မွတ်ဆလင်အများဆုံး နိုင်ငံက စီးပွားရေးအကြီးဆုံး ၅ နိုင်ငံထဲ ဝင်နိုင်အောင် ကြိုးစားနေ

ဟန်နာ စမိုစာ နဲ့ နစ်ကီ ဝီဒါဒီရို

ဘီဘီစီ၊ အင်ဒိုနီးရှားဌာန (ဂျာကာတာ နှင့် နုဆန်တာရာ)

တတ်နိုင်တဲ့ ဇနီးမောင်နှံတွေအနေနဲ့ အသက် ၅၀ ကျော်လာရင် အငြိမ်းစားယူဖို့ စဉ်းစားနေကြပေမဲ့ အသက် ၅၅ နှစ်အရွယ် မွတ်မူရာဒီနဲ့ အသက် ၅၀ အရွယ် သူ့ဇနီး နုအာမစ်တို့ကတော့ အခွင့်အလမ်းအသစ်ကို အရယူနေပါတယ်။

အော်ရီဂူတန် မျောက်ဝံတို့ပျော်မြူးရာ တောအုပ်ထဲကနေ ထိုးထွက်လာနေတဲ့ အင်ဒိုနီးရှားမြို့တော်သစ် တည်ဆောက်ရေး အလုပ်တွေလုပ်ဖို့ သူတို့ဟာ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးတဲ့ နေရာကနေ ရွှေ့ပြောင်း လာခဲ့ကြပါတယ်။

“ဒီမှာက အခြေခံအဆောက်အအုံတွေ ဆောက်နေတော့ အလုပ်ရှာရတာ ပိုလွယ် တယ်” လို့ မွတ်မူရာဒီက ဘီဘီစီ အင်ဒိုနီးရှားဘာသာဌာနကို ပြောပါတယ်။

အခုတော့ သူတို့အိမ်က ဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ နုဆန်တာရာ (ဂျာဗား စကားအရ ကျွန်းဆွယ်ဆိုတဲ့ အဓိပ္ပာယ်ရ)က ဆောက်လုပ်ရေးလုပ်ငန်းဝင်းတခု အတွင်းမှာပါ။

နုအာမစ်က ဘိလပ်မြေတွေဖျော်တဲ့အချိန်မှာ မွတ်မူရာဒီက ကျောက်ပြားတွေစီပြီး ခင်း ပါတယ်။

သူတို့အိပ်မက်က အင်ဒိုနီးရှား အိပ်မက်ပါ၊ မွတ်မူရာဒီက တည်ငြိမ်တဲ့ အလုပ်တခု ရဖို့နဲ့ စီမံကိန်းကြီးတခုမှာ လက်ခွဲ ကန်ထရိုက်တာဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။

ဂျိုကိုဝီလို့ အသိများကြတဲ့ သမ္မတ ဂျိုကို ဝီဒိုဒိုက နုဆန်တာရာကို တည်ဆောက်မယ် လို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြေညာလိုက်တဲ့နောက်ပိုင်း ဆောက်လုပ်ရေး လုပ်ငန်း‌ တွေ ပိုအလုပ်ဖြစ်လာပါတယ်။

၂၀၂၉ ကျရင် လူပေါင်း ၂ သန်း ဒီမြို့မှာ နေထိုင်ကြလိမ့်မယ်လို့ အင်ဒိုနီးရှား အစိုးရက ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ ဒီနေရာနဲ့ ကီလိုမီတာ ၅၀ လောက်အကွာမှာနေထိုင်တဲ့ ပန်ဒိ ( ၅၁ နှစ်အရွယ်) နဲ့ သူ့ဇနီး စီယမ်စီရာ တို့က သူတို့ နှင်ထုတ်ခံရမှာကို စိုးရိမ်နေကြပါတယ်။

သူတို့ဟာ လူဦးရေ ၂၀,၀၀၀ လောက်ရှိတဲ့ ဌာနေတိုင်းရင်းသား လူထုအသိုင်းအဝိုင်း က ဖြစ်ပြီး သူတို့မိသားစုရဲ့ ဘိုးစဉ်ဘောင်ဆက်ကတည်းက နေထိုင်လာကြတဲ့ သူတို့ မြေကို တရားဝင်ပိုင်ဆိုင်ခွင့်မရတဲ့ သူတွေပါ။

တမနက်မှာ မစ္စတာ ပန်ဒိ အိပ်ရာကနေ နိုးလာတော့ ဘာမှ ကြိုတင် အကြောင်းကြား တာမျိုးမရှိဘဲ သူ့ရဲ့မြေကို သိမ်းမယ်ဆိုတဲ့ အမှတ်အသားလုပ်သွားတာကို တွေ့လိုက်ရ ပါတယ်။

ရေကြီးမှာကို ကာကွယ်ဖို့ဆိုပြီး ဒီမြေကို ရှင်းလင်းဖို့အတွက် အစိုးရက သူတို့ကို ဖယ်ရှားချင်ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလအတွင်းမှာ သူတို့ကို နှင်ထုတ်တဲ့အရေးကို မစ္စတာပန်ဒိက တရားရုံးကတဆင့် ဟန့်တားနိုင်ခဲ့ပါတယ်။

“ဒါက ကျွန်တော့်ရဲ့ ကလေးတွေ၊ မြေးတွေအတွက် လုပ်တာပါ” လို့ သူက ဘီဘီစီ အင်ဒိုနီးရှား ဌာနကို ပြောပါတယ်။

“ကျွန်တော်က ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော့်ကလေးတွေ၊ မြေးတွေကို အစိုးရက အမှိုက်တွေလို သဘောထားလိမ့်မယ်။ မတရားမှုအတွက် ကျွန်တော်တို့ ဒီလိုပဲ ပြန် တိုက်ရမှာပဲ။”

ဒါက ယာယီ ဖြေသာနိုင်မှုလို့ပဲ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ အစိုးရက ဌာနေ တိုင်းရင်းသားတွေရဲ့ တခြားရွာတွေမှာ သူတို့မြေတွေအတွက် ငွေနည်းနည်းနဲ့ လျော်ကြေးပေးပြီး ရွှေ့နေပါပြီ။

မူရာဒီနဲ့ ပန်ဒိတို့ရဲ့ ဇာတ်လမ်းတွေက သမ္မတ ဝီဒိုဒိုရဲ့ စီမံကိန်းတွေဟာ နှစ်ဘက်သွား ဒါးတစင်းလို ဖြစ်နေတယ်ဆိုတာကို ပြနေပါတယ်။

စီးပွားရေး ထိပ်တန်း ၅ နိုင်ငံ စာရင်းမှာ ဝင်ဖို့

ဝယ်လိုအားအဆင့်တိုင်းတာမှု (purchasing power parity - PPP) ကိုအခြေခံပြီး အင်ဒိုနီးရှားဟာ မစ္စတာ ဝီဒိုဒို သမ္မတ ရာထူးရလာတဲ့ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့မှာ ဒသမမြောက် စီးပွားရေး အကြီးဆုံးနိုင်ငံဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (International Monetary Fund - IMF) က သတ်မှတ်ထားပါတယ်။

၁၀နှစ် ကြာလာတဲ့ ဒီအချိန်မှာတော့ အင်ဒိုနီးရှားဟာ နံပတ် ၇ အဆင့်ကို တက်လာ ခဲ့ပါပြီ။ သူ့ရှေ့မှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ ဂျာမနီနဲ့ ရုရှားတို့သာ ရှိပါ တယ်။

ကမ္ဘာမှာ မွတ်ဆလင် လူဦးရေ အများဆုံးရှိတဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ၂၀၂၇ ရောက်ရင် ရုရှားကို စီးပွားရေးပိုင်းမှာ ကျော်တက်တော့မယ်လို့ ခန့်မှန်းထားကြ ပါတယ်။

ဒီနိုင်ငံမှာ သမ္မတရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က လုပ်ခဲ့ပြီး တရားဝင် မဟုတ်တဲ့ မဲစစ်တမ်းတွေအရ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက အနိုင် ရမယ့်ပုံ ထွက်နေပါတယ်။

သူက လက်ရှိသမ္မတရဲ့ စီးပွားရေး ပေါ်လစီတွေကို ဆက်လက်ကိုင်စွဲသွားမှာလို့ ကတိပြုထားပြီး သူ့ရဲ့ ဒုသမ္မတလောင်းကလည်း မစ္စတာ ဝီဒိုဒိုရဲ့ သားဖြစ်သူ ဂီဘရန် ရာကာဘူမင် ရာကာပါ။

“ဂျိုကိုဝီရဲ့ အစီအစဉ်တွေက ရလဒ် ကောင်းပါတယ်။ အင်ဒိုနီးရှားကို IMF က မှန်းဆထားတဲ့ နေရာနဲ့ ပိုနီးလာစေပါလိမ့်မယ်” လို့ အင်ဒိုနီးရှားမှာ ထိပ်တန်းဘဏ် ၁၀ ဘဏ်ထဲက တစ်ဘဏ်ဖြစ်တဲ့ ပါမာတာ ဘဏ်ရဲ့ စီးပွားရေး ပညာရှင် အကြီးအကဲ ‌‌ဂျော့ရှုဝါ ပါဒီဒီက ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ နှစ်တရာပြည့် ၂၀၄၅ ခုနှစ်မှာ ဝင်ငွေအကောင်းဆုံး ကမ္ဘာ့နိုင်ငံ ၅ နိုင်ငံထဲ ဝင်ရမယ်ဆိုတဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို အင်ဒိုနီးရှားက ချမှတ်ထားတာပါ။

ဒီလိုဖြစ်လာဖို့ အင်ဒိုနီးရှားစီးပွားရေးက တနှစ်ကို ၆% သို့မဟုတ် ၇% တိုးတက်ဖို့ လိုတယ်လို့ အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး ဆရီ မူရန်နီက ဆိုပါတယ်။

အခုတိုးတက်နှုန်းက ၅% ပါ။

‘နီကယ် (Nickel) ရောဂါ’

အင်ဒိုနီးရှားဟာ အားလပ်ရက် ခရီးထွက်ကြတဲ့ ဘာလီကျွန်းကြောင့် ကျော်ကြားသလို လျှပ်စစ်ကားတွေမှာ သုံးတဲ့ ဘက်ထရီလုပ်ရာမှာ အရေးကြီး ဒြပ်တမျိုးဖြစ်တဲ့ နီကယ် သတ္တု ကို ကမ္ဘာမှာ အကြွယ်ဝဆုံး ပိုင်ဆိုင်ထားတာပါ။

မသန့်စင်ရသေးတဲ့ နီကယ်အရိုင်းကို နိုင်ငံခြားကို မတင်ပို့ကြဖို့ ၂၀၁၉ မှာ သမ္မတ ဝီဒိုဒိုက ပထမဆုံး ပိတ်ပင်တားမြစ်လိုက်တဲ့အခါ ဥရောပ သမဂ္ဂက အင်ဒိုနီးရှားကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ မှာ တရားစွဲပါတယ်။

နီကယ်ကို အင်ဒိုနီးရှားမှာ သန့်စင်တဲ့ လုပ်ငန်းစဉ်လုပ်ဖို့ သမ္မတက ဆန္ဒရှိပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့ တခုဖြစ်တဲ့ Institute for Development of Economic Finance (Indef) က သမ္မတရဲ့ နီကယ် ပေါ်လစီဟာ အလုပ်အကိုင်တွေ ဖန်တီးပေးမှာဖြစ်သလို စီးပွားရေးကိုလည်း တိုးလာစေမယ်လို့ ဆိုပါတယ်။

နီကယ်သန့်စင်စက်ရုံတွေတည်ဆောက်ဖို့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အင်ဒို နီးရှားက အလွန်အကျွံမှီခိုလာတဲ့အခါ အနာဂတ်အတွက် အမေးတွေက ပေါ်လာပါ တယ်။ ဘာလို့လဲဆိုတော့ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှု နှုန်းက ဒီနှစ်မှာ ၅.၂% ကနေ ၄.၆% ကို ကျဆင်းလိမ့်မယ်လို့ မှန်းနေကြတာကြောင့်ပါ။

သူ့ရဲ့ ဖွံ့ဖြိုးမှု မူဝါဒတွေနဲ့ ပတ်သက်ပြီး မြေပိုင်ဆိုင်မှု အငြင်းပွားတာတွေ၊ ကျန်းမာရေး ထိခိုက်တဲ့ ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်တာတွေ စတဲ့အရေး တွေ ဖြစ်နေတာကို လျစ်လျူရှုပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုကို ‘ကော်ဇောနီခင်း’ ကြိုနေတဲ့ အပေါ် သမ္မတ ဝီဒိုဒို အဝေဖန်ခံနေရပါတယ်။

“အစိုးရက နီကယ်ရောဂါထပြီး ထင်ရာလုပ်နေပုံပဲ’ လို့ အရပ်ဘက်အဖွဲ့တဖွဲ့ဖြစ်တဲ့ သတ္တုမိုင်းတွင်းအရေးဆိုင်ရာ ကွန်ရက် (Jatam)ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး မယ်ကီ နာဟာက ပြောပါတယ်။

ခုန်ကျော်ထွက်လာမယ့် ကျွန်းနိုင်ငံလား

အင်ဒိုနီးရှားဟာ ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ပါဝင် ဖွဲ့စည်းထားတာဖြစ်ပြီး နိုင်ငံက ကျယ်ပြန့်တာမို့ အချိန်ဇုန် ၃ ဇုန်ရှိပါတယ်။ လက်ရှိမြို့တော် ဂျာကာတာကလည်း ပင်လယ်ထဲ တဖြည်းဖြည်း ဆင်းလာနေပါတယ်။ ဒီလို အခြေအနေတွေအောက်မှာ အင်ဒိုနီးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆက်သွယ်ရေးက အခရာကျပါတယ်။

ကမ္ဘာတခုလုံး ကိုဗစ်ကပ်ဆိုက်တဲ့အရေးက ပြန်ရုန်းထနေရတဲ့အချိန် ၂၀၂၂ ခုနှစ်မှာ မြို့တော်ကို ရွှေ့မယ်ဆိုတဲ့ ဥပဒေကို သမ္မတ ဝီဒိုဒိုက လက်မှတ်ထိုးလိုက်တဲ့အခါ လူအများအပြား အံ့အားသင့်ခဲ့ကြပါတယ်။

တရုတ်အပါအဝင် တချို့နိုင်ငံတွေကတော့ မြို့သစ်အတွက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင် စားကြောင်း ပြခဲ့ကြပေမဲ့ အခုအထိ ‘ခိုင်ခိုင်မာမာ’ ဖြစ်လာတာ တခုမှ မရှိ သေးပါဘူး။

“နုဆန်တာရာမှာ ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတကာအဆင့် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ရေးက ခက်ခဲနေဆဲပါ” လို့ လွတ်လပ်တဲ့ သုတေသီအဖွဲ့ တဖွဲ့ ဖြစ်တဲ့ Center of Economic and Law Studies (CELIOS)က နေလု ဟုဒါက ဆိုပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဒါတွေက အလုပ်သမားအခွင့်အရေးကို ချိုးဖောက်ထားတာလို့ ဆိုနေကြတဲ့ ရင်းနှီးမြှုပ်နှံသူအကြိုက် အလုပ်သမားဥပဒေ အပါအဝင် နည်းအမျိုးမျိုးကို သမ္မတက သုံးပြီး ရင်းနှီးမြှုပ်နှံသူတွေ လာကြစေရေး ကြိုးပမ်းနေပါတယ်။

အောက်တိုဘာလမှာ သူ့ရဲ့ အာဏာကို နောက်တက်လာသူကို လွှဲအပ်တော့မှာပါ၊ သူချန်ရစ်ခဲ့တဲ့ အမွေက နုဆန်တာရာ တည်ထောင်ခြင်းပဲလို့ ဆိုကြပါတယ်။

ဒါပေမဲ့ အစိုးရရဲ့ အမျိုးသား ဆန်းသစ်တီထွင်မှု သုတေသန ဌာန (National Innovation Research Agency - BRIN)က နိုင်ငံရေး သုတေသီ ဖာမန် နိုက ဒီအရေးက သူ့ကို အမည်းစက် စွန်းစေမှာလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရေး အလေ့အထတွေမှာ ဒီမိုကရေစီ တန်ဖိုး စံနှုန်းတွေ ကျဆင်းသွားတာကို နုဆန်တာရာက ပြနေတာပဲ” လို့ မစ္စတာနိုက ပြောပါတယ်။

ဒီလိုကာလမှာပဲ တက်လာတော့မယ် သမ္မတ မစ္စတာ ဆူဘီယန်တိုက လူထုရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူဖို့ လူအများအကြိုက်ဆောင် ပေါ်လစီတွေဖြစ်တဲ့ မိခင်နဲ့ ကလေး တွေအတွက် အခမဲ့ နွားနို့နဲ့ နေ့လယ်စာ ပေးဝေရေး အစီအစဉ်တွေကို စတင် နေပါတယ်။

အစကတည်းက သမ္မတ ဝီဒိုဒိုရဲ့ ဧရာမ စီမံကိန်းကြီးတွေကြောင့် အားသွန်ရုန်းနေရတဲ့ အစိုးရ ဘတ်ဂျက်မှာ ဒီလို လူအများအကြိုက်ဆောင် စီမံချက်တွေက ပိုပြီးတော့ ဖိအား များလာ လိမ့် မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။

“အခမဲ့ နေ့လယ်စာနဲ့ တခြား ပေါ်လစီတွေက နိုင်ငံဘတ်ဂျက်ကို ထိလိမ့်မယ်၊ နိုင်ငံရဲ့ အကြွေး များလာလိမ့်မယ်” လို့ မစ္စတာ ဟုဒါက ပြောပါတယ်။

“ကမ္ဘာ့ အကြီးဆုံးစီးပွားရေးနိုင်ငံတွေ စာရင်းထဲဝင်ဖို့ အိပ်မက် မက်နေပေမဲ့၊ နောက် အစိုးရကလည်း ဒီလိုပဲ ပေါ်လစီတွေကို မဆင်မခြင် ဆက်ချနေမယ်ဆိုရင် ကျွန်တော့် အထင် ၂၀၂၉ မှာ အကြွေးက ၂ ဆ တက်လာလိမ့်မယ်။”