ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့အရေးလွှမ်းမိုးနေဦးမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲ
မြန်မာ့အရေးကြောင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှာ သဘောထားကွဲလွဲမှုတွေရှိနေချိန်မှာပဲ အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်တွေသာမက ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ တရုတ်က ထိပ်ပိုင်းခေါင်းဆောင်တွေပါတက်ရောက်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပရမယ့် အချိန်ရောက်လာပြန်ပါပြီ။
အာဆီယံထိပ်သီးဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက် ကနေ ၈ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာကျင်းပမှာပါ။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ရဲ့ အခုနှစ်အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားက အိမ်ရှင်လုပ် ဦးစီးပြီး နောက်ဆုံးကျင်းပရမယ့် ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟဲရစ်၊ တရုတ်ဝန်ကြီးချုပ် လီချန်းတို့ တက်ရောက်ကြမှာပါ။
ဒါ့ကြောင့် အာဆီယံရဲ့ မရိုးနိုင်တဲ့ အစည်းအဝေးအစီအစဥ်တွေထဲပါနေတဲ့ မြန်မာ့အရေးနဲ့ တောင်တရုတ် ပင်လယ်ပြင်အရေး အခုရော ဘယ်လိုအဖြေမျိုး ထွက်လာမလဲဆိုတဲ့ စိတ်ဝင်တစားမေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
ထိပ်သီးဆွေးနွေးပွဲကို အာဆီယံ ၁၀ နိုင်ငံအပြင် ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်ဖို့ မူအားဖြင့်သဘောတူထားတဲ့ တီမောလက်စ်တေနိုင်ငံလည်း တက်ရောက်မှာပါ။
ဒီနိုင်ငံတွေအပြင် အာဆီယံရဲ့ မိတ်ဖက်နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ အိန္ဒိယနဲ့ ရုရှားအပါအဝင် အင်အားကြီးနိုင်ငံအချို့က ခေါင်းဆောင်တွေလည်း တက်ရောက်မှာဖြစ်လို့ ဒီဆွေးနွေးပွဲကို ဒေသတွင်းခေါင်းဆောင်တွေသာမက ကမ္ဘာ့ခေါင်းဆောင်တွေကလည်း အာရုံစိုက်ကြပါတယ်။
ဘီဘီစီကရရှိထားတဲ့ အာဆီယံသံတမန်အသိုင်းအဝိုင်းက အချက်အလက်တွေအရ မြန်မာ့အရေးဟာ မဖြစ်မနေ ထည့်သွင်းဆွေးနွေးရမယ့် အကြောင်းအချက်အနေနဲ့ ဆက်ရှိနေပြီး ဆွေးနွေးမယ့်မူကြမ်းထဲ ထည့်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကလာတဲ့ အချက်အလက်တွေမှာတော့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ဆက်ပြီးလုပ်နေသလို အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကိုယ်တိုင်ကလည်း အာဆီယံကနေ မြန်မာ့အရေးဖြေရှင်းတာဖြစ်ဖို့အတွက် အထူးအားစိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှားက မြန်မာနိုင်ငံအရေးကြောင့် အာဆီယံကြားထဲက သဘောထားကွဲလွဲမှုတွေကို ရင်ကြားစေ့နိုင်မလား၊ မြန်မာ့အရေး အဖြေတစ်ခုခုထွက်ဖို့အဖြေတစ်ခုထုတ်ပေးနိုင်မလားဆိုတာကိုတော့ အစည်းအဝေး မကျင်းပခင်တစ်ရက်အလို စက်တင်ဘာ ၄ ရက်အထိ ဘယ်သူကမှ တိတိကျကျမပြောနိုင်သေးပါဘူး။
“အင်ဒိုနီးရှားက ဥက္ကဋ္ဌတာဝန်စယူကတည်းကတော့ သူ့လက်ထက်မှာမြန်မာ့အရေးကိုပြီးအောင်မလုပ်နိုင်ဘူးဆိုတာ ယူဆချက်ရှိပါတယ်။
“အင်ဒိုနီးရှားက အားလုံးပါဝင်တဲ့အခင်းအကျင်းတစ်ခု ဖော်ဆောင်နိုင်အောင်နဲ့ အဲဒီအခင်းအကျင်းတစ်ခုအတွက် အကောင်အထည်ဖော်လို့ရအောင်ဆိုတာမျိုးနဲ့ သူကချဥ်းကပ်ခဲ့တာ” လို့ အော်စလိုငြိမ်းချမ်းရေးဆိုင်ရာလေ့လာမှုအင်စတီကျူ - PRIO က နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူ ကိုအမရာသီဟက သုံးသပ်ပါတယ်။
စက်တင်ဘာ ၄ ရက်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်တနိုမာဆူဒီ ရဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲအကြိုထုတ်ပြန်ချက်မှာတော့ မြန်မာ့အရေးကို ထည့်ပြောခဲ့ပါတယ်။
အာဆီယံရဲ့ သဘောသဘာဝအရလည်း ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဟာ ထိပ်သီးဆွေးနွေးပွဲကထွက်လာမယ့် ဆုံးဖြတ်ချက်တွေကို ထင်ဟပ်တာမျိုးပါ။
''မြန်မာ့အရေးကို ဖြေရှင်းနိုင်မှသာ အာဆီယံအနေနဲ့ အင်ပြည့်အားပြည့်ရှေ့ဆက်နိုင်မယ်။ ဘုံသဘောတူညီချက် ၅ ချက်ကို ဘယ်လောက်အကောင်အထည်ဖော်နိုင်ထားပြီလဲဆိုတာ ဘက်စုံထောင့်စုံ ပြန်လည်သုံးသပ်မှာဖြစ်ပြီး ဘာတွေလုပ်သင့်တယ်ဆိုတဲ့အကြံပြုချက်တွေကို အာဆီယံခေါင်းဆောင်တွေကို တင်ပြသွားမယ်'' လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီကပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပိုင်းကို ပြန်လည်သုံးသပ်ပြီးအကြံပြုချက်တွေကို နိုင်ငံ့ခေါင်းဆောင်တွေကိုတင်ပြကြမှာဖြစ်ပါတယ်။
“အခုတော့ ဒီ ၅ ချက်မှ အကောင်အထည်မဖော်နိုင်ရင် အကောင်းဘက်ကိုရောက်ဖို့ဆိုတာ အဝေးကြီးပဲ။ ဒါ့ကြောင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုပြန်သုံးသပ်တာထက်၊ အကောင်အထည်ဖော်မှုဆိုတာကိုပြန်သုံးသပ်မယ်ဆိုတာမျိုး အာဆီယံထဲမှာဖြစ်လာတယ်” လို့ ကိုအမရာသီဟက ထောက်ပြပါတယ်။
အဖွဲ့ဝင်ဖြစ်ဖို့ တာစူနေတဲ့ တီမောလက်စ်တေနိုင်ငံကတော့ အာဆီယံက မြန်မာ့အရေးကိုမဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲမဝင်ဘူးလို့ ထုတ်ပြောထားပါတယ်။
အဲဒီမတိုင်ခင်ကလည်း တီမောလက်စ်တေနိုင်ငံဟာ သူ့ရဲ့အစိုးရသစ်ကျမ်းကျိန်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပဲ ဖိတ်ကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်မှာရပ်တည်ကြောင်းပြခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ စစ်ကောင်စီက ရန်ကုန်မှာရှိတဲ့ တီမောသံရုံးရဲ့ တာဝန်ခံကိုမကြာသေးခင်က နိုင်ငံထဲက နှင်ထုတ်ခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ရဲ့ ပူးတွဲဥက္ကဋ္ဌ ချားလ်စ်ဆန်ဒီရေဂိုကတော့ “မြန်မာဖြစ်နေတဲ့ အကျပ်အတည်းကို ထိထိရောက်ရောက်ဖြေရှင်းဖို့ အာဆီယံအဖွဲ့ထဲမှာ နှုတ်ဆိတ်နေကြတာက မေးခွန်းထုတ်စရာဖြစ်လာတယ်'' လို့ စက်တင်ဘာ ၃ ရက်နေ့က ထုတ်ပြောပါတယ်။
သူက အာဆီယံအဖွဲ့ထဲက အဖွဲ့ဝင်နိုင်ငံတွေကြား မြန်မာ့အရေးဖြေရှင်းမှုအပေါ် သဘောထားကွဲလွဲနေတာကို ရည်ညွှန်းပြီး “အာဆီယံအနေနဲ့ ဒေသတွင်း အရေးကြီးဆုံးနဲ့ အဆိုးဆုံးပြဿနာကို ဖြေရှင်းဖို့မှ အတူတကွ မဆောင်ရွက်နိုင်ရင် ဒီအဖွဲ့ကဘယ်လိုအရေးပါနိုင်မလဲ ” လို့ ထပ်ဖြည့်ပြောထားပါတယ်။
တချိန်တည်းမှာပဲအာဆီယံဟာ ဒေသတွင်းအရေးကိုဖြေရှင်းဖို့ထက် အမေရိကန် နဲ့ တရုတ်နှစ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးဖို့ အင်အားပြိုင်တဲ့နေရာသက်သက် ဖြစ်နေလားဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။
ဒီအချိန်မှာပဲ အင်ဒိုနီးရှားအလှည့်ကျဥက္ကဋ္ဌဖြစ်ပြီးတဲ့နောက် အာဆီယံဒေသတွင်းမှာ လူဦးရေ ၇ သန်းပဲရှိတဲ့ လာအိုနိုင်ငံက အလှည့်ကျဥက္ကဋ္ဌဖြစ်လာမှာပါ။
ဒါ့ကြောင့် နောက်ထပ်အလှည့်ကျဥက္ကဋ္ဌနိုင်ငံဟာ စစ်ကောင်စီ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား ဘယ်လိုဆက်ဆံကိုင်တွယ်မလဲဆိုတာကို သံတမန်အသိုင်းအဝိုင်းကြား စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။
လာအိုဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (LDC ) စာရင်းမှာရှိနေသေးပြီး လူတစ်ဦးချင်းတစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂,၅၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းကဖော်ပြပါတယ်။
ဒီလို နိုင်ငံငယ်လေးအဖြစ် သတ်မှတ်ခံထားရတဲ့လာအို ရဲ့နောက်မှာ တရုတ်ကကျောထောက်နောက်ခံပြုထားပြီး လာအိုမှာတရုတ်ကြွေးမြီတွေရှိနေသလို လာအိုနိုင်ငံထဲက တရုတ်စီမံကိန်းတွေဟာ လာအိုက အမေရိကန်နဲ့ထက်စာရင် တရုတ်နဲ့ ပိုနီးကပ်စေတဲ့ အချက်တွေဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။
အာဆီယံရဲ့ မူအရ တခြားအဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေရဲ့ လွှမ်းမိုးမှုကိုလက်မခံတာ၊ အဖွဲ့ဝင်နိုင်ငံတွေကြား ဝင်မစွက်ရမူဆိုတာတွေ ရှိနေပေမဲ့ ရှေ့ကအာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံတွေနည်းတူ လာအိုကလည်း ရှေ့မတိုးနောက်မဆုတ် အနေအထားတစ်ခုနဲ့ပဲ ဆက်ဖြေရှင်းနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုးလည်းရှိနေပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူ ကိုအမရာသီဟကတော့ မြန်မာအရေးကိုဆုံးဖြတ်တဲ့အခါမှာ အဲဒီနိုင်ငံရဲ့ မူဝါဒ ဦးစားပေးအစီအစဥ်မှာ မြန်မာ့အရေးက နံပါတ်ဘယ်လောက်မှာချိတ်မှာလဲ ဆိုတာပေါ်မူတည်ပြီး စဥ်းစားမှာလို့ ပြောပါတယ်။
“တရုတ်နဲ့လာအိုက ပိုနီးတဲ့လွှမ်းမိုးမှုရှိတယ်ဆိုပေမဲ့ နားလည်ထားဖို့လိုတာက မြန်မာနိုင်ငံအရေးကကမ္ဘာကြီးရဲ့ ဗဟိုချက်မ ဟုတ်မနေဘူး။”
လက်ရှိအခြေအနေမှာပဲ မြန်မာစစ်တပ်ဟာအာဆီယံအဖွဲ့ကြားညီညွတ်မှုကိုကောင်းကောင်းခွဲထုတ်ထားနိုင်တယ်ဆိုတဲ့ ယူဆချက်တွေ ရှိလာပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ဆိုတာမှာလည်း မြန်မာစစ်အာဏာသိမ်း ၂ နှစ် နဲ့ ၇လ အတွင်းမှာ မြန်မာစစ်တပ်ဘက်ကအကောင်အထည်ဖော်လာအောင် အလှည့်ကျဥက္ကဋ္ဌ နိုင်ငံ ၃ ခုဖြစ်ခဲ့တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ လက်ရှိအင်ဒိုနီးရှားတို့ မလုပ်နိုင်သေးတာဖြစ်ပါတယ်။
ဘုံသဘောတူညီချက် ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေးဆိုတဲ့အချက်ရှိနေပေမဲ့ လက်ရှိမြန်မာပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး ပိုပြင်းထန်လာတဲ့အခြေအနေဖြစ်လာတာကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာသီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံနဲ့ ဆက်ဆံရေးအကောင်းဆုံးလို့ ထုတ်ပြောထားပါတယ်။
အင်ဒိုနီးရှားဟာ NUG နဲ့သာမက NUCC အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရော ဘက်ပေါင်းစုံနဲ့တွေ့ပြီးတော့ မြန်မာ့အရေးကို တော်တော်လေးကျေကျေညက်ညက်သိနေတယ် လို့ NUG က နားလည်ထားပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ မြန်မာ့အရေးဖြေရှင်းဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် မြန်မာ့အရေးမှာ ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ အကြိမ်ပေါင်း ၁၀၀ ကျော် တွေ့ဆုံဆွေးနွေးထားပြီးဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။
ဒါ့အပြင်မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်နိုင်ခဲ့တာကလည်း အင်ဒိုနီးရှား ရဲ့ ကမကထ ပြုမှုကနေ စတင်ခဲ့တာဖြစ်ပါတယ်။
‘’စစ်ကောင်စီက အာဆီယံပြောစကားလည်းနားမထောင်၊ ဘယ်သူ့ပြောစကားမှ နားမထောင်နေတဲ့ အချိန်မှာ ရှိပြီးသားဟာကို နောက်ဆုတ်သွားလို့မဖြစ်ဘူး။ ဖြစ်ပြီးသားအခင်းအကျင်းတိုးတက်မှုတွေကို အစက ပြန်စဖို့ဆိုတာ မဖြစ်သင့်ပါဘူး’’ လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
မကြာခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်ပြောင်းလဲတာဝန်ယူတော့မယ့်လာအိုနိုင်ငံအနေနဲ့ အင်ဒိုနီးရှားကတည်ဆောက်ထားတဲ့အခင်းအကျင်းကို ဆက်လက်သယ်ဆောင်ဖို့ NUG က တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒါပေမဲ့ လာအိုရဲ့ မြန်မာ့အရေးချဥ်းကပ်ပုံမှာ ထူးခြားမှုရှိနေတာက ထိုင်းအစိုးရဟောင်း ကမကထလုပ်ခဲ့တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ စစ်ကောင်စီကိုပါဖိတ်ပြီးအစိုးရအရာရှိတွေရော၊ အစိုးရမဟုတ်တဲ့တတ်သိပညာရှင်တွေပါပါဝင်တဲ့ (Track 1.5 Dialogue) ဆွေးနွေးပွဲတွေကို ထောက်ခံပြီး ကိုယ်တိုင်လည်း တက်ရောက်ခဲ့တာပါ။
နိုင်ငံတကာဆက်ဆံရေးကိုအထူးပြုကျွမ်းကျင်တဲ့ ကိုအမရာသီဟ ကတော့ “လာအိုမှာ Track 1.5 က အာဆီယံနဲ့အပြိုင်မဟုတ်ပါဘူးဆိုတဲ့ အမြင်ရှိနေတော့၊ သူကတော့ အင်ဒိုနီးရှားဆီကရလာမယ့် ဘက်ပေါင်းစုံနဲ့တွေ့ထားတဲ့ ထိတွေ့ပြောဆိုထားတဲ့အချက်တွေကိုလည်း ယူမယ်၊ Track 1.5 နဲ့ထိတွေ့ပြောဆိုတာကိုလည်း သူလုပ်မယ်”လို့ လာအိုရဲ့မြန်မာ့အရေးချဥ်းကပ်လာနိုင်ခြေကို သုံးသပ်ထားပါတယ်။