက်အကူပေးတာမျိုး ဖြစ်သွားမှာကို စိုးရိမ်ကြောင်းနဲ့ လူသားချင်းအကူအညီပေးရေး အခြေခံမူတွေအရ ပဋိပက္ခမှာ တဘက်ဘက်နဲ့ ပူးတွဲလုပ်လို့ မရကြောင်း သူတို့က ပြောပါတယ်။
အစ္စရေး စစ်တပ်က အကူအညီပေးရေး နေရာ ၄ ခုကို တည်ဆောက်ပါတယ်၊ ၃ ခုက ဂါဇာ အနောက်တောင်ဖျားပိုင်းမှာဖြစ်ပြီး နောက် ၁ ခုက ဂါဇာ အလယ်ပိုင်းက နက်ဇာရင် စင်္ကြန်လို့ သိကြတဲ့ အစ္စရေး လုံခြုံရေးဇုန် မှာပါ။ အဲဒီ အကူအညီပေးရေးတွေကို မေ ၂၆ မှာ စတင်လုပ်ဆောင် ပါတယ်။
ဒီနေရာတွေကို SDS ၁၊ SDS ၂၊ SDS ၃ နဲ့ SDS ၄ လို့ ခေါ်ပါတယ်။
အဲဒီ GHF အစီအစဥ်အရ ပါလက်စတိုင်းတွေဟာ သူတို့ မိသားစုတွေအတွက် အစားအစာနဲ့ အခြေခံ သန့်ရှင်းရေးသုံး ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေ ထည့်ထားတဲ့ ဘူးတွေကို အဲဒီ စင်တာ နေရာတွေမှာ လာယူနိုင်ပါတယ်။
ဒီအစားအစာဘူးတွေ ရဖို့ ပါလက်စတိုင်းတွေဟာ ဘိုင်အို မက်ထရစ်နည်း နဲ့ စစ်ဆေးတာ၊ မျက်နှာကို မှတ်မိတဲ့နည်းပညာနဲ့ စစ်ဆေးတာ စတာတွေနဲ့ စစ်ဆေးခံရပါတယ်။ ဒီလိုလုပ်တာက ဒီပါလက်စတိုင်းအရပ်သားတွေဟာ ဟားမတ်စ်တို့နဲ့ အဆက်အစပ် ရှိ၊ မရှိဆိုတာကို ဖော်ထုတ်တာလို့ GHF က ဆိုပါတယ်။
အဲဒီအစီအစဥ် စတင်တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဇွန်လ ၁ ရက်နဲ့ ၃ ရက်တွေမှာ သီးခြားဖြစ်စဥ်တွေ အတွင်း ဒါဇင်နဲ့ ချီတဲ့ ပါလက်စတိုင်းတွေ အသတ်ခံခဲ့ရကာ နိုင်ငံတကာက ရှုတ်ချသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဒီအစားအစာတွေ ရယူဖို့ သွားတဲ့လူတွေ သတ်ဖြတ်ခံရတဲ့ သတင်းတွေ နေ့တိုင်းလိုလိုပဲ ထွက်ပေါ်လာခဲ့ပါတယ်။
လက်ဝဲယိမ်းတဲ့ အစ္စရေး သတင်းစာ ဟာရက်ဇ် (Haaretz) က အမည်မဖော်လိုတဲ့ အစ္စရေး စစ်သားတယောက်ရဲ့ စကားကို ကိုးကားပြီး သတင်းဆောင်းပါး ရေးပါတယ်။ အဲဒီစစ်သားက သူတို့အနေနဲ့ လူတွေ နောက်ဆုတ်အောင် လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခိုင်းတဲ့ အမိန့်ပေးတာကို ခံခဲ့ရတယ်၊ ဘာခြိမ်းခြောက်မှုမှ ပေးပုံမရတဲ့ လူတွေကို မလိုအပ်ဘဲ လူသေစေတဲ့ လက်နက်နဲ့ ပစ်ခတ်ခဲ့ရတယ် လို့ ဆိုပါတယ်။
ဟာရက်ဇ်က သတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး ဘီဘီစီက အစ္စရေး စစ်တပ်ကို မေးတော့ သူတို့က စာနဲ့ တုံ့ပြန်ပါတယ်။
"ဒီ ဆောင်းပါးမှာ ပါတဲ့ စွပ်စွဲချက်တွေကို အပြင်းအထန် ငြင်းပယ်ပါတယ်၊ ဒီ အကူအညီပေးရေး စင်တာတွေကို ချဥ်းကပ်လာတဲ့ လူတွေ အပါအဝင် ဘယ်အရပ်သားကိုမှ တမင်သက်သက်ပစ်ခတ်ဖို့ အစ္စရေးစစ်တပ်က သူ့ တပ်ဖွဲ့ဝင်တွေကို အမိန့်မပေးခဲ့ဘူး" လို့ သူတို့စာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
ဟာရက်ဇ်က ရေးသားထားတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိနိုင်လား ဆိုတာကို စုံစမ်းစစ်ဆေးဖို့ အစ္စရေး စစ်တပ် စစ်ဥပဒေ ဗိုလ်ချုပ်က အမိန့်ထုတ်ပါတယ်။
GHF အစီအစဉ်ကို ကုလသမဂ္ဂ၊ အကူအညီပေးရေးအဖွဲ့တွေနဲ့ ဟားမတ်စ်တို့က ဘာကြောင့် ဆန့်ကျင်တာလဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၄ ရက်နေ့မှာ GHF ဝေဖန်လိုက်ပြီး "မိုက်မဲတဲ့ သတ်ဖြတ်မှု" တွေကို လုံးဝ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဂါဇာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုယ်စားလှယ် ရစ်ခ် ပီပါကွန်းက GHF အကူအညီပေးဝေရေး စင်တာတွေမှာ ဒဏ်ရာရလာတဲ့ လူနာတွေ အစုလိုက်အပြုံလိုက် နက်စာ ဆေးရုံက ဒဏ်ရာရ လူနာဆောင်ကို ရောက်လာကြတယ်၊ အဲဒီလူနာတွေထဲမှာ အစားအစာဝေတဲ့နေရာကို သွားကြတဲ့ ကြီးကောင်ဝင်စယောက်ျားလေးတွေ၊ လူငယ်လေးတွေ အများအပြားပါဝင်တယ်၊ သူတို့ထဲကအများအပြားဟာ ခေါင်းမှာ၊ လည်ပင်းမှာ၊ ရင်ဘတ်မှာ ပစ်ခတ်ထားတာ ခံထားရတယ်၊ ကိုယ်တပိုင်းသေသွားတဲ့အထိ ဖြစ်နိုင်တဲ့ ဒဏ်ရာတွေလို့ ပြောပါတယ်။
ဇွန်လ ၂၇ ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်က အမေရိကန်နဲ့ အစ္စရေးက လုပ်နေတဲ့ အကူအညီပေးရေး အစီအစဥ်ဟာ ဘေးကင်းလုံခြုံမှု မရှိဘူးလို့ ခတ်ပြတ်ပြတ်ဆိုကာ ဝင်တားခဲ့ပါတယ်။
"သူတို့ အစားအစာရနိုင်ဖို့၊ သူတို့မိသားစုတွေအတွက် သယ်ယူသွားဖို့ ကြိုးစားကြတဲ့ လူတွေ အသတ်ခံနေရတယ်။ အစားအစာရှာတာကို သေဒဏ်ဘယ်တော့မှ မပေးရဘူး" လို့ ဂူတားရက်စ်က GHF နာမည် ထည့်မသုံးဘဲ သတင်းထောက်တွေကို ပြောပါတယ်၊
GHF အစီအစဥ် စတင်ကတည်းက ဒီအစီအစဥ်ဟာ လှုပ်ရှားသွားလာလို့ မရတဲ့ ဒဏ်ရာရသူတွေ၊ မသန်စွမ်းသူတွေ၊ အသက်ကြီးရင့်သူတွေကို အစားအစာရနိုင်ဖို့ အရေးကကနေ ဘေးကို ဖယ်ထုတ်ထားသလို ဖြစ်နေလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ရွှေ့ပြောင်းနေထိုင်ရတာ၊ ထောင်ပေါင်းများစွာသောသူတွေ အန္တရာယ်ကြားကို သွားရတာ၊ နိုင်ငံရေးနဲ့ စစ်ရေး ရည်ရွယ်ချက်တွေ အတွက် အစားအစာ အကူအညီတွေ ပေးတာ၊ အစားအစာ ကူညီပေးရေး အစီအစဥ်ကို လက်မခံနိုင်စရာ သာဓက ဖြစ်အောင်လုပ်တာ စသဖြင့်လည်း ကုလသမဂ္ဂက ထောက်ပြ သတိပေးပါတယ်။
ဟားမတ်စ်က ပါလက်စတိုင်း ပြည်သူတွေ အနေနဲ့ GHF အစားအစာပေးဝေရေး အစီအစဥ်မှာ ပူးပေါင်း ပါဝင်လုပ်ကိုင်ပေးတာမျိုး မလုပ်ဖို့ သတိပေးပါတယ်။ သူတို့က "အရပ်သား ပြည်သူတွေကို အငတ်ဘေးတွေ့အောင်လုပ်၊ ကသောင်းကနင်းတွေ ဖြစ်စေပြီး ထိန်းချုပ်ဖို့လုပ်တာ၊ စစ်ပွဲကာလမှာ အစားအစာကို လက်နက်လို အသုံးချတာ" လို့ လည်းပြောပါတယ်။
အစ္စရေးက ဟားမတ်စ်တို့ အစားအစာ ခိုးနေတာတွေကို ရပ်တန့်ဖို့ ဒီအစီအစဥ်ကို လုပ်တာလို့ အစ္စရေးက ပြောပါတယ်။ ဟားမတ်စ်က ဒီစွပ်စွဲမှုကို ငြင်းဆိုပါတယ်။
ဂါဇာမှာ GHF အစီအစဥ် စတင်ပြီး ရက်ပိုင်းအကြာဖြစ်တဲ့ မေလ ၂၆ ရက်နေ့က အဲဒီအဖွဲ့ရဲ့ ဒါရိုက်တာ ဂျိတ်ခ် ဝုက ဒီအဖွဲ့ရဲ့ နည်းနာတွေအပေါ် လက်မခံနိုင်တဲ့အတွက် နုတ်ထွက်သွားပါတယ်။
GHF ခေါင်းဆောင်တွေနဲ့ မိတ်ဖက်တွေက ဘယ်သူတွေလဲ
ဒါရိုက်တာ နုတ်ထွက်သွားတဲ့နောက်ပိုင်း USAID မှာ လုပ်ဖူးတဲ့ ထိပ်တန်းအရာရှိ တယောက်ဖြစ်တဲ့ ဂျွန် အက်ခရီ၊ ဒေါ်နယ်ထရမ့်ကို အရင်တုန်းက အကြံပေးလုပ်ခဲ့ဖူးသူလည်းဖြစ် ထင်ရှားတဲ့ ဧဝံဂေလိ ခေါင်းဆောင်တယောက်လည်း ဖြစ်တဲ့ ဂျွန်နီ မိုး တို့က ဒီ GHF ကို အခု ခေါင်းဆောင်နေပါတယ်။
မိုးက ၂၀၁၆ ထရမ့် သမ္မတ ရွေးကောက်ပွဲ ကမ်ပိန်းရဲ့ ဧဝံဂေလိ အကြံပေးဘုတ်အဖွဲ့ မှာ ပူးတွဲ ဥက္ကဋ္ဌလုပ်ခဲ့ပြီး သမ္မတရဲ့ပထမသက်တမ်းမှာ အခရာကျတဲ့ လူတယောက်ဖြစ်ပါတယ်။
သူနဲ့တခြား ဧဝံဂေလိ တွေက ဂျေရုဆလင်ကို အစ္စရေးက အချုပ်အခြာအာဏာပိုင်စိုးတာကို အသိအမှတ်ပြုပေးဖို့၊ အမေရိကန်သံရုံးကို အဲဒီကိုရွှေ့ဖို့ သမ္မတ ထရမ့်ကို ဖိအားပေးခဲ့တဲ့ အကြောင်း ၂၀၁၇ မှာ သူက နယူးရော့ခ် တိုင်းမ် သတင်းဌာနကို ပြောခဲ့ပါတယ်။
GHF အကူအညီပေးဝေမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဒေါသထွက်နေကြတဲ့အပေါ် မိုးက ကာကွယ်ခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ သူတို့လည်း ကိုယ်တိုင် ဆန်းစစ်နိုင်တာမဟုတ်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်နေကြတယ်လို့ သူက ဆိုပါတယ်။
ထိခိုက် သေဆုံးတာတွေရှိတယ်ဆိုတာ သူက အသိအမှတ်ပြုပေမဲ့ စစ်ဇုန်အတွင်းမှာ သူ့ရဲ့ ဝန်ထမ်းတွေက အစားအစာတွေကို အကောင်းဆုံး ဝေပေးနေတာလို့ သူက ပြောပါတယ်။
GHF က ကန်ထရိုက်ပေးထားတဲ့ လုံခြုံရေးအဖွဲ့က ပုဂ္ဂလိကပိုင် (Safe Reach Solutions - SRS) အဖွဲ့ပါ။
SRS ကို ဦးစီးနေတဲ့သူက အရင် စီအိုင်အေ အရာရှိဟောင်း ဖိလစ် ဖရန်စစ် ရိုင်လီဖြစ်ပြီး ဒီအဖွဲ့က နိုဝင်ဘာလအတွင်းက အမေရိကန်နိုင်ငံ ဝိုင်အိုမင်းပြည်နယ်မှာ ထူထောင်ခဲ့တာပါ။
"SRS က လုံခြုံရေးပိုင်းမှာ စည်းမျဥ်းပြည့်စုံပြီး နည်းပညာပြည့်ဝတဲ့ အဖွဲ့နဲ့ ထောက်ပို့ ကွင်းဆက် စီမံမှုတွေ၊ လူသားချင်းစာနာမှု ကူညီရေး အစီအစဥ်တွေကို လုပ်ပေးတဲ့အဖွဲ့" လို့ SRS ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာကို ပြန်ကြားဖူးပါတယ်။
SRS က UG Solutions လို့ခေါ်တဲ့ အမေရိကန် လုံခြုံရေး အဖွဲ့တခုကို ကန်ထရိုက် ထပ်ချပေးထားပြီး အဲဒီ UG Solutions က အမေရိကန် စစ်တပ်ထွက်တွေကို လက်နက်တပ်ဆင်ပေးထားကာ အစားအစာ ပေးဝေရေး စင်တာတွေနဲ့ အကူအညီကုန်ပစ္စည်းတွေ သယ်ဆောင်တဲ့ ယာဥ်တန်းတွေကို အကာအကွယ်ပေးတယ်လို့ ရိုက်တာက သတင်းရေးပါတယ်။
GHF က အစားအစာ ဘယ်လောက် ဖြန့်ဝေလဲ
၂ သန်းခန့်ရှိတဲ့ ဂါဇာ ဒေသခံတွေ အတွက် အစားအစာ အနပ်ပေါင်း ၄၆ သန်းကို ပထမလအတွင်း သူတို့ ဝေမျှထားတယ်လို့ GHF ပြောခွင့်ရတယောက်က ဇွန်လကုန်မှာ ပြောပြီး သူတို့အဖွဲ့အစည်း အနေနဲ့ ကျေနပ်အားရတယ်လို့ ဆိုပါတယ်။ နောက်ထပ်လည်း သူတို့ရဲ့ စွမ်းဆောင်မှုကို မြှင့်တင်သွားမယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂက ထောက်ခံပေးထားတဲ့ (Integrated Food Security Phase Classification - IPC) အဖွဲ့ရဲ့ ဆန်းစစ်ချက်အရ လာမယ့်လတွေ အတွင်း ဂါဇာက လူပေါင်း ၅ သိန်းလောက် ငတ်မွတ်မယ့် အရေးကို ကြုံရမယ်လို့ သိရပါတယ်။
ဟားမတ်စ်တို့ကြောင့် အောက်တိုဘာ ၇ ရက် ၂၀၂၃ က လူပေါင်း ၁,၂၀၀ သတ်ဖြတ်ခံခဲ့ရပြီး၊ နောက်ထပ် လူပေါင်း ၂၅၁ ယောက်ကို ဒါးစာခံ ဖမ်းခေါ်သွားလို့ အစ္စရေးက ဂါဇာကို စစ်ဆင်ရေး လုပ်ခဲ့ပါတယ်။
အဲဒီအချိန်ကတည်းကစပြီး ဂါဇာမှာ အနည်းဆုံး လူပေါင်း ၅၇,၀၀၀ အသတ်ခံခဲ့ရတယ်လို့ ဟားမတ်စ်တို့ ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။