ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန်မှာ အမျိုးသမီး ဆန္ဒပြသူ ၂၀၀ ကို ဖမ်းဆီး - ဒီဇင်ဘာ ၂၁ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ
ပါကစ္စတန် အနောက်တောင်ပိုင်း ဘလူချီစတန် ပြည်နယ်က အမျိုးသမီး ဆန္ဒပြသမား ၂၀၀ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ မြို့တော် အစ္စလာမ်မာဘတ်မြို့က ရဲတွေက ပြောပါတယ်။
အခု အဖမ်းခံရသူတွေဟာ မျှတတဲ့ တရားစီရင်မှု မရှိဘဲ မျက်ကွယ် သေဒဏ်ချမှတ်မှုတွေနဲ့ အာဏာပိုင်တွေ ဖမ်းဆီးပြီးနောက်ပိုင်း ပျောက်သွားတဲ့ ကိစ္စတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသူတွေပါ။
ဘလော့ချ် အမျိုးသားတယောက် ရဲအချုပ်မှာ ပစ်သတ်ခံရလို့ သေဆုံးမှု ဖြစ်ခဲ့ပြီးနောက် အခုလ အစောပိုင်းကစလို့ ပါကစ္စတန်ရဲ့ အကြီးဆုံး ဘလူချီစတန်ပြည်နယ်မှာ အမျိုးသမီးတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဒီချီတက်ဆန္ဒပြပွဲ မြို့တော် အရောက် အနီရောင်ဇုန်ထဲ အဝင်မှာ ရဲက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ဖြိုခွဲ ခဲ့တာ ဖြစ်ပါတယ်။
အစ္စလာမ် မာဘတ်မြို့တော်ရဲ့ အဲဒီ အနီရောင်ဇုန်ထဲမှာ တရားရုံးချုပ် အဆောက်အအုံတွေ ရှိတာ ဖြစ်ပါတယ်။
ဘလော့ချ် ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံး အကြမ်းဖက် ဖြေရှင်းတဲ့အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက ရှုတ်ချထားပါတယ်။
အစ္စရေးထိုးစစ်အရှိန်မလျှော့သရွေ့ အကျဉ်းသား လဲလှယ်ရေး မဆွေးနွေးဘူးလို့ ဟားမတ်စ်ဆို
ဂါဇာမြောက်ပိုင်းမှာ ဘယ်ဆေးရုံမှ လည်ပတ်လို့ မရတော့ဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
ဂါဇာတလွှား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အီဂျစ်နဲ့ နယ်စပ် ရာဖာဂိတ်မှာ ထိပ်တန်း နယ်စပ် အရာရှိတယောက် သေဆုံးခဲ့ရသလို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း ပါလက်စတိုင်း အရပ်သား ၃ယောက် သေဆုံးတယ်လို့ ဟားမတ်စ်က ပြောပါတယ်။
ဒါ့အပြင် အစ္စရေးရဲ့ ထိုးစစ်အရှိန်မလျှော့သရွှေ့ အကျဉ်းသား လဲလှယ်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဂါဇာက အဖွဲ့အစည်းတွေက လက်ခံမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
လတ်တလော ဂါဇာ အပစ်ရပ်ရေး အီဂျစ်မှာ ဆွေးနွေးနေမှုကလည်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပြီး ကုလလုံခြုံရေး ကောင်စီမှာ မဲခွဲဖို့ ကိစ္စကလည်း နှောင့်နှေးမှုတွေနဲ့ လည်း ကြုံနေရပါတယ်။
တချိန်တည်းမှာ ပါလက်စတိုင်းအရပ်သားတွေ သတ်ဖြတ် တိုက်ခိုက်ခံနေရတာကို ထုတ်ဖော်မပြောဘူးဆိုပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch HRW က ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ် ကုမ္ပဏီ မက်တာကို စွပ်စွဲ ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှု ဖြစ်ပြီးနောက်ပိုင်း အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် တို့က ဆင်ဆာဖြတ်တောက် ၊ ထိန်းချုပ်မှုပေါင်း ၁,၀၀၀ကျော် လုပ်တဲ့ အထောက်အထားတွေ ရထားတယ်လို့ HRW က ဆိုပါတယ်။
ဒါဟာ စနစ်တကျ အွန်လိုင်းပေါ်ကနေ ဆင်တာ ဖြတ်တောက်မှုပဲလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။
ဂါဇာ ပဋိပက္ခမှာ အများပြည်သူ ခံစားနေရတဲ့ ပုံတွေ ၊ အကြောင်းအရာ ရေးသားချက်တွေကို သူတို့ လူမှုကွန်ရက်ပေါ်ကနေ ဖယ်ရှားပစ်တဲ့အတွက် မက်တာရဲ့ အဖွဲ့အစည်းအတွင်းက သီးခြားလွတ်လပ်တဲ့ ဘုတ်အဖွဲ့ကိုယ်တိုင်ကိုက ဝေဖန်နေပါတယ်။
လက်ဘနွန်နဲ့ အစ္စရေး နယ်စပ်မှာ တိုက်ပွဲပြင်းထန်၊ အရပ်သားသေဆုံး ဒဏ်ရာရမှုတွေရှိ
လက်ဘနွန်တောင်ပိုင်းက ရွာတရွာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၈၀ ကျော် လက်ဘနွန်အမျိုးသမီး တယောက်သေဆုံးသွားပါတယ်။
အဲဒီနေရာမှာ အစ္စရေး တပ်တွေနဲ့ ဟစ်ဇဘိုလာ အဖွဲ့တို့ မနေ့ တညလုံး တိုက်ပွဲ ပြင်းထန်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တာပါ။
အစ္စရေးရဲ့ အမြောက်ပစ်ခတ်မှုတွေကြောင့် နယ်စပ်နားမှာရှိတဲ့ မာရွန်အယ်လ်ရက်စ် မြို့နားက လူနေအိမ်ရာတွေပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီး တယောက်သေဆုံးပြီး သူ့ခင်ပွန်းကတော့ ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် အစိုးရ သတင်းအေဂျင်စီက ပြောပါတယ်။
ဟစ်ဇဘိုလာ ကတော့ အခုလို အစ္စရေးတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးရတဲ့အပေါ် လက်စားချေ တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
အစ္စရေး စစ်တပ်ကတော့ မနေ့တညလုံး ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတဲ့ အတွက် တုန့်ပြန်တဲ့အနေနဲ့ ဟစ်ဇဘိုလာ ပစ်မှတ်တွေကို တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ထိုင်းမှာ လိင်တူချစ်သူတွေ လက်ထပ်ခွင့်ရတော့မလား
ထိုင်းနိုင်ငံမှာ လက်ရှိဥပဒေကို ပြောင်းပြီး လိင်တူလက်ထပ်မှုခွင့်ပြုဖို့ ပါလီမန်မှာ စဉ်းစားနေပါတယ်။
အာရှမှာ ထိုင်းဟာ LGBT တွေ အများဆုံးရှိတဲ့နေရာတွေထဲက တခုဖြစ်ပြီး ဥပဒေပြောင်းပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံ ပြောဆိုမှုတွေ ရှိတာကြောင့် လာမယ့်လတွေ အတွင်း ဒီလို ခွင့်ပြုမယ့် ဥပဒေကြမ်းကို အတည်ပြုပေးဖွယ် ရှိပါတယ်။
တကယ်လို့သာ ဥပဒေကို အောင်အောင်မြင်မြင် အတည်ပြနိုင်ခဲ့ရင် အာရှမှာ ထိုင်းဟာ ထိုင်ဝမ်နဲ့ နီပေါပြီးရင် လိင်တူလက်ထပ်ခွင့်ကို အသိအမှတ်ပြုတဲ့ တတိယမြောက် တိုင်းပြည်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။
ဒေလီမြို့လယ်က အထင်ကရ အဆောက်အအုံ မီးလောင်
အိန္ဒိယနိုင်ငံ မြို့တော် ဒေလီမှာ မီးလောင်မှုဖြစ်ခဲ့တာကြောင့် ဒါကို ငြှိမ်းသတ်ဖို့ ကြိုးစားနေကြရပါတယ်။
မြို့လယ် Connaught Place က အထင်ကရ ဂိုပယ်ဒက်စ် ဘရာဗန် အဆောက်အအုံ ၁၁ ထပ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကို မီးသတ်ကား ၁၅ စီး ကျော်နဲ့ ငြှိမ်းသတ်နေကြရပါတယ်။
ဗီဒီယိုမှာ မြင်ရတဲ့ပုံတွေအရ အဆောက်အအုံ အပေါ်ဆုံးထပ်ကနေ မီးခိုးလုံးတွေ ထွက်လာတာတွေ့ရပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ထိခိုက် ဒဏ်ရာရ သေဆုံးမှု တစုံတရာ မကြားရသေးပါဘူး။