နိုဝင်ဘာ ၂ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- တောင်ကြီး မီးပုံးပျံပွဲ ရုတ်တရက်မိုးရွာလို့ပြေးကြရင်း လူ ဆယ်ချီဒဏ်ရာရ

မိုးရွာလို့ ပွဲရပ်နားခဲ့ရတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိုးရွာလို့ ပွဲရပ်နားခဲ့ရတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွင်း မနေ့က နိုဝင်ဘာ ၁ ရက် ညပိုင်းက ရုတ်တရက်မိုးရွာတာကြောင့် မိုးလွတ်ရာပြေးရင်း ထိခိုက်ဒဏ်ရာရသူ ဆယ်ချီရှိတယ်လို့ ကူညီကယ်ဆယ်ရေးအခြေအနေသိတဲ့ ဒေသခံက ပြောပါတယ်။

"ခြေချစရာ နေရာမရှိအောင် ကြပ်ညပ်နေတာ။ အဲဒီအချိန် မိုးရွာချလို့ မိုးလွတ်ရာပြေးကြရင်း လဲကြတာရှိတယ်။ လူအုပ်ကြားထဲ မူးမေ့သူ တချို့ရှိလို့ တောင်ကြီးဆေးရုံကို တင်လိုက်ရသူလည်း ရှိတယ်။ တချို့ဆို ကလေးတွေပျောက်ကြ အော်ကြနဲ့၊ လူ အရမ်းများတော့ အန္တရာယ်များတယ်" လို့ တောင်ကြီးဒေသခံက ပြောပါတယ်။

ဒဏ်ရာရလို့ ယာယီဆေးခန်းမှာ ဆေးကုရသူ အယောက် ၂၀ ဝန်းကျင်၊ ဆေးရုံအထိ လူနာတင်ကားနဲ့ ပို့ရသူ ၈ ဦး အပါအဝင် အယောက် ၈၀ ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရတယ်လို့လည်း သူက ပြောပြပါတယ်။

မနေ့ည ရုတ်တရက်မိုးရွာချိန်မှာ တောင်ကြီးမြို့၊ အဝေရာကွင်းမှာ တန်ဆောင်တိုင်မီးပုံးပျံပွဲ ၄ ရက်မြောက်ည ကျင်းပနေချိန်ဖြစ်ပါတယ်။

မနေ့ညက အဝေရာကွင်းမှာ မီးပုံးပျံပွဲကို လာရောက်ကြည့်ရှုကြသူ ကွင်းလုံးပြည့် ဖြစ်ခဲ့ပြီး လူ ၂ သိန်းလောက်ရှိမယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။

ရုတ်တရက်ရွာတဲ့မိုးကြောင့် မိုးလွတ်ရာ ဆိုင်ခန်းတွေထဲ ဝင်ခိုကြရပြီး ကလေးပျောက်လို့ ရှာနေကြရတာကိုလည်း ဒေသခံတွေက လူမှုကွန်ရက်မှာ တင်ထားတာ တွေ့ရပါတယ်။

စိန်နားပန် မီးပုံးပျံ နှစ်လုံး လွှင့်တင်နေချိန် ရုတ်တရက်မိုးရွာတာကြောင့် မီးပုံးပျံတစ်လုံး ရေစိုပျက်စီးပြီး တစ်လုံးကတော့ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကြီးမီးပုံးပျံပွဲကို ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှာ မကျင်းပနိုင်ခဲ့သလို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ တွေမှာလည်း မကျင်းပဖြစ်ခဲ့ပါဘူး။

၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် မှာ ပြန်ပြီးကျင်းပပေမဲ့ လာရောက်တဲ့သူတွေ နည်းပါးခဲ့ပြီး အခု ၂၀၂၅ ခုနှစ်မှာတော့ ကွင်းလုံးပြည့်အောင် စည်ကားတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်ကတော့ ဒီနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ နေ့လွှတ် မီးပုံးပျံ ၂၅၈ လုံး၊ ညလွှတ် မီးပုံးပျံ ညမီးကြီး ၄၃ လုံး၊ စိန်နားပန် မီးပုံးပျံ ၃၇ လုံး လွှတ်တင်မှာဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲတွေ ကျင်းပပေးမှာ ဖြစ်တယ်လို့ စစ်ကော်မရှင်က နေ့စဉ်ထုတ် သတင်းစာမှာ ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေး CDM တွေကို အလုပ်မခန့်ဖို့ တားမြစ်တယ်ဆိုပြီး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အဖွဲ့က ဆုရှင်စာရင်းကနေ ဖယ်ရှား

၂၀၁၆ ခုနှစ်မှာ ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူတွေ

ဓာတ်ပုံ ရင်းမြစ်, Citizen of Burma Award

ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်မှာ ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆင်းရဲနွမ်းပါးသူတွေအတွက် တန်ဖိုးသင့် ညစာအစီအစဉ် တည်ထောင်သူ ဒေါက်တာ နန္ဒဝင်းကို ၂၀၁၅ ခုနှစ်မှာ ပေးအပ်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် စာရင်းကနေ ဖယ်ရှားလိုက်ပြီလို့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဒေါက်တာနန္ဒဝင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

"နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု"ဆိုတဲ့ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒနဲ့ သွေဖယ်နေသလို ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအပေါ်မှာ လျစ်လျူရှုခဲ့တာတွေကြောင့် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါက်တာ နန္ဒဝင်းဟာ စစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် ထောက်ခံအားပေးရပ်တည်ခဲ့သလို CDM ဆရာဝန်တွေ၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေး ဝန်ထမ်းတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ အလုပ်မခန့်ဖို့ ဆောင်ရွက်ခဲ့တယ်လို့ ပြည်သူ့ဂုဏ်ရည်ဆုအဖွဲ့က ထုတ်ပြန်ပါတယ်။

‌ဧရာဝတီတိုင်း အင်္ဂပူမြို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာနန္ဒဝင်းနဲ့အတူ ဗကသများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်၊ ကျောက်ပန်းတောင်းမြို့မှာ အခမဲ့ စာကြည်တိုက် လုပ်နေတဲ့ ကိုဇော်ဇော်တို့ကို ပြည်သူ့ဂုဏ်ရည်ဆုအဖွဲ့က ၂၀၁၅ ခုနှစ် ဇွန်မှာ ဆုပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ နန္ဒဝင်းဟာ ပြည်သူ့ ဂုဏ်ရည်အထူးဆု ရရှိပြီး ၁၀ နှစ်အကြာမှာ ဆုရှင်စာရင်းကနေ ဖယ်ရှားခံရတာဖြစ်ပါတယ်။ လက်ရှိမှာ သူဟာ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကနေ ဖယ်ရှားခံရတာနဲ့ပတ်သတ်ပြီး မှတ်ချက် တစုံတရာရဖို့ ဒေါက်တာနန္ဒဝင်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေပါတယ်။

ဒီဆုကို အမေရိကန်နဲ့ နိုင်ငံတကာရောက် မြန်မာတွေ စုပေါင်း တည်ထောင်ပြီး မြန်မာ ပြည်တွင်းမှာ လူမှုရေး လုပ်ငန်းဆောင်ရွက်သူတွေထဲက ထူးကဲစွာ ဆောင်ရွက်နိုင်သူတွေကို ၂၀၁၀ ပြည့်နှစ်ကတည်းက ရွေးချယ် ချီးမြှင့်လာတာဖြစ်ပါတယ်။

ဒီဆု စတင်ချီးမြှင့်ချိန်တုန်းကတော့ ရန်ကုန်မြို့အခြေစိုက် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပထမဆုံး ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပန်းရဲ့လမ်းအဖွဲ့က ကိုရဲလွင်၊ Clean Yangon Campaign ၊ HIV ပိုး ကူးစက်ခံရသူတွေကို စောင့်ရှောက်ရေးဂေဟာ ဖွင့်ခဲ့သူ ဒေါ်ဖြူဖြူသင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း စတဲ့သူတွေဟာ ပြည်သူ့ဂုဏ်ရည်ဆုရှင်နဲ့ အထူးဆုရှင်တွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက နေပြည်‌တော်မှာ ဖမ်းဆီး ထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က အခုနှစ် ဧပြီလ ၂၁ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရွေးချယ်ခံရတာဖြစ်ပါတယ်။

လန်ဒန်မြို့အထွက် ရထားပေါ် ဓားထိုးမှုဖြစ်လို့ လူ ၉ ဦးအသက်စိုးရိမ်ရ

ဓားထိုးမှုဖြစ်တဲ့ ရထားကို စုံစမ်းစစ်နေတဲ့ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဗြိတိန်မှာ ကိမ်းဘရစ်ရှိုင်းယားကနေ လန်ဒန်မြို့ထဲက ကင်း ခရော့စ် ဘူတာကို သွားနေတဲ့ရထားပေါ်မှာ ဓားထိုးမှုဖြစ်လို့ လူ ၁၀ ဦး ဆေးရုံ တင်ထားရပြီး အဲဒီထဲက ၉ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လူ ၂ ဦးကို ဖမ်းဆီးထားတယ်လို့ ကိမ်းဘရစ်ရှိုင်းယားရဲတပ်ဖွဲ့က ပြောပြီး အွန်လိုင်းမှာပျံ့နှံ့လာတဲ့ဓာတ်ပုံနဲ့ ရုပ်သံတွေအရ ဓားထိုးမှုဟာ ဟန်တင်တန် ဘူတာမှာဖြစ်ခဲ့တာလို့ နားလည်ရပါတယ်။

ရဲတပ်ဖွဲ့ကတော့ အခုဓားထိုးမှုကို ''ဖြစ်ရပ်ကြီး'' တစ်ခုလို့ကြေညာပြီး စုံစမ်းစစ်ဆေးဖို့ အကြမ်းဖက်မှု တန်ပြန်ရေးအရာရှိတွေကိုလည်း ဖြန့်ကြက်သွားမယ်လို့ ဆိုပါတယ်။

ဓားထိုးမှုဖြစ်ချိန်မှာ ခရီးသွားတွေဟာ ဒွန်ကတ်စတာကနေ လန်ဒန်မြို့ ကင်း ခရော့စ် ဘူတာကို သွားတဲ့ ညနေ ၆ နာရီ၊ ၂၅ ရထားခရီးစဉ် စီးနေကြချိန်လည်းဖြစ်ပါတယ်။

မျက်မြင်သက်သေတစ်ဦးကတော့ လက်မှာသွေးတွေ ထွက်နေတဲ့အမျိုးသားတစ်ဦးက ရထားတွဲထဲမှာ '' သူတို့မှာ ဓားတွေ ပါတယ်၊ ပြေး ပြေး'' ပြောပြီး ကြမ်းပြင်ပေါ် ပုံလဲကျသွားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာကတော့ အခုဖြစ်ရပ်ဟာ အလွန်အမင်း စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့ ပြောထားပြီး ဒေသအာဏာပိုင်တွေရဲ့အကြံပြုချက်ကို လိုက်နာကြဖို့ လူထုကို တိုက်တွန်းထားပါတယ်။

ဓားထိုးမှုဖြစ်တဲ့ရထားကို စုံစမ်းစစ်ဆေးမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကမ္ဘာမှာ သတင်းထောက်တွေကို ဖမ်းဆီးမှုအများဆုံးနိုင်ငံက မြန်မာဖြစ်နေ

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ သတင်းယူတဲ့ သတင်းထောက်တွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ သတင်းယူတဲ့ သတင်းထောက်တွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီး အကျဉ်းချမှု အများဆုံးနိုင်ငံထဲမှာ ပါဝင်နေပြီး သတင်းသမား ၅၁ ဦး ဖမ်းဆီးခံထားရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက ဒီနေ့ နိုဝင်ဘာ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ''သတင်းထောက်တွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်နေမှုအဆုံးသတ်ရေး နိုင်ငံတကာနေ့'' ဗြိတိန်အစိုးရရဲ့ ကတိကဝတ်ကို ထပ်လောင်းပြောရင်း ရန်ကုန်မှာရှိတဲ့ဗြိတိန် သံရုံးက အခုလိုပြောလာတာဖြစ်ပါတယ်။

"ကျွန်တော်တို့ ပြည်တွင်းမှာ နေရတဲ့ သတင်းသမားတွေက နှစ်ဘက်အဖွဲ့အစည်းတွေထဲက ဘယ်ဘက်ကဖြစ်ဖြစ်အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ကိုယ်က သတင်းထောက်ပါဆိုတာကို ဖျောက်ပြီးနေရတယ်။ လက်ရှိအချိန်ကတော့ သတင်းထောက်အနေနဲ့ အဆိုးဝါးဆုံး အခြေအနေကို ဖြတ်သန်းနေရတာ'' လို့ ပြည်တွင်းက သတင်းထောက်တွေအခြေအနေကို သုတေသနပြုနေတဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးက ပြောပါတယ်။

ဗြိတိန်သံရုံးကတော့ မြန်မာစစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကစပြီး စာနယ်ဇင်း သတင်းသမား ၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး သတင်းသမား ၂၀၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရတဲ့အချက်ကိုလည်း သူတို့ ထုတ်ပြန်ချက်ထဲ ထည့်ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ မြန်မာစစ်တပ်အာဏာပိုင်တွေက ဖမ်းဆီးပြီး ထောင်ဒဏ်ခံထားရသူတွေထဲမှာ အမျိုးသမီးသတင်းထောက်တွေလည်း ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ စာနယ်ဇင်း သတင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကိုလည်း ဂုဏ်ပြုသလို အထူးသဖြင့် အွန်လိုင်းမှာသာမက ပြင်ပတွေမှာပါ ‌နှောင့်ယှက်တာ၊ စောင့်ကြည့်တာ၊ အလွဲသုံးစားပြုတာတွေ အပါအဝင် ခြိမ်းခြောက်တာတွေပါ ရင်ဆိုင်နေရတဲ့ အမျိုးသမီး သတင်းထောက်တွေကို ဂုဏ်ပြုတဲ့အကြောင်း ဗြိတိန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မီဒီယာ လွတ်လပ်ခွင့်အပေါ် ချိုးဖောက်တာတွေ မှန်သမျှကို ဗြိတိန်အစိုးရအနေနဲ့ ရှုတ်ချပြီး မီဒီယာ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်တာ၊ ကန့်သတ်ချုပ်ချယ်သူတွေကို အရေးယူဆောင်ရွက်ရမယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းက သတင်းသမားတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ဘေးကင်းစေဖို့အတွက် ဗြိတိန်အစိုးရက ဆက်ထောက်ပံ့မယ်လို့လည်း ဆိုပါတယ်။

မြန်မာ့အရေး 5PC အကောင်အထည်ဖော်ဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေ ထပ်အတည်ပြု

ADMM အစည်းအဝေးပွဲကို မြန်မာ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်တာတွေ့ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, ASEAN Portal

ဓာတ်ပုံ ပုံစာ, ADMM အစည်းအဝေးပွဲကို မြန်မာ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်တာတွေ့ရပါတယ်

မြန်မာ့အရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာနိုင်ငံက အကောင်အထည်ဖော်ဖို့ လိုအပ်တာကို အာဆီယံကာကွယ်ရေးဝန်ကြီးတွေက ထပ်အတည်ပြုတယ်လို့ ၁၉ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးကနေ ထုတ်ပြန်ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အောက်တိုဘာ ၃၁ ရက်က ကျင်းပတဲ့ အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအတွက် ငြိမ်းချမ်းပြီး တည်တံ့တဲ့ ဖြေရှင်းနည်းကို အကောင်အထည်ဖော်နိုင်ရေး ကူညီပေးဖို့ကိုလည်း ထည့်သွင်းဆုံးဖြတ်ကြပါတယ်။

အဲဒီအစည်းအဝေးကို စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်ခဲ့ပေမဲ့ စစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီးအပြင် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေလည်း ကိုယ်စားလှယ်အဖြစ် တက်ရောက်တာ မတွေ့ရပါဘူး။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁၊ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ အာဆီယံကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးကို အဲဒီတုန်းက စစ်ကော်မရှင်ရဲ့ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အွန်လိုင်းကနေနဲ့ လူကိုယ်တိုင် တက်ရောက်တာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့အခုနှစ် မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ချိန်မှာ နေပြည်တော်က ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးပွဲမှာ မတွေ့ရဘဲ နိုင်ငံခြားရေးအတွင်းဝန်ပဲ တက်ရောက်တာတွေ့ရပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး နေပြည်တော်က ပြီးခဲ့တဲ့ရက်တွေအတွင်း တုံ့ပြန်လာအပြီးမှာ ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးပွဲကို မြန်မာ အမြဲတမ်းအတွင်းဝန် တက်ရောက်တာဖြစ်ပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ် ဧပြီ မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပေမဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အစည်းအဝေးပြီးမှ ထုတ်ပြန်ခဲ့တာလို့ စစ်ကော်မရှင် ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားပါတယ်။