ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် - မျှော်လင့်ခြင်းရဲ့ အသံ သို့မဟုတ် ဓမ္မနဲ့ ယှဥ်တဲ့ နိုင်ငံရေး
နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအမြင်၊ နိုင်ငံရေး အတွေးအခေါ်တွေ အကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောခဲ့တာတွေကို "The Voice of Hope - မျှော်လင့်ချက်ရဲ့ အသံ" ဆိုတဲ့ ခေါင်းစဥ်နဲ့ စုစည်းပြီး နာမည်ကျော် ပင်ဂွင်း စာအုပ်တိုက်ကနေ ၁၉၉၆ မှာ ပထမဆုံးအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ သတင်းစာဆရာ အလန် ကလဲမန့်စ်နဲ့ ဘီဘီစီ သီးသန့် မေးမြန်း ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ အတွက် အထူး မေးမြန်းတာ ဖြစ်ပါတယ်။
မစ္စတာ ကလဲမဲန့်စ်ဟာ ကိုယ်တိုင် စုံစမ်းဖော်ထုတ်တဲ့ စာနယ်ဇင်း သမား တစ်ယောက် ဖြစ်သလို၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အဖြစ် တရား ကျင့်ကြံ အားထုတ်ခဲ့သူ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပထမဆုံး အကြိမ် ပြန်လွတ်လာခဲ့တဲ့ ၁၉၉၅ မှာ အလန် ကလဲမဲန့်စ်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံ စကားပြောခဲ့ပြီး နိုင်ငံရေး အမြင်တွေသာမက၊ ဘဝ ဒဿန အဘိဓမ္မာတွေကိုပါ ထဲထဲဝင်ဝင် ဆွေးနွေး စကားပြောခဲ့ပါတယ်။
တခါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၉၀ တဝိုက် ပထမဆုံး နေအိမ် အကျယ်ချုပ် ကာလတွေမှာ ရှားရှားပါးပါး တွေ့ခွင့်ရတဲ့ အပြင်သူတွေထဲ ပါဝင်တဲ့ ဆရာတော် ဦးပဏ္ဍိတလည်းပဲ အလန်ကလဲမဲန့်စ်ရဲ့ တရားပြ ဆရာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မဟာစည် ဝိပဿနာ ရှုနည်းဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အလန် ကလဲမန့်စ်တို့ကြား အဆက်အစပ် ပေါင်းကူးတစ်ခု ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
မစ္စတာ ကလဲမဲန့်စ် ဟာ "မျှော်လင့်ခြင်းရဲ့ အသံ" တင်မက၊ မြန်မာ့ အရေး စာအုပ်များစွာ ရေးသား ထုတ်ဝေထားပြီး၊ စစ်တပ်က အာဏာတကျော့ပြန် မသိမ်းခင် ဒီမိုကရေစီ အသွင်ကူး ကာလ ဆယ်စုနှစ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွင်းစည်းထဲက သူတွေနဲ့ပါ နီးကပ် ကျွမ်းဝင် ရှိနေခဲ့သူ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်ရောက်ခဲ့ချိန်က စလို့၊ အစိုးရ တစ်ရပ်ကို လက်တွေ့အရ ဦးဆောင်မှု ပေးရတဲ့ ကာလတွေ မှာရော ဒေါ်အောင်ဆန်းစုကြည်ဟာ သူ ကိုင်စွဲခဲ့တဲ့ စံတန်ဖိုးတွေကို ဆက်လက် ကိုင်စွဲ နိုင်ခဲ့ရဲ့လား .... အထိပါး အပွန်းပဲ့ခံပြီး စတေးရတဲ့ အခိုက်မျိုးတွေရော ရှိလား .... ဆိုတာတွေ အပေါ်မှာပါ ဘီဘီစီရဲ့ အမေးတွေကို မစ္စတာ ကလဲမဲန့်စ် တုံ့ပြန် ဖြေဆိုထားပါတယ်။
ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး မေးမြန်း တင်ဆက်ထားပါတယ်။
ဘီဘီစီ။ ။ အလန်ရေ ... Voice of Hope စာအုပ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပထမဆုံး အကြိမ် ၁၉၉၅ မှာ လွတ်လာပြီးတဲ့နောက် အလန်နဲ့ စကား ပြောဆိုခဲ့ကြတာတွေကို စုစည်း ထားတာ ဖြစ်တယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့ပြီး စကားပြောဖို့ အဲဒီအချိန်က ဘာလို့ ဆုံးဖြတ်ခဲ့တာလဲ။
အလန် ကလဲမဲန့်စ်။ ။ ခင်ဗျား သိချင်လည်း သိမယ် ... သိချင်မှလည်း သိမယ် .... ကျနော်ဟာ ခင်ဗျားတို့ နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အဖြစ် တရား ကျင့်ကြံ အားထုတ်နိုင်ခဲ့တဲ့ အခွင့်ထူး ဘဝမှာ ရရှိခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည်ကို ရောက်လာတာ ပထမဆုံး အကြိမ်က ၁၉၇၇ မှာ ဖြစ်ပါတယ်။ မဟာစည် ဆရာတော် ဘုရားကြီး သက်တော် ထင်ရှား ရှိစဥ် ဖူးတွေ့ လိုက်ရပါတယ်။ ၇၉ မှာ ကျွန်တော် ရဟန်းဘောင်ကို ဝင်ပါတယ်။ ကျွန်တော် မြန်မာနိုင်ငံထဲ တရားအားထုတ်ရင်း နှစ် တချို့ကြာ အထိ နေနေခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ အဲဒီ အချိန်က အာဏာရှင် ဦးနေဝင်း အစိုးရက ဘာ အကြောင်းပြချက်မှ မပေးပဲ ၂၄ နာရီ အတွင်း တိုင်းပြည်ကနေ ထွက်သွားရမယ် ဆိုပြီး ကျွန်တော့်ကို ပြောလာပါတယ်။
သူတို့က အကြောင်းပြချက် မပေးဘူး ဆိုပေမယ့် ကျွန်တော်ကတော့ ဘာ့ကြောင့်လဲ ဆိုတာကို ရိပ်စားမိပါတယ်။ အဲဒါ ၁၉၈၂ ဝန်းကျင် ဖြစ်မယ် ထင်ပါတယ်။ ဦးနေဝင်း ထောင်ချထားခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး ပြန်လွတ်လာတဲ့ ကာလ ဖြစ်ပါတယ်။ ဦးတင်ဦးဟာ ၆ နှစ်ကြာ အကျဥ်းထောင်ထဲ တစ်ယောက်တည်း အထားခံရပြီးတဲ့နောက် ပြန်လွတ်လာတဲ့ အခါ၊ တစ်ညပဲ သူ့အိမ်မှာ သူအိပ်ပြီး နောက်တစ်ရက်မှာ ကျွန်တော် ဘုန်းကြီးဝတ်နေတဲ့ မဟာစည်ကျောင်းကို ရောက်လာပြီး ရဟန်းတတ်ပါတယ်။ ကျွန်တော်တို့ အင်မတန်မှ ရင်းနှီး သွားကြပါတယ်။
ဒါ့ကြောင့် ဦးနေဝင်းက ကျွန်တော့်ကို တိုင်းပြည်ထဲ ဆက်မထားတော့ပဲ ထွက်သွားခိုင်းတာ ဖြစ်ပါလိမ့်မယ်။ ဦးတင်ဦးနဲ့ ထဲထဲဝင်ဝင် ခင်မင် ကျွမ်းဝင်ခဲ့တဲ့ အချက်ဟာ ကျွန်တော် နောင်တစ်ချိန် ဒေါ်စုနဲ့ ဆုံဖြစ်လာမယ့် ပထမဆုံး အကြောင်းခံလည်းပဲ ဖြစ်ပါတယ်။
အတိုချုပ်ရရင် ကျွန်တော် မြန်မာနိုင်ငံက ထွက်သွားရတယ် ... ၈၈ အရေးတော်ပုံ ဖြစ်လာတယ် ... ကျွန်တော် မြန်မာနိုင်ငံထဲ တိတ်တဆိတ် ပြန်ဝင်လာတယ် ... ထိုင်းနယ်စပ် အထိ သွားတယ် .... NCGUB ညွန့်ပေါင်း အစိုးရ အဖွဲ့နဲ့ တွေ့တာမျိုးတွေ ပြုလုပ်ပါတယ်။ စုံစမ်းဖော်ထုတ် ရေးသားတဲ့ စာနယ်ဇင်း သမားတစ်ယောက် အနေနဲ့ ဖြစ်ပါတယ်။ အဲဒီ အတွေ့အကြုံတွေကနေ ကျွန်တော့်ရဲ့ Burma: The Next Killing Fields? စာအုပ် ထွက်လာတာ ဖြစ်ပါတယ်။
အဲဒီ အချိန် ဓမ္မ ဘက်မှာတော့ မဟာစည် ဆရာတော်ဘုရားကြီး ပျံပြီးတဲ့နောက် ကျွန်တော့်ရဲ့ တရားပြ ဆရာဟာ ဆရာတော် ဦးပဏ္ဍိတ ဖြစ်လာပါတယ်။ ဆရာတော် ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် နှစ်တွေမှာ တွေ့ခွင့်ရတဲ့ အင်မတန် နည်းလှတဲ့ အပြင်သူတွေထဲ ပါဝင်ပါတယ်။ အဲဒီ အဆက်အစပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော် တွေ့ဖို့ ဖြစ်လာတဲ့ ဒုတိယမြောက် အဆက်အစပ် ဖြစ်ပါတယ်။
၁၉၉၅ ဇူလိုင်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတဲ့ အခါ ဥရောပ ထုတ်ဝေရေး တိုက်တစ်ခုက ကျွန်တော် မြန်မာပြည်ထဲ ဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့လို့ သူ့ အကြောင်း ကမ္ဘာကြီးကို ပြန်ပြောနိုင်မလား ဆိုပြီး ပြောလာပါတယ်။ ကျွန်တော်ဟာ အဲဒီ အချိန် ဒေါ်စုရဲ့ ခင်ပွန်းနဲ့ ခင်မင် ရင်းနှီးနေပြီ ဖြစ်ပါတယ်။ သူနဲ့ တိုင်ပင်ပါတယ် .... မိုက်ကယ်က ခင်ဗျား အင်မတန် အန္တရာယ်များလိမ့်မယ်လို့ သတိပေးပါတယ်။
ကျွန်တော် မြန်မာပြည်ကို သွားခဲ့ပါတယ်။ ပထမဆုံး ဦးတင်ဦးကို သွားတွေ့ပါတယ်။ သူလည်း အဲဒီအချိန် ပြန် လွတ်လာတာ မကြာသေးပါဘူး။ သူ့ကို အကျိုးအကြောင်း ပြောပြတော့ ကျွန်တော်နဲ့ ဒေါ်စုနဲ့ ဆုံနိုင်ဖို့ သူ အစွမ်းကုန် ကြိုးစားပေးမယ်လို့ ဆိုပါတယ်။
ကျွန်တော်ဟာ အဲဒီကာလတွေမှာ အပတ်စဥ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း ခြံရှေ့ သီတင်းပတ် အကုန် ရက်တွေမှာ လုပ်တဲ့ ဒေါ်စုရဲ့ စကားပြောပွဲတွေကို သွားနားထောင် နေခဲ့ပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှား ရုန်းကန်နေတဲ့ လူအုပ် ဝန်းကျင်ထဲ ကိုယ်တိုင် ရောက်သွားခဲ့တဲ့ ထူးကဲဂုဏ်ယူလောက်ဖွယ် နေ့ရက်တွေ ဖြစ်ပါတယ်။
သီတင်း ၆ ပတ် အကြာမှာ ဒေါ်စုရဲ့ ကိုယ်ရေးအရာရှိက ဖုန်းဆက်လာပါတယ်။ ဒေါ်စု ကျွန်တော်နဲ့ တွေ့ချင်ပါတယ်တဲ့ .... အဲဒီဟာ နောက် ၅ လ အတွင်း တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ် ဆိုသလို ဒေါ်စုနဲ့ ကျွန်တော် သွားတွေ့ပြီး ပြောမကုန် အောင် စကားတွေ လက်ဆုံးကျခဲ့ရတဲ့ နေ့ရက်တွေရဲ့ အစပဲ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ အဲဒီ အချိန်မှာ အလန် အနေနဲ့ ဒေါ်စုရဲ့ နိုင်ငံရေး အမြင်တွေ၊ သူရေးထားတဲ့ စာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိနှင့်ပြီးပြီလား။ ဥပမာ သူ့ရဲ့ နာမည်ကျော် "အကြောက်တရားက လွတ်မြောက်ရေး - Freedom form Fear" လို အရေးအသားတွေ ဖတ်ထားပြီးပြီလား။
အလန် ကလဲမဲန့်စ်။ ။ ဟုတ်ကဲ့ ... ကျွန်တော်ဟာ သူ့ရဲ့ခင်ပွန်း မိုက်ကယ်နဲ့ အတော်လေး ရင်းနှီးနှင့် နေပြီ ဖြစ်သလို ၊ ဒေါ်စု ရေးသမျှတွေကိုလည်း ဖတ်ရနိုင်တဲ့ အခွင့်အရေးမျိုး ရှိခဲ့ပါတယ်။ "Freedom from Fear" ဆိုရင် အပြန်ပြန် အလှန်လှန် ဘယ်နှစ်ခေါက်မှန်း မသိပါဘူး။ အင်မတန် ကောင်းလှချည်လား ဆိုပြီး ကျွန်တော် ယူဆရတဲ့ အချက်ကို ပြောချင်ပါတယ်။
ကျွန်တော်ဟာ မြန်မာနိုင်ငံ နေရာအနှံ့ လျှောက်သွားခဲ့သူ၊ မြန်မာ စကား ထိုက်သင့် သလောက် ပြောနိုင်သူ ... နိုင်ငံရေး၊ တိုင်းရင်းသားအရေး၊ ဗုဒ္ဓ ဓမ္မ စသဖြင့် မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ လောကီ လောကုတ္တရာ အတွေးအမြင်တွေ အပေါ် ထိုက်သင့် သလောက် သိမြင်ခွင့် ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ မာန်မာနနဲ့ ယှဥ်ပြီး ပြောတဲ့ စကား မဟုတ်ပါဘူး။
ဒေါ်စု နဲ့ သူ့ အတွင်းစည်းထဲက ဦးတင်ဦး၊ ဦးကြည်မောင် အပါအဝင် ယောက်ျား မိန်းမတွေမှာ တူညီတဲ့ အချက်က သူတို့ အားလုံးထံမှာ နက်ရှိုင်းတဲ့ ဘဝ အသိအမြင် ဒဿန တွေ ရှိကြပါတယ်။ ဓမ္မနဲ့ ယှဥ်ပြီး အင်မတန်မှ စိတ်နှလုံး သဘောထား ကြီးမား ကျယ်ပြန့်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေဟာ trans- Buddhist တွေ လို့ ကျွန်တော် သုံးနှုံးချင်ပါတယ်။
ဟုတ်ပါတယ် .... ဒေါ်စုဟာ အင်မတန်မှ ကြီးမားကျယ်ပြန့်တဲ့ နှလုံးသား ရှိတဲ့ trans- Buddhist တစ်ယောက် ဖြစ်ပါတယ်။ အားလုံးကို လက်ခံ ထွေးပိုက်နိုင်သူ တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ဟာ သူ့ အတွေးအမြင်တွေကို စာတွေကနေသာမက လူချင်း တွေ့ဆုံ စကား ပြောရတာတွေကနေ ပိုပြီး နက်နက်ရှိုင်းရှိုင်း သိမြင်လာခဲ့ပါတယ်။
ကျွန်တော်တို့ဟာ ဘဝ အသိအမြင် ဒဿနတွေ အကြောင်း အတော်လေး ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။ "ကြောက်ခြင်း တရားကနေ လွတ်မြောက်ရမယ်" ဆိုတာတွေ၊ "Nonviolence - အကြမ်းမဖက်ရေး မူ ဆိုတာတွေဟာ ဘာလဲ ဆိုတဲ့အပေါ် ဒေါ်စု တည်ဆောက်ထားတဲ့ အတွေးအခေါ် ဟာ အင်မတန် ကျယ်ပြန့် နက်ရှိုင်းလှပါတယ်။ ရှုထောင့် အမျိုးစုံ ပါဝင်တဲ့ အသိအမြင်မျိုး ဖြစ်ပါတယ်။
လူ့ဘောင်တစ်ခုလုံးကို နိုင်ငံရေး အရ၊ လူမှု ဆက်ဆံရေး အရ၊ အခြေခံ ယဥ်ကျေးမှု အရ ပြောင်းလဲ နိုင်တဲ့ ယာဥ်ရထား သဖွယ် အစွမ်း ရှိလှတဲ့ လူသားတို့ရဲ့ အသိအမြင်၊ ဥာဏ်ပညာ တရားတို့ အပေါ် နားလည် သဘောပေါက်ထားပုံမျိုး ဖြစ်ပါတယ်။
ဘီဘီစီ။ ။ အလန် သုံးစွဲခဲ့တဲ့ trans Buddhist ဆိုတဲ့ အသုံးအနှုံးက ဘာ အဓိပ္ပာယ်လဲ ဆိုတာ ပိုပြီး ရှင်းပြပေးပါ့လား။ အဲဒါနဲ့ တဆက်တစပ်တည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လောကအမြင် အဘိဓမ္မာ ကိုလည်း ပြောဆိုသွားလို့ ရမယ် ထင်ပါတယ်။
အလန် ကလဲမဲန့်စ်။ ။ ပြောရမယ် ဆိုရင် လူတွေဟာ သူ့ အပေါ် အပြည့်အဝ နားလည် သဘောပေါက်မှု မရှိပဲ ဗုဒ္ဓဘာသာ အခြေပြု အမျိုးသားရေး အမြင်မျိုး ရှိတဲ့ သူ ဖြစ်တယ်လို့ နောက်ပိုင်း စွပ်စွဲကြတာတွေ အထိ ရှိလာပါတယ်။ တခြား ဘာသာတရားတွေ၊ လူမျိုးတွေ အပေါ် အလေးမမူ ဂရုမပြုတတ်တဲ့သူ အလား သူ့ အပေါ် ပုံဖော်ကြပါတယ်။
ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည် ဘာသာဗေဒကို လေ့လာခဲ့သူလို့ ပြောရလောက်အောင် သူ့ အပေါ် လေ့လာခဲ့သူ၊ စိစစ် အကဲဖြတ်ခဲ့သူ ဖြစ်ပါတယ်။ Voice of Hope စာအုပ် ဖြစ်လာစေမယ့် စကားဝိုင်းတွေ ဆိုတာ အဲဒီ အထဲက တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာ ကိုးကားစရာတွေ အစုလိုက် အပုံလိုက် ရှိနေပါတယ်။
ကျွန်တော့် အနေနဲ့ စုံစမ်းဖော်ထုတ်သူ စာနယ်ဇင်း သမားတစ်ယောက်၊ အခြေခံ လူ့အခွင့်အရေး ကြေညာစာတမ်း အပေါ် သက်ဝင်သူ တစ်ယောက်၊ ဓမ္မ ခရီးသည် တစ်ယောက် အဖြစ် ဒေါ်စု အပေါ် ဆန်းစစ်ခဲ့သူ ဖြစ်ပါတယ်။ "လူတွေ အားလုံး မွေးရာပါ တန်းတူ ညီမျှပြီး ဂုဏ်သိက္ခာ ရှိတယ်" ဆိုတဲ့ အချက် အပေါ် ဒေါ်စုဟာ နက်နက်ရှိုင်းရှိုင်း သက်ဝင် ယုံကြည်သူ ဖြစ်ပါတယ်။ ဗုဒ္ဓဝါဒ အခြေပြု အမျိုးသားရေး အမြင် ရှိသူ ဆိုပြီး ဒေါ်စု အပေါ် သုံးသပ်ရင် အင်မတန် အင်မတန် တိမ်ပြီး ပေါ့တန်လှပါတယ်။
သူဟာ လူသားရဲ့ ပကတိ တန်းတူညီမျှမှုနဲ့ ဂုဏ်သိက္ခာအပေါ် စွဲစွဲမြဲမြဲ သက်ဝင်သူ တစ်ယောက် ဖြစ်သလို၊ ဒေါ်စု ပြောတဲ့ လွတ်မြောက်ခြင်းတရားဟာ လူသားတို့ အပေါ် အကြောက်တရား သွင်းထားတဲ့ ရှိရင်းစွဲ လောကီလူ့ဘောင်ထဲက အစွဲတွေ အားလုံးကနေ ကင်းလွတ် နိုင်ရေး ဆိုတာအထိ နက်ရှိုင်း ကျယ်ပြန့်ပါတယ်။
ဘယ်လူမျိုး ကနေ လာတဲ့ သူ ဖြစ်ဖြစ်၊ ဘယ်ဘာသား စကားကို ပြောပြော .... လူ့အဖွဲ့အစည်းအတွင်း ကိုးကွယ်ရာ ဘာသာတရားတွေ၊ ဘောဂဗေဒ ဆိုင်ရာ အကျိုးအမြတ်တွေ ဖန်တီးကြရင်းသား သွပ်သွင်းလာခဲ့တဲ့ အကြောက်တရားတွေ ကနေ လွတ်မြောက်ရမယ် ဆိုပြီး ဒေါ်စုက ပြောတာ ဖြစ်ပါတယ်။
သူဟာ လွတ်လပ်စွာ တွေးခေါ်ကြံဆမှု၊ ပြောဆိုမှု၊ ထုတ်ဖော်ပြသမှု ရှိရမယ် ဆိုတဲ့ အခွင့်အရေး အပေါ် အခြေခံကနေ သက်ဝင် ယုံကြည်သူ ဖြစ်ပါတယ်။ သူတစ်ပါး ဘယ်လို စဥ်းစားတွေးခေါ်သလဲ ... ဘယ်လို ယုံကြည်သလဲ ဆိုတာကို အမြဲ သိမြင် နားလည်လိုသူ ဖြစ်ပါတယ်။ အထူးသဖြင့် ဆန့်ကျင်ဘက်ကသူ ဘယ်လိုတွေးသလဲ ဆိုတာကို ပိုလို့တောင်မှ နားလည် သိမြင်လိုသူ ... သိမြင်ဖို့ ကြိုးစားသူ ဖြစ်ပါတယ်။
ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ ဓမ္မဆရာ ဖြစ်တဲ့ ဦးပဏ္ဍိတ ညွှန်ပြခဲ့တဲ့ non-vilification ဆိုတဲ့ အယူအဆအပေါ် အင်မတန် နှစ်ချိုက် သဘောကျသူ ဖြစ်ပါတယ်။ တစ်ပါးသူ အပေါ် အမုန်းတရား အခြေခံနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထား အလွန်အကျွံ ပြောဆိုထိုးနှက်တာမျိုး မလုပ်ရဘူး ဆိုတာကို သက်ဝင်သူ ဖြစ်ပါတယ်။
သူဟာ ဘယ်သူ့ကိုမှလည်း မကောင်းဆိုးရွား မိစ္ဆာအဖြစ် demonise လုပ် ပုံဖော်တာမျိုး လုပ်မယ့်သူ မဟုတ်ပါဘူး။ ဒီတော့ ဒေါ်စုရဲ့ ယဥ်ကျေးမှု ကျင့်စဥ် အီသော့စ် ethos ဟာ လူတွေရဲ့ လွတ်မြောက်ခြင်း freedom ၊ ညီမျှခြင်း equality နဲ့ တရားမျှတမှု justice ကို အကြမ်းမဖက် ရုန်းကန်ခြင်းကနေ ရှာဖွေတာ ဖြစ်ပါတယ်။
ဒီလို ဗုဒ္ဓ ဓမ္မကနေ အခြေခံပြီး ကျယ်ပြန့်စွာ အားလုံးကို ခြုံငုံ လက်ခံ နိုင်စွမ်း ရှိသူ ဖြစ်တဲ့ အတွက် သူဟာ ကျဥ်းမြောင်းသူ တစ်ယောင်မဟုတ်၊ ဓမ္မကို ကျယ်ပြန့်စွာ သိမြင်ပြီး ကျင့်ကြံတဲ့ ၊ အားလုံးကို လွှမ်းခြုံ လက်ခံ နိုင်စွမ်းရှိတဲ့ trans Buddhist ဆိုပြီး သုံးနှုံး ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ ဓမ္မကို အခြေပြုတဲ့ အခါ အရာရာ အပေါ် သတိလက်လွတ် မဟုတ်ပဲ သတိကပ်ပြီး ဆင်ခြင်တဲ့ ဥာဏ်မျိုးကို သူ့ဆီကနေ တွေ့ရပါတယ်။ အဲဒါကို mindful intelligence လို့ပဲ ခေါ်ခေါ် emotional intelligence လို့ပဲ ပြောပြော ပြောနိုင်မယ် ထင်ပါတယ်။
တစ်ဘက်ကို မိစ္ဆာ အဖြစ် ပုံဖော်ပြီး ကြမ်းတမ်းစွာ ပြောဆိုခြင်းထက် ပြန်လည် ပေါင်းစည်းနိုင်မှု reconciliation ဆိုတာဟာ ငြိမ်းချမ်းရေးဆီသွားရာလမ်း နိုင်ငံရေး ယာဥ်ဖြစ်တယ် ဆိုတာကို နက်ရှိုင်းစွာ သိမြင် သဘောပေါက်ထားပါတယ်။ ကမ္ဘာ့ခေါင်းဆောင် အများစုမှာ အဲဒီ အခြေခံ စိတ်ထား မရှိပါဘူး။ လူတွေ တစ်ယောက်နဲ့တစ်ယောက် တင်းပုတ်နဲ့ထုကြ၊ ကျောက်ခဲနဲ့ ပေါက်ကြတာကနေ ဒရုန်းတွေ၊ နယူကလီယာ ထိပ်ဖူးတွေနဲ့ ခြိမ်းခြောက် ရန်ပြုကြတာတွေထက် စကားပြောဆို ဆွေးနွေးခြင်းက ပိုကောင်းမွန်တယ် ဆိုပြီး ဒေါ်စု ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလန် ပထမဆုံး အကြိမ် လူချင်း စဆုံရတော့ သူ့ရဲ့ အပြုအမူ အပြောအဆိုတွေ အပေါ် ဘယ်လို စပြီး ခံစားလာရလဲ ... first impression က ဘာဖြစ်လိမ့်မလဲ။
အလန် ကလဲမဲန့်စ်။ ။ အင်မတန် တင့်တယ်တယ် ... အေးဆေးတည်ငြိမ်လှပြီး မြင်ရတဲ့အခါ စိတ်ထဲမှာ လေးစားမိစိတ် လှိုက်လှဲပြီး ဖြစ်ပေါ်လာခဲ့တယ်။ စကားပြောတဲ့ အခါတော့ အင်မတန် ပွင့်ပွင့်လင်းလင်းနဲ့ မကွယ်မဝှက် ဒဲ့တိုး ပြောတတ်တယ်။ လူတွေ ဘာတွေ တွေးလဲ .... ဘယ်လို လောကအမြင် ရှိသလဲ ဆိုတဲ့ အပေါ် အင်မတန် သိမြင်လိုတယ် ... သူကချည်း ကျနော့်ကို မေးခွန်းတွေ ထုတ်နေတတ်တယ်။ ကျွန်တော် တရားထိုင်တဲ့ အကြောင်းကစလို့ ကျွန်တော်မှာ ဘယ်လို အတွေးအမြင်တွေ ရှိသလဲ ဆိုတာတွေ သူကချည်း မေးနေတော့ သူ့ကို ကျွန်တော်က ပြောရတယ်။ ကျွန်တော်လာတာ ဒေါ်စု အသံကို အပြင်ကို ထုတ်ပေးဖို့နော ... ကျွန်တော့် အသံကို ထုတ်ဖို့ မဟုတ်ဘူး ဆိုပြီး သတိပေးရတယ်။
Sacred reciprocity ဆိုတဲ့ စကား ခင်ဗျား ရင်းနှီးမလားတော့ မသိဘူး။ ဓမ္မ အကြောင်း လောက အမြင်အကြောင်းတွေ သူနဲ့ အပြန်အလှန် စကားပြောရတာ ကနေ ပီတ သုခ ရစေတယ်။ အချိန်ကတော့ အင်မတန် တိကျတယ်။ အမြဲတမ်း တည်တည်ကြီးတွေ ပြောနေတာ မဟုတ်ဘူး။ သူ့မှာ ဟာသဥာဏ် ရှိတယ် ... အမြီးအမောက် မတည့်တာတွေကို ကွက်ကွက်ကွင်းကွင်း ပုံဖော်နိုင်စွမ်းလည်း ရှိတယ်။
ကျနော် အထက်မှာ ပြောခဲ့သလို သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ဘယ်လောက် ကြီးသလဲ ဆိုတာ ကျွန်တော် ပြောပြမယ်။ "တကယ်တော့ ကျွန်မက သိပ် စိတ်တိုတတ်တာ ရှင့် ... အထူးသဖြင့် ခပ်တုန်းတုန်းသူတွေနဲ့ တွေ့ရရင်" ဆိုပြီး ကျွန်တော့်ကို ဖွင့်ဟဖူးတယ်။ ကျွန်တော့် မျက်လုံးထဲ ဗိုလ်ခင်ညွန့်တို့ ... ဗိုလ်သန်းရွှေတို့ကို ပြေးမြင်မိတယ်။ ဒေါ်စုက သူ့ရဲ့ စိတ်ကို ဘယ်လောက် ထိန်းချုပ်နိုင်ခဲ့သလဲ ဆိုတာ အင်မတန် ထင်ရှားပါတယ်။
သူတစ်ပါး အပေါ် ပုဂ္ဂလိက သဘောနဲ့ တိုက်ရိုက် အပြစ်တင်တာ ... ဘယ်လိုလူစား ဆိုပြီး judge လုပ်တာမျိုးတွေကို လုံးဝ ထိန်းသိမ်းပါတယ်။ သူဟာ ပုဂ္ဂလိက ခံစားချက်တွေကို လူအများရှေ့ အင်မတန်မှ ထုတ်ပြခဲပါတယ် ... ခံစားချက် ရှိရင်တောင် မသိသာ လှပါဘူး .... အင်မတန် သိမ်မွေ့ပါတယ်။
သူဟာ ကျွန်တော့်ကို သူ ဘေးပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ သူ့ မိတ်ဆွေတွေနဲ့ပါ ပေးတွေ့ပါတယ်။ သူ့ကို အခု တစ်တိုင်းပြည်လုံးက ကြီးငယ်မဟူ "အမေစု"လို့ ဝိုင်းခေါ်ကြတာ အလကား မဟုတ်ပါဘူး။ မိခင် ပုံရိပ် အပြည့် ရှိတဲ့သူ ဖြစ်လို့ အမေ ဆိုပြီး ခေါ်ခံရတာ ဖြစ်ပါတယ်။ အင်မတန်မှ ဂရုဏာ မေတ္တာတရား အကြင်နာ တရား ကြီးမား လှပါတယ်။ တချိန်တည်းမှာပဲ စိတ်အလို ဘယ်တော့မှ မလိုက်ပဲ ထိန်းသိမ်းထားပါတယ်။
သူဟာ လက်ကလေး လှုပ်တာတောင်မှ သတိကပ်ပြီး လှုပ်တာ ဖြစ်ပါတယ်။ သတိလက်လွတ် မရှိပါဘူး။ အင်မတန် တင့်တယ်ပြီး ကျက်သရေ ရှိလှသလို၊ အင်မတန် လှိုက်လှဲ ခံစားတတ်တဲ့ နှလုံးသား ရှိသူ လည်းပဲ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဝေဖန်သံတချို့တော့ ကျွန်တော် ကြားဖူးပါတယ်။ အထူးသဖြင့် သူဟာ လူတွေထဲမှာ အင်မတန် ထင်းပြီး သူများနဲ့ မတူပဲ ထူးခြား ပေါ်လွင်နေသလို၊ တချိန်တည်းမှာပဲ သူ့ရဲ့ စကား သူ့ရဲ့ သြဇာဟာ လွှမ်းမိုးနေတတ်တယ်လို့ ဆိုပါတယ်။ အဲဒီတော့ အပြိုင်စကားမျိုး မရှိပဲ သူ့ရဲ့ စကားပဲ တည်ရတာမျိုး ဖြစ်တတ်သလို၊ တခါ တစ်လေကျရင်လည်း သူဟာ စကားကို တင်းတင်းမာမာနဲ့ ပြောတာမျိုးလည်း ရှိတတ်တယ်လို့ ဆိုပါတယ်။ သူလုပ်တာ ပြောတာပဲ မှန်တယ်လို့ သူ့ကိုယ်သူ ထင်တစ်လုံးနဲ့ ရှိတတ်တဲ့ arrogrant ဖြစ်သူ ဆိုတဲ့ ဝေဖန်သံမျိုး အထိ ကြားဖူးပါတယ်။ အဲဒီ အပြောတွေ အပေါ်မှာရော အလန် ဘယ်လို သဘောထားသလဲ။
အလန် ကလဲမဲန့်စ်။ ။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ ဒေါ်စုကလည်း ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောတာကို လိုချင်မှာ ဖြစ်သလို၊ ကျွန်တော့် အတွက်လည်း ကျွန်တော့်ကိုယ် ကျွန်တော် မလှည့်ဖြားစတမ်း ပွင့်လင်းဖို့ လိုပါတယ်။
ပြောရမယ် ဆိုရင် ဒေါ်စုဟာ အင်မတန်မှ ဥာဏ်ပညာ ကြီးမားသူ ဖြစ်ပါတယ်။ သူ intelligent ဖြစ်တာက လူအများကြားမှာ အလွန်အကျွံကို ဖြစ်နေတာပါ။ အဲဒီ အချက်အပေါ် မူတည်ပြီး သူ့ကို arrogrant ဖြစ်တယ်လို့ ပြောတဲ့ အပေါ် ကျွန်တော့်မှာ တန်ပြန်စရာတွေ အများကြီး ရှိပါတယ်။
ကျွန်တော် အခု စပြောမှာတွေဟာ မေးခွန်းနဲ့ ဘာဆိုင်လို့လဲ ဆိုပြီး ခင်ဗျား တွေးကောင်း တွေးပါလိမ့်မယ်။ ဒါပေမယ့် မေးခွန်းရဲ့ အခြေခံ အကြောင်းကို ဆန်းစစ်နိုင်ဖို့ ကျွန်တော် ပြောသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်ဟာ ခင်ဗျားတို့ တိုင်းပြည်ထဲမှာ နိုင်ငံရေး အကျဥ်းသား ဘဝ မရောက်ခဲ့ဖူးပါဘူး။ ကိုယ်ထိလက်ရောက် နှိပ်စက် ညှင်းပမ်းမှု မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားကြသူတွေရော၊ ပြည်သူတွေ အများစုကြီးပါ အင်မတန် ကြမ်းကြုတ်ရက်စက်တဲ့ အုပ်ချုပ်သူတွေအောက် နှစ်ပေါင်းများစွာ အကြမ်းဖက် နှိပ်စက် ခံနေရတဲ့ တိုင်းပြည်မျိုး၊ လူ့ အဖွဲ့အစည်းမျိုး ဖြစ်နေပါတယ်။
မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ ခေတ်အဆက်ဆက် တွေ့ကြုံခံစားနေရတဲ့ ကြမ်းကြုတ်လှတဲ့ အာဏာရှင် စနစ် အကြောင်း ကျွန်တော် စာအုပ်ရေးနေပြီး ဒေါ်စု မွေးနေ့ အမှီ ထုတ်ဖို့ ရှိပါတယ်။ အဲဒီ စာအုပ်ဟာ အခု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်နဲ့ ကျွန်တော် အချီအချ စကားပြောထားတဲ့ ပုံစံမျိုး ရေးသားထားတာပါ။ သူ့ကို ကျွန်တော် တကယ် စကားပြောနိုင်ဖို့ ချည်းကပ် ခဲ့ပေမယ့် အကြောင်းမပြန်တဲ့ အတွက် အခုလို အချီအချ ပုံစံမျိုး ဖန်တီးပြီးတော့ပဲ ရေးလာရတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ အဓိကကတော့ မြန်မာနိုင်ငံမှာ အာဏာရှင်တွေရဲ့ ရက်စက်မှု၊ ကျူးလွန်မှုတွေရဲ့ စရိုက် လက္ခဏာတွေကို အတတ်နိုင်ဆုံး ထင်ဟပ်ထားပါတယ်။ ရက်စက်မှုတွေဟာ သွေးထဲသားထဲကကို ပါလာခဲ့ပြီ .... pathological ဖြစ်နေပြီ ဆိုတာထိ မပြောမိအောင် ကျွန်တော် ထိန်းချုပ်ထားပါတယ်။
ဒါပေမယ့် အာဏာရှင် အဆက်ဆက် လက်ထက် .... စစ်တပ်က ကိုယ့်တိုင်းသူ ပြည်သားတွေ အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု terror campaign တွေရဲ့ သဘောသဘာဝ အစစ်အမှန်ကို အရင်းခံအတိုင်း သိမြင်ဖို့ အင်မတန် လိုနေပါတယ်။ အဲဒီ အပေါ် မျက်မှောက်ပြုနိုင်မှလဲ ကြံ့ကြံ့ခံ ကာကွယ်ပြီး သူတို့ အပေါ် ရင်ဆိုင် အံတုနိုင်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်သူတွေ ..... အခုခေတ် လူငယ် ဂျဲန်ဇီးလေးတွေ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ ရင်ဆိုင်တွန်းလှန် နေရတဲ့ အာဏာရှင်ဟာ တရုတ်က ရှီကျင်းပင်လိုမျိုး၊ ရုရှားက ပူတင်လိုမျိုးသူတွေက ထောက်ပံ့ပေးနေတဲ့ အာဏာရှင် ဖြစ်ပါတယ်။ ဒီအချိန်မှာ ဒေါ်စုကို arrogant ဖြစ်တယ်လို့ ပြောကြမတဲ့လား .... ။
ကလေးတွေကို သတ်၊ အမျိုးသမီးတွေကို သတ်နဲ့ ခေတ်သစ် သမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်မှုတွေကို မြန်မာပြည်သူတွေ တွေ့ကြုံနေရတာ ဖြစ်ပြီး ... အဲဒီ လက်သည်ကို ဒေါ်စုက အရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်လို့ ရင်ဆိုင် ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး သူက ရှေ့ဆုံးကနေ ရပ်တည်မှု ခိုင်မာခဲ့တာကို arrogant ဖြစ်လွန်းတယ်လို့ ရည်ညွှန်းကြမတဲ့လား .....။ ရက်စက်မှု၊ ကြမ်းကြုတ်မှု၊ ဖိနှိပ်မှုတွေကို ကိုယ်တွေ့ ရင်ဆိုင် တွန်းလှန်နေရသူတွေဟာ ခေါင်းမာကြသတဲ့လား။
ကျွန်တော်ဟာ သူ့ အတွင်းစည်းထဲထိ ရောက်ဖူးပြီး ဒေါ်စုနဲ့ ဒေါ်စုလူတွေကြားက ဆက်ဆံရေးဟာ egalitarian ဖြစ်လှတဲ့ သာတူညီမျှ လူ့အဖွဲ့အစည်းမျိုး ထူထောင်ထားတာ ဖြစ်ပါတယ်။ မေတ္တာနဲ့ ယှဥ်ကြပါတယ်။ သူ့ အပေါ် အင်မတန်မှ ချစ်ခင်ကြပြီး ... သူကလည်း တစ်ဦးတစ်ယောက်ချင်း အပေါ် မေတ္တာကြီးစွာ ပြန်လည် ထားသူ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ရိုဟင်ဂျာ အကျပ်အတည်း ပေါ်လာတဲ့ အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံတကာ ဝေဖန်မှုတွေ ရှိလာပါတယ်။ သူဟာ မြန်မာ့လူ့ဘောင်မှာ ကျင့်ဝတ် စာရိတ္တပိုင်း ဆိုင်ရာ မှာကို စံပြ ခေါင်းဆောင် moral authority ရှိသူ ဆိုတဲ့ မှတ်ယူ မှုကနေ .... စစ်တပ်နဲ့ ကြံရာပါ ဆိုတဲ့ ရှုထောင့်မျိုး ထွက်လာအောင်ထိကို အခြေအနေတွေ ပြောင်းလဲ ကုန်ပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အခြေခံ စံနှုန်းကျင့်ဝတ်တွေကို ရိုဟင်ဂျာ အရေးမှာရော မသွေမဖီ ထိန်းထားနိုင်ခဲ့တယ်လို့ ထင်လား။
အလန် ကလဲမဲန့်စ်။ ရိုဟင်ဂျာ အကျပ်အတည်း မှာ ဆိုရင်လည်း သူ့ အပေါ် အခြေခံကနေ စပြီး နားလည်မှုတွေ လွဲကြပါတယ်။ သူဟာ ဒီ အကျပ်အတည်း အပေါ် နိုင်ငံတကာ စံတွေနဲ့ စနစ်တကျ ကိုင်တွယ်နိုင်အောင် လက်တွေ့ လုပ်ခဲ့သူ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန် ဦးဆောင်စေလို့ နှစ်နဲ့ချီ အချိန်ယူပြီး ပေါ်ပေါက်နေတဲ့ ပြဿနာတွေ အပေါ် သုံးသပ်ခဲ့ကြပါတယ်။
အခုအချိန်မှာ ရိုဟင်ဂျာအရေး ပုံဖော် ပြောမှုတွေက တစ်ခြမ်းပဲ့ ပုံစံ ဖြစ်နေပြီး အာဆာတွေက နယ်ခြားစောင့် တပ်စခန်း အများအပြားကို ချိန်ကိုက် တိုက်ခိုက် လာခဲ့တဲ့ အကြောင်း ထည့်သွင်းမပြောပဲ ချန်ထားပါတယ်။ ရိုဟင်ဂျာ အရေး ဒေါ်စု နှုတ်ဆိတ်နေခဲ့တယ် ဆိုပြီးတော့ပဲ ဝေဖန်ကြပါတယ်။
ဒီအရေးနောက်ပိုင်း၊ ကျွန်တော် သူနဲ့ တွေ့တဲ့ အခါတိုင်းမှာလည်း သူက ပြောတယ် ... "အလန်ရေ၊ ကျွန်မကို နှုတ်ဆိတ်နေသတဲ့ရှင် သူတို့က ပြောကြတယ် ... ကျွန်မပြောတဲ့ အပေါ်လည်း သူတို့က ကြိုက်မှ မကြိုက်တာကိုး ...၊ ကျွန်မလည်း ဒီထက် ပိုပြီး ရှင်းအောင် ဘာပြောရမှန်း မသိဘူး။ နှစ်ဘက်လုံးက ကျူးလွန်တဲ့ ခြောက်ခြားစဖွယ် ရာဇဝတ်မှုတွေ ရှိနေတယ် ဆိုတာကို သူတို့ မကြားချင်ကြဘူး။ ဒီတော့ အဲဒီနေရာမှာ ငြိမ်းချမ်း တည်ငြိမ်မှု ဖန်တီးဖို့ ဆိုရင် စီးပွားရေး ကောင်းအောင် ဖွံ့ဖြိုးအောင်တွေ ကူညီပေးရမယ်၊ ဘာသာတရားတွေကြား သည်းခံမှု ရှိအောင်တွေ လုပ်ပေးရမယ် ဆိုတာတွေကို ကျွန်မ ပြောနေသားပဲ" လို့ ဆိုတယ်။
အဲဒီ အချက်တွေပါတဲ့ ကိုဖီအာနန် အစီရင်ခံစာ တင်သွင်းတဲ့နေ့ နယ်ခြားစောင့် စခန်းတွေကို တိုက်တာမျိုး ချိန်ကိုက် လုပ်တော့တာပါပဲ။ ဒီ အရေးပေါ် ဒေါ်စု အပေါ်မှာပဲ အပြစ်ပုံချကြတဲ့ အနောက်နိုင်ငံရဲ့ arrogant ဖြစ်မှုကမှ တကယ့် အကြီးကြီး ခင်ဗျ။ သူတို့ရဲ့ ညစ်ထေးလှတဲ့ တွင်းနက်ကြီးကမှ အဆုံးမရှိ နက်ရှိုင်းတာ ဖြစ်ပါတယ်။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ အနောက်တိုင်းရဲ့ ဟစ်ပိုခရေစီ hypocrisy ကမှ မတွေးနိုင်လောက်အောင် ကြီးမားလှပါတယ်။
ခင်ဗျားသိလား အီရတ်က မွတ်ဆလင်မ် တစ်သန်းကို ကျွန်တော် ပေးတဲ့ အခွန်ငွေလည်း ပါတဲ့ ငွေတွေကို သုံးပြီး ကျွန်တော့်တိုင်းပြည် အမေရိကန်က သတ်ပစ်ခဲ့တာဗျ။ လစ်ဗျားမှာလည်း အဲဒီ အတိုင်း .... အာဖဂန်နစ္စတန်မှာလည်း ထိုနည်းလည်းကောင်းပဲ ဗျ။ ရိုဟင်ဂျာ ကိစ္စကျတော့မှ အလယ်ခေတ်တုန်းက စုန်းရိုးပြီး မီးရှို့ သတ်သလိုမျိုး ဒေါ်စုကို တရားခံရှာကြတော့တာကိုးဗျ။ ဘာလို့လဲ ဆိုတာ ဒေါ်စုက ပစ်မှတ်ထားရ လွယ်တယ် မလား .... easy target ဖြစ်နေတာကိုး။
ဒေါ်စုနဲ့ သူ့လူတွေဟာ အစွမ်းကုန် ပေးဆပ်ထားတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ တစ်ကိုယ်ရေ ပုဂ္ဂလ အမုန်းတရား၊ အာဃာတ တရားတွေကို အများအတွက် ကျော်လွှားချန်ထားခဲ့သူတွေ ဖြစ်ပါတယ်။ ဦးဝင်းထိန် က ဆိုရင် ကျွန်တော့်ကို မေးဖူးတယ် ... "ဒီထက်ပို ကျွန်တော်တို့ ဘာလုပ် နိုင်ဦးမတဲ့လဲ" တဲ့။
သူအပါအဝင် လူတွေကို သတ်ဖြတ် နှိပ်စက် ခဲ့သူတွေ၊ မိသားစုတွေ အပေါ် နည်း အမျိုးမျိုးနဲ့ ဒုက္ခပေးခဲ့သူတွေရဲ့ နံဘေး လွှတ်တောထဲမှာ ယှဥ်တွဲပြီး အတူ ထိုင်တဲ့ အထိ ပြန်လည် ပေါင်းစည်းနိုင်ကြဖို့ သူတို့ ရွေးချယ် ပြီးခဲ့ကြပြီ ... အဲဒီထက်ပို ဘာလုပ် နိုင်သေးလဲ ဆိုပြီး ဦးဝင်းထိန်က ကျွန်တော့်ကို မေးဖူးတယ်ခင်ဗျ။ သူလည်း အခု အသက် ၈၃ နှစ် ၊ ထောင်ထဲမှာပဲ ခင်ဗျ။
အထူးသဖြင့် မြန်မာနိုင်ငံကို ကိုလိုနီပြုခဲ့တဲ့ ဗြိတိန် အပါအဝင် အနောက်တိုင်းဟာ ၊ သူတို့ကိုယ်တိုင် ပိတ်လှောင် အကျဥ်းကျနေတဲ့ လူဖြူနယ်ချဲ့ဝါဒ ဆိုတဲ့ သမိုင်းစာအုပ်ထဲကနေ သံခြေခြင်းတွေကို ဖြတ်တောက် လွတ်မြောက်ချင်တဲ့အခါ .... ဒေါ်စုကို ရိုဟင်ဂျာ အရေးမှာ တရားခံ ရှာတော့တာပဲလို့ ကျွန်တော် ပြောချင်ပါတယ်။
ဘီဘီစီ။ ။ ၂၀၁၂ မှာ ဒေါ်စုဟာ နိုင်ငံရေးကို ဂငယ်ကွေ့ ချိုးခဲ့ပါတယ်။ အခုနက အလန် ပြောခဲ့သလိုပါပဲ .... အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လွှတ်တော်ထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အဲဒီ အချိန်ကစပြီး ကောင်းရာမွန်ရာ စံညွှန်းတန်ဖိုးတွေကို ချမှတ်တဲ့ သူ ဆိုတဲ့ အဖြစ်ကနေ .... ပါလီမန် အမတ် ဘဝ တစ်နည်းအားဖြင့် လက်တွေ့ နိုင်ငံရေးသမား ဘဝကို ပီပီပြင်ပြင် ရောက်သွားခဲ့တယ်လို့ ပြောရမှာပါ။ အဲဒီ အချိန်မှာလည်း သူဟာ သူ့ရဲ့ နိုင်ငံရေး အဘိဓမ္မာ စံတန်ဖိုး၊ ဘဝ အမြင် စံတန်ဖိုးတွေကို တပြိုင်တည်း ကိုင်စွဲ ထားနိုင်ရဲ့လား .... စံတန်ဖိုး အပွန်းအပဲ့ခံပြီး စတေးရတာမျိုးတွေ မရှိနိုင်ဘူးလား။
အလန် ကလဲမဲန့်စ်။ အတော်လေး လှပတဲ့ မေးခွန်းပါပဲ။ ဒေါ်စုနဲ့ စကားပြောတဲ့ Voice of Hope စာအုပ် ထွက်လာပြီးတဲ့နောက် ဗိုလ်သန်းရွှေ ကျွန်တော့်ကို မြန်မာနိုင်ငံထဲ အဝင်မခံတာ ၁၇ နှစ်လောက် ကြာမယ် ထင်ပါတယ်။ ဦးသိန်းစိန် ခေတ်ရောက်တော့ ပြန်ဖွင့်ပေးပါတယ်။ ဒီ့မတိုင်ခင် ၁၇ နှစ် အတွင်း ဒေါ်စုနဲ့ ပထမဆုံး အကြိမ် ပြန်ဆုံရတာ ဆန်ဖရန်စစ္စကို မှာပါ။
သူ့ရဲ့ အမေရိကန် ခရီးစဥ်အတွင်း ဆန်ဖရန်စစ္စကိုလည်း ရောက်လာပါတယ်။ အဲဒီမှာ သူနဲ့ တွေ့ရတော့ အလန် မြန်မာပြည်ကို ပြန်လာပြီး မြန်မာပြည်သူတွေ အတွက် ဆက် အလုပ်လုပ်ပေး ဆိုပြီး ဖိတ်ခေါ်ပါတယ်။ အဲဒီနောက်ပိုင်း ၈ နှစ် အတွင်း မြန်မာနိုင်ငံကို ကျွန်တော် သွားတာ အကြိမ် ၅၀ ဝန်းကျင် အထိ ရှိနိုင်ပါတယ်။
ပြောချင်တာက ခင်ဗျားပြောတဲ့ သူ့ရဲ့ ပါလီမန် နိုင်ငံရေးသမား ၊ လက်တွေ့ နိုင်ငံရေးသမား ဘဝကို ကျွန်တော် တောက်လျှောက် အကဲခတ်ခွင့်ရခဲ့ပါတယ်။ သူ့ ပတ်ဝန်းကျင်က ရှိသမျှ သူတွေ၊ နိုင်ငံရေး အသိုင်းအဝိုင်းက သူတွေ၊ မိတ်ဆွေတွေ၊ မဟာမိတ်တွေနဲ့ စကားပြောခဲ့ပြီး ..... ကျွန်တော့် မိတ်ဆွေ ဖားဂတ်စ် ဟားလို Fergus Harlow နဲ့ အတူ တွဲလို့ Burma's Voices of Freedom ဆိုတဲ့ ခေါင်းစဥ်နဲ့ စာအုပ် ရေးခဲ့တာမှာ အတွဲ ၄ တွဲ ထိအောင် ရှိပါတယ်။
ခင်ဗျားရဲ့ မေးခွန်းက သူဟာ စံနှုန်းတွေကနေ သွေဖီသလား ဆိုရင် သူ့ရဲ့ ဖြောင့်မတ်တည်ကြည်ခြင်းဟာ သူ့ရဲ့ အသွေးအသားထဲမှာကို ရှိနေပါတယ်။ ဖြောင့်မတ်မှုဟာ သူ့ရဲ့ DNA ပဲလို့ ကျွန်တော် ပြောချင်ပါတယ်။သူ့လောက် စံတန်ဖိုးနဲ့ အညီ ကြံကြံ့ခံ ရပ်တည်သူကို မတွေ့ဖူးပါဘူး။ သူ့ရဲ့ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံရေးသမားအနေနဲ့ ဘယ်အရာကို ဆောင်ကြဥ်းပေးမယ် ဆိုတဲ့ ရည်မှန်းချက် စကားတွေဟာ ဘယ်တုန်းကမှ မရှုပ်ထွေးခဲ့ပါဘူး။ အင်မတန် ကြည်ကြည်လင်လင် သန့်သန့်စင်စင်နဲ့ မြင်သာထင်သာ ရှိခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အတွင်းစိတ် ထဲက အသံ inner dialogue ကို အစဥ် နားထောင် တတ်သူလည်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ အများမမြင်သာတဲ့ အင်မတန် သိမ်သိမ်မွေ့မွေ့ ရှိလွန်းလှတဲ့ စိတ်နဲ့ကိုယ် အမြဲကပ်နေတဲ့ သူ့ရဲ့ သတိပဌာန်တရားကိုလည်း ရိပ်စားမိနေခဲ့ပါတယ်။
သူတင်မက သူ့ရဲ့ အတွင်းစည်းထဲက သူတွေကြားထဲ နေရတဲ့ အခါ သူတို့ နေ့စဥ် ကြုံတွေ့နေရတဲ့ ဖိအားတွေ ဘယ်လောက်ကြီး သလဲ ဆိုတာ ကျွန်တော် နောက်ပိုင်းနှစ်တွေ တောက်လျှောက် ၁၀ စုနှစ် တစ်ခု နီးပါး ကျွန်တော် သိမြင်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ အဲဒီ ဖိအားတွေနဲ့ ပတ်သက်ပြီး ပွင့်အံထုတ်တာတွေ၊ အများသိအောင် ကြေညာမောင်းခတ်တာတွေ၊ တပါးသူ အပေါ် မိစ္ဆာ အသွင် ပုံဖော်တာတွေ မလုပ်ပါဘူး။
သူတို့ ရင်ဆိုင်တွန်းလှန်နေရတဲ့ ဆိုးယုတ်မှု အမိုက်အမှောင်ကြီးက ထုထည်ကြီးလှပါတယ်။ အဲဒါကို အင်မတန် တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်စိတ်နှလုံး ဆောက်တည် ထိန်းချုပ်ပြီး ရင်ဆိုင် ကျော်ဖြတ်နေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကြံ့ကြံ့ ခံနိုင်စွမ်းအား resilience ဖြစ်မှုလောက် ဘယ်အရာကမှ ကျွန်တော့် နှလုံးသားကို လှုပ်ရှား ရိုက်ခတ်နိုင်စွမ်း မရှိပါဘူး။
သူတို့ရဲ့ ပေးဆပ်နိုင်စွမ်းဆိုတာကလည်း အံ့မခန်းပါပဲ။ ဆရာ ဦးဝင်တင် ဆိုရင် ထောင်ထဲ အနှစ် ၂၀ နေပြီး ပြန်ထွက်လာတဲ့ အခါ တောရ ဆောက်တည်တဲ့ ရသေ့ရဟန်း သဖွယ် ကိုယ်ပိုင် ဆိုတာ ဘာမှ မရှိပဲ ရန်ကုန်မြို့ က ကုဗတုံး ဟာလာဟင်းလင်း နေရာထိုင်ခင်းမှာ နေထိုင်ရင်း ကြီးမားလှတဲ့ စိတ်ခွန်အားတွေကို အားလုံး အပေါ် ဆက်ပြီး ပေးနေနိုင်ခဲ့တာမျိုး ဖြစ်ပါတယ်။
ဆရာ ဦးဝင်းတင် နာမည် ထည့်ပြောရတာ အကြောင်း ရှိပါတယ်။ သူလည်းပဲ ကိုယ်ပိုင် အာဃာဒ အမုန်းတရား အပေါ် ချုပ်တီး အောင်နိုင်ပြီး တည်ကြည်တဲ့၊ သန့်စင်တဲ့၊ ဓမ္မနဲ့ ယှဥ်တဲ့ ... ဥာဏ်ပညာ ကြီးရင့်တဲ့ နိုင်ငံရေးမျိုးအတွက် လမ်းပြ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို ဗီဒီယိုမှတ်တမ်းပါ ရိုက်ယူပြီး စကားပြောတာ ၅ နာရီ ကြာပါတယ်။ အမုန်းတရားနဲ့ လက်စားချေရေး တခွန်းတစ်ပါဒမှ သူ့ပါးစပ်က ထွက်ကျ မလာခဲ့ပါဘူး။
အဲဒီလို စိတ်ဝိဥာဥ်ပိုင်းမှာပါ အကောင်းဆုံး ထိန်းချုပ် ဆောက်တည်ထားနိုင်တဲ့ ဘဝအမြင် ဒဿနတွေကို ကျွန်တော် ဒေါ်စုဆီက၊ ကာနယ် ဦးကြည်မောင် ဆီက၊ ဦးတင်ဦးဆီက ကြားသိ မြင်တွေ့ခဲ့ရပါတယ်။ အလားတူပါပဲ။ မင်းကိုနိုင်၊ ကိုကိုကြီး တို့ထံမှာလည်း ပုဂ္ဂိုလ်ရေး အာဃာဒမျိုး ရှိမနေကြပါဘူး။
ကျွန်တော် ဒါတွေပြောရတာ အကြောင်းရှိပါတယ်။ မြန်မာနိုင်ငံက သူတွေ ကိုယ်ရော စိတ်ရော ညှင်းဆဲ နှိပ်စက်ခံရတဲ့ ဒဏ်ကို ခံခဲ့ရတာ ရာစုနှစ်နဲ့ ချီ ရှိနေပါပြီ။ ကျွန်တော် အခု လွတ်လပ်ရေး ရပြီး နောက်ပိုင်းခေတ်ကိုပဲ ပြောတာ မဟုတ်ပါဘူး။ လူတွေ နှိပ်စက်ခံရ၊ သတ်ဖြတ်ခံရ၊ အဓမ္မ ပြုကျင့်ခံရ၊ ပိုင်ဆိုင်မှုတွေ သိမ်းယူ ခံရ ဆိုတဲ့ အကြမ်းတမ်း အရက်စက်ဆုံး အပြုအမူတွေရဲ့ ဒဏ်ကို ရာစုနှစ် အဆက်ဆက် ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ဒဏ်ကြောင့် ပေါ်ပေါက်လာတဲ့ အနာကြီး .... စိတ်ဒဏ်ရာကြီးဟာ လူ့ဘောင်ထဲမှာ အခြေစိုက်စူးဝင်နေပါတယ်။ အဲဒီ ထရော်မာကြီးကို ဘယ်သူမှ စနစ်တကျ မလေ့လာဖူးသေးပါဘူး။
လူမျိုးတုန်း သတ်တယ် ဆိုတာ ကိုလိုနီ ချဲ့တဲ့ လူဖြူတွေက စပြီး ကျူးလွန်ခဲ့တာပါ။ ခင်ဗျားတို့ နိုင်ငံလည်း ဗြိတိသျှတွေရဲ့ ကျူးလွန်မှုကို အကြီးမားဆုံး ခံခဲ့ရပါတယ်။ လန်ဒန်က ဗြိတိသျှ ပြတိုက်မှာတင် အဲဒီ အထောက်အထားတွေ ရှိပါတယ်။ သူတို့ဟာ လူမြင်ကွင်း ခေါင်းတွေ ဖြတ်တာ၊ ကြိုးဆွဲချသတ်တာ၊ ကြိမ်နဲ့ရိုက်တာမျိုးလို နှိပ်စက် ညှင်းပမ်းတဲ့ နည်းတွေနဲ့ ကျူးလွန်ခဲ့သူတွေ ဖြစ်ပါတယ်။
ကိုလိုနီ သခင်ကြီးတွေနဲ့ မတည့်တဲ့သူ ဂျော့ချ် အိုဝဲလ် ဆိုတာတောင် သူဟာ ကိုလိုနီ ခေတ် ပုလိပ် ဖြစ်ပြီး၊ အင်းစိန်ထောင်နား နေသွားသူ ဖြစ်ပါတယ်။ အဲဒီ အင်းစိန်ထောင်ဆိုတာ အဲဒီ အချိန် အာရှမှာ အကြီးဆုံး အကျဥ်းစနစ် ယန္တရားပြီး ဖြစ်ပြီး၊ ဗြိတိသျှတွေ တည်ဆောက်သွားခဲ့တာပါ။ အဲဒီ ဖိနှိပ်မှု ယန္တရားရဲ့ အနီးကပ်နေရာမှာ ရှိနေခဲ့တဲ့ အတွက်လည်း ဂျော့ချ်အိုဝဲလ်ဟာ နောင်တစ်ချိန်မှာ ၁၉၈၄ လို စာအုပ်မျိုး ရေးပြီး တသွေးတသံတမိန့် အာဏာစက် ပြင်းထန်တဲ့ လူ့အဖွဲ့အစည်းက ဘာလဲ ဆိုတာမျိုး ပုံဖော် ရေးနိုင်ခဲ့တာပေါ့။
ကျွန်တော် ပြောချင်တာက ... မြန်မာ့လူဘောင်ထဲမှာ ဖိနှိပ်ညှင်းပမ်းခံရမှုတွေ အတွက် ထရော်မာ အကြီးကြီး ရှိနေပါတယ်။ အဲဒီ ထရော်မာတွေကနေ သန့်စင် ကြည်လင်တဲ့ စိတ်နှလုံးကို တည်ဆောက်ပြီး တချိန်တည်းမှာပဲ မယိုင်မလဲ ခိုင်မာတဲ့ ယုံကြည်မှုတွေကို ချမှတ်ပြီး အစွမ်းကုန် ဖိနှိပ်ရက်စက်တတ်သူတွေကို တွန်းလှန် ခဲ့ကြရတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက အမုန်းတရားက လွတ်မြောက်နေတဲ့၊ သူတို့ရဲ့ အကြမ်းမဖက်နည်းနာဟာ ကျွန်တော့်အတွက်တော့ ဒီ လောကကြီးမှာ ရောင်စဥ် အလင်းဆုံး ရတနာ တစ်ပါး ဖြစ်ပါတယ်။ ဒေါ်စုနဲ့ သူ့ မိတ်ဆွေတွေရဲ့ အတွေးအမြင်တွေဟာ ကမ္ဘာကြီး အတွက် လက်ဆောင်၊ ဒီမိုကရေစီ လှုပ်ရှားမှုတွေ အတွက် လက်ဆောင် ဖြစ်နေပါတယ်။ ဒါ့ကြောင့်လည်း ပူတင်လို လူ၊ ရှီကျင်းပင်လိုလူ၊ ထရမ့်လို လူစားတွေများ သိနားလည်ပြီး လက်နက်တွေကို ဘေးကိုချ ဖယ်ရှား ပေးလာမယ် ဆိုရင် ပိုကောင်းမယ့် ကမ္ဘာကြီး ဖြစ်လာလိမ့်မယ် ယုံကြည်တဲ့ အတွက် သူတို့ရဲ့ အသံတွေကို ပဲ့တင်ထပ် တင်ပြနိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ကျွန်တော့်ရဲ့ နောက်ဆုံးမေးခွန်းကို ကွေ့ပတ်မနေပဲ ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော် မေးပါ့မယ်။ ဒီနေ့ခေတ် အခြေအနေတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်မှုက ဘာဖြစ်နိုင်မလဲ ခင်ဗျ။ သူ့ရဲ့ ပြည်သူတွေ၊ လူငယ်တွေ ဒီမိုကရေစီ အတွက် လက်နက်ကိုင် တော် လှန်ရေး ဆင်နွှဲ နေကြရတဲ့ အပေါ် သူ ပျော်ရွှင် နိုင်မလား။ သူ ဘယ်လို ရပ်တည် နိုင်မလဲ။
အလန် ကလဲမဲန့်စ်။ ကျွန်တော် နှလုံးသားထဲက လာတဲ့ အဖြေမျိုး ကြိုးစား ပေးပါ့မယ်။ ကျွန်တော်လည်း ဒီအကြောင်းအရာ အပေါ် အတော်လေး လေးလေးနက်နက် ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ ကျွန်တော် နောက်ဆုံးရေးထားတဲ့ ဗိုလ်မင်းအောင်လှိုင်နဲ့ စကားလက်ဆုံ စာအုပ်ထဲမှာလည်း ဒီ အကြောင်းအရာကို ပြောထားပါတယ်။
ဒေါ်စုရဲ့ ဖခင် အချိန်က အထိ ပြန်ကြည့်ရအောင်ပါ။ သူ့ရဲ့ ဖခင်လည်းပဲ လက်နက်ကိုင် ခုခံ တော်လှန်တဲ့ လမ်းကို အစပိုင်းမှာ ရွေးခဲ့ရပါတယ်။ အဲဒီ အချိန် အသက် ၂၀ ကျော် လူငယ်လေး အယောက် ၃၀ ဂျပန်ဆီကနေ စစ်ပညာသင်ခဲ့ကြတယ် မဟုတ်လား။ သူ့ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းလည်းပဲ လက်နက်ကိုင် လမ်းစဥ်ကို အသိတရား ကြီးကြီး၊ ဆင်ခြင်တုံတရား ကြီးကြီး နဲ့ သုံးစွဲခဲ့ပါတယ်။ လွတ်လပ်ရေး ရယူဖို့ရာတော့ လန်ဒန်ထိလာပြီး အဲဒီ အချိန်က ဝန်ကြီးချုပ် အက်တလီနဲ့ စကားပြောဆို ဆွေးနွေးခဲ့ပါတယ်။
အဲဒီ အစဥ်အလာဟာ ဒေါ်အောင်ဆန်းစုကြည် ဆက်ခံတဲ့ အမွေခံ အစဥ်အလာ ... သူ့ရဲ့ heritage ပဲ ဆိုပြီး ကျွန်တော်သုံးစွဲ ခဲ့ပါတယ်။ ဒေါ်စုဟာ အဲဒီ မိမွေ ဖမွေနဲ့ ပြုစု ပျိုးထောင်ခံရ၊ ရင့်ကျက် ကြီးပျင်းလာရသူ တစ်ဦး ဖြစ်ပါတယ်။
သူဟာ ခင်ဗျားတို့ တိုင်းပြည်ထဲ လက်နက်ကိုင်ထားတဲ့ စစ်တပ်က သူတွေရဲ့ လက်နက်အပေါ် လွဲမှားစွာ အသုံးချနေပုံကို အသေအချာ နားလည် သဘောပေါက်ထားသူ ဖြစ်ပါတယ်။ ဒီနေရာမှာ လွဲမှားစွာ အသုံးချတယ် ဆိုတဲ့ စကားရပ်ကို ကျွန်တော် ရည်ရွယ်ချက် ရှိရှိ သုံးပါတယ်။
ဟုတ်ပါတယ် .... လက်နက်ကို အသုံးပြုတဲ့ လုပ်ရပ် ဆိုတာဟာ နှိုင်းရ သဘော ဖြစ်နိုင်ပါတယ်။ လက်ရှိ မြန်မာပြည်ကြီးရဲ့ အခြေအနေဟာ အဲဒီကို တွန်းပို့ ခံလိုက်ရပါတယ်။ ဘာတစ်ခုမှာ တခြားရွေးချယ်စရာမရှိတဲ့ အနေအထားမျိုး ရောက်အောင် စစ်တပ်က တွန်းပို့ခဲ့ပါတယ်။
နွေဦးတော်လှန်ရေး ဆိုတာ လက် ၃ ချောင်း ထောင်ပြီး အကြမ်းမဖက် အာဏာဖီဆန်တဲ့ နည်းနာနဲ့ စခဲ့ကြတာ ဖြစ်ပါတယ်။ အင်မတန် စိတ်ခွန်အား ကြီးကြီးမားမားနဲ့ အကြောက်တရားကနေ လွတ်မြောက်ပြီး စတင်ခဲ့ကြပါတယ်။ အဲဒီ အနှစ်သာရ အပေါ် အကြမ်းဖက် ရန်လိုတဲ့ စစ်တပ်က လုံးဝ မျက်ကွယ်ပြု လျစ်လျူရှုခဲ့ကြပါတယ်။ သူတို့ နားလည်တဲ့ တစ်ခုတည်းသော ဘာသာစကား အကြမ်းဖက်ခြင်းနည်းနဲ့သာ ကိုယ့်တိုင်းသူ ပြည်သားတွေ အပေါ် အမြဲ ပြုမူနေကြ အတိုင်း ရန်လို ကျူးလွန်ပါတော့တယ်။
ဒေါ်စု အနေနဲ့ ဘာပြောနိုင်ဖွယ် ရှိလဲ .... ရန်လိုနေတဲ့ စစ်တပ် အပေါ် တန်ပြန် ဖိအားတွေ ပေးဖို့ လိုတဲ့ အကြောင်း သူ သဘောပေါက် သိမြင်နိုင်ပါတယ်။ သူ့ဖခင် လုပ်ဆောင်ခဲ့သလို ကိုလိုနီ နယ်ချဲ့ကို တိုက်ဖို့ ဂျပန်နဲ့ ပေါင်းခဲ့တယ် ... ဖက်ဆစ် ဂျပန်ကို တိုက်ဖို့ လိုပြန်တော့ မဟာမိတ်တွေနဲ့ လက်တွဲခဲ့တယ် ... အဆုံးသတ် စကားပြောဆို ဆွေးနွေးခြင်းနဲ့ လွတ်လပ်ရေး ယူခဲ့တယ်ဆိုတဲ့ လမ်းစဥ် ရှိပါတယ်။
အခု မြန်မာ ပြည်သူတွေ ရုန်းကန် လှုပ်ရှားနေရချိန်မှာ အာဏာသိမ်း စစ်တပ်အပေါ် ကမ္ဘာကြီး အနေနဲ့ တစည်းတလုံးတည်း၊ တသံတည်းနဲ့ ဖိအားတွေ ပေးဖို့ လိုပါတယ်။ အဲဒါကို ကမ္ဘာကြီး သိမြင်နိုင်အောင် ကျွန်တော် တစ်ဘက်တစ်လမ်းက အသံထုတ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒေါ်စု အပေါ် လေးစားချစ်ခင်ကြသူတွေရော၊ အမြင်မကြည်လင်ကြသူတွေရော မကျေနပ်ချက်တွေကို အသာချပြီး ဒီ အချိန်ဟာ စစ်တပ် အပေါ် တညီတညာတည်း ဝိုင်းပြီး ဖိအားပေးရမယ့် အချိန် ဖြစ်ပါတယ်။ ဒေါ်စု အပေါ် အမြင်မကြည်တဲ့ သတင်းစာ ဆရာပဲ ဖြစ်ဖြစ်၊ ဘိုနိုလိုမျိုး ဒေါ်စု အပေါ် လေးစား ရင်းစွဲ ရှိပြီး နောက်ပိုင်း ရိုဟင်ဂျာ ကိစ္စမှာ ဝေဖန်တာမျိုး လုပ်ခဲ့တဲ့ အနုပညာရှင်ရော ... နိုင်ငံရေး ခေါင်းဆောင်တွေရော .... ကမ္ဘာတလွှားက သူတွေ အားလုံးဟာ တစည်းတလုံးတည်းနဲ့ စစ်တပ် အပေါ် ဖိအားပေး ရမယ့် အချိန် ဖြစ်ပါတယ်။
ဆရာတော် ဦးပဏ္ဍိတက ဒေါ်စု အပေါ် အာသောက မင်းကြီးကို ဥပမာ ပြုလို့ အမြဲ ဆုံးမလေ့ ရှိတယ်လို့ ဆိုပါတယ်။ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့၊ သနားညှာတာမှု အလျင်းကင်းတဲ့ သူဟာ တစ်ချိန်မှာတော့ ဓမ္မဘက်ကို လှည့်လာတယ် ဆိုတဲ့ အကြောင်းပါပဲ။ လူဟာ ပြောင်းလဲ နိုင်ပါ့လား ဆိုတဲ့ အခွင့်အလမ်း အခြေအနေကတော့ ဘယ်တော့မှ မှေးမှိန်မသွားပဲ အမြဲ ရှိနေပါတယ်။
အခုဆိုရင် အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အခြေအနေဟာ ပြည်တွင်းမှာလည်း အတော်ပဲ ဆိုးရွားနေပါတယ်။ မနက်ဖြန် သဘက် ဆိုရင်ပဲ ရခိုင်ကို လုံးဝ လက်လွှတ်ရတော့မလောက် ဖြစ်နေပါတယ်။ ဒီတော့ ငါဟာ ရိုမေးနီးယားက ချောင်ချက်စကူးနောက် လိုက်ရမလား၊ လစ်ဗျားက ကဒါဖီနောက် လိုက်ရမလား ဆိုတဲ့ အသိ အချိန်မှီ ဝင်ပါစေလို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။
သူ့ အပေါ် တကယ်တော့ ဘယ်သူကမှ အယုံအကြည် မရှိပါဘူး။ ဘယ်သူကမှ သူ့ အတွက် ဆိုပြီး ကာကွယ် ပေးမှာလည်း မဟုတ်ပါဘူး။ တကယ်သာ ရခိုင်မှာ တရုတ် စီးပွားရေးတွေ အပါအဝင် အားလုံး ဆုံးရှုံးသွားပြီ ဆိုရင် တရုတ်က အချိန်မရွေး သူ့ကို ဖယ်လိုက်နိုင်ပါတယ်။ သူ့ရဲ့ ဇနီး၊ သူ့ရဲ့ သားသမီးကတောင် သူ့ဘက်က မရပ်တည်ပေးတော့မယ့် အခြေအနေမျိုး ရောက်မလာခင် ဗိုလ်မင်းအောင်လှိုင် အသိဝင်ပါစေလို့ ပဲ ကျွန်တော် မျှော်လင့်ပါတယ်။
အာသောကမင်းကြီးဟာ ပြောင်းလဲ လာခဲ့အပြီးမှာ ရှိသမျှ အသင်းအပင်း အဖွဲ့အစည်း နယ်ပယ် အသီးသီးက သူတွေကို သူ့ နန်းတော်ဆီ ဖိတ်ခေါ်လို့ အကြမ်းဖက်ဝါဒကို သူစွန့်ပြီး၊ ဓမ္မလမ်းကို လျှောက်တော့မယ့် အကြောင်း ကြေညာပါတယ်။
အာသောက ထုံးကို နှလုံးမူလို့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ ခေါင်းဆောင်တွေ အားလုံး ပြန်လည် လွတ်မြောက်လာပြီး၊ နေပြည်တော်မှာ ငလျင်လက်ကျန် လွှတ်တော် နေရာကြီး ရှိသေးတယ် ဆိုရင် အဲဒီမှာ အဖွဲ့အစည်း အသီးသီးက သူတွေ လာရောက် စုဝေးပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး အသစ် မွေးဖွား လာနိုင်ပါစေလို့ပဲ ကျွန်တော် ဆုတောင်းပါတယ်။