ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေးက တင့်ကားတွေနဲ့ ဆေးရုံကို တိုက်တယ်လို့ ပါလက်စတိုင်းပြော - ဇန်ဝါရီ ၂၂ ရက် နိုင်ငံတကာသတင်းများ
ဂါဇာမှာ အစ္စရေးက လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ မနှစ်အောက်တိုဘာ စစ်ပွဲစဖြစ်ကတည်းက ဆိုရင် အပြင်းထန်ဆုံးပဲလို့ တောင်ပိုင်းက ပါလက်စတိုင်းတွေက ပြောပါတယ်။
မနေ့ တနင်္ဂနွေညကတည်းစလို့ ဟန်းယူနစ်မြို့ကို အစ္စရေးက တိုက်ခိုက်နေရာမှာ အနည်းဆုံး ပါလက်စတိုင်း အယောက် ၅၀ သေဆုံးသွားတယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဟန်းယူနစ်မြို့မှာရှိတဲ့ ဆေးရုံနှစ်ခုက ဂိတ်တံခါးတွေဆီ အစ္စရေးက တင့်ကားတွေနဲ့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဒေသခံတွေ ကျန်းမာရေး ကုသမှု မရအောင် ဖြတ်တောက်ခံထားရပါတယ်။
အစ္စရေးမှာတော့ ပါလီမန် အဆောက်အအုံထဲ အစည်းအဝေး ကျင်းပနေတုန်း ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေ ဝင်ရောက်ခဲ့ပြီး ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေ ပြန်လွတ်မြောက်ရေး ပိုပြီး ကြိုးစားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဂျပန် ကျိုဒို သတင်းထောက် အာဖဂန်နစ္စတန်မှာ ထိန်းသိမ်းခံရ
အာဖဂန်နစ္စတန် ကာဘူးမြို့တော်မှာ ဂျပန်က ကျိုဒိုသတင်းဌာနအတွက် အလုပ်လုပ်ပေးနေတဲ့ သတင်းသမားတယောက်ကို တာလီဘန်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အာဖဂန် သတင်းထောက်စင်တာက ပြောပါတယ်။
အီစန် အက်ဘာရီ ကို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း နဲ့ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တာလီဘန် အရာရှိတွေကတော့ တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။
တခြား ဒေသခံ သတင်းထောက် နှစ်ယောက်လည်း အဖမ်းခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ရွှေဗီဇာ ထုတ်ပေးတဲ့ အစီအစဉ် သြစတြေးလျမှာ ပယ်ဖျက်
သြစတြေးလျမှာ ပြည်ပက ငွေကြေးချမ်းသာတဲ့ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို နေထိုင်ခွင့်ပေးတဲ့ "Golden Visa" လို့ခေါ်ကြတဲ့ ဗီဇာထုတ်ပေးမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပါပြီ။
ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်တဲ့အစီအစဉ် ဖြစ်ပေမယ့် မူလရည်ရွယ်ချက်နဲ့ ကိုက်ညီမှုမရှိတာတွေကို တွေ့ခဲ့ရပြီးနောက် အခုလို ပယ်ဖျက်လိုက်တာပါ။
သုံးသပ်သူတွေကတော့ ဒီအစီအစဉ်ကြောင့် တရားမဝင်ငွေတွေ ပြည်တွင်းစီးဆင်းလာနိုင်တယ်လို့ တချိန်လုံးစောဒက တက်ခဲ့ကြပါတယ်။
သြစတြေးလျမှာ ၂၀၁၂ ကတည်းက စခဲ့တဲ့ ဒီအစီအစဉ်ကနေ ထောင်နဲ့ချီတဲ့ သူတွေကို ဗီဇာ ထုတ်ပေးခဲ့ပြီး ၈၅ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံက လာသူတွေ ဖြစ်ပါတယ်။
ဗီယက်နမ် နဲ့ မူးယစ်မှောင်ခို အရေးယူမှု
ဗီယက်နမ်မှာ တရားရုံးတခုက မူးယစ်ဆေးမှောင်ခို ရောင်းဝယ်မှုနဲ့ လူ ၉ ယောက်ကို သေဒဏ်ချမှတ်လိုက်ပြီး တခြား၂ ယောက်ကို ထောင်တသက် အပြစ်ပေးလိုက်ပါတယ်။
သူတို့ကို မက်သာဖက်တမင်း ၊ ဘိန်းဖြူနဲ့ တခြား မူးယစ်ဆေးတွေကို လာအိုကနေ ဗီယက်နမ်ဆီ ၂၀၂၁ တုန်းက တင်သွင်းမှုနဲ့ အပြစ်ရှိတယ်လို့ စီရင်ချက်ချပြီး ၂၀၂၂ မှာ ဖမ်းဆီးခဲ့တာလို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဗီယက်နမ် ဟာ ကမ္ဘာမှာ မူးယစ်ဆေးကို တင်းတင်းကျပ်ကျပ် တိုက်ဖျက်နေတဲ့ နိုင်ငံတွေထဲက တခု ဖြစ်ပေမယ့် မူးယစ်မှောင်ခိုမှုတွေ ကြီးထွားလာနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ဆိုရင် တောင်ကိုရီးယားက နှစ်ယောက်နဲ့ တရုတ်နိုင်ငံသား တယောက် အပါအ၀င် လူ ၁၈ ယောက်ကို မူးယစ်ဆေး ရောင်းဝယ်မှုနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။