ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းကို ပြန်ချင်တယ်လို့ ပြည်ပမှာ ရှောင်တိမ်းနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော -မေ ၉ ရက် နိုင်ငံတကာ ညနေခင်း သတင်းများ
ထိုင်းရဲ့ ဘီလျံနာလည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) က ၁၅ နှစ် ကြာ ပြည်ပမှာ တိမ်းရှောင်ရာကနေ ဇူလိုင်မှာ ထိုင်းကို ပြန်ချင်တယ်လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မစ္စတာ သက်ဆင်က ဖြုတ်ချခံခဲ့ရပါတယ်။ ဒီနောက် အကျင့်ပျက် ခြစားမှု စွဲချက်တွေကို ရှောင်လွဲချင်တာကြောင့် ပြည်ပကို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
ဒီစွပ်စွဲချက်တွေက နိုင်ငံရေး ပယောဂ မကင်းဘူးလို့ သက်ဆင်က ပြောပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ထိုင်း ရွေးကောက်ပွဲမှာ သက်ဆင်ရဲ့ သမီး ပဲထောင်တန်(Paetongtarn) ဦးဆောင်တဲ့ အတိုက်အခံ ပြူထိုင်းပါတီက ဦးဆောင်နေတယ်လို့ စစ်တမ်းတွေ ထွက်လာပြီးနောက် အခုထို သူက ထုတ်ပြန်ပြောဆိုလာတာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်ကတည်းက သက်ဆင်နဲ့ ဆက်နွယ်နေတဲ့ ပါတီတွေက လွှတ်တော်ထဲမှာ နေရာအများစုကို အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
ထိုင်းကို ပြန်ပြီး မြေး ၁၇ယောက်နဲ့ အတူနေထိုင် ပြုစု ပျိုးထောင်လိုတယ်လို့လည်း သူက ပြောပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို ဖမ်းဆီး
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း(Imran Khan)ကို အကျင့်ပျက်ခြစားမှုနဲ့ ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးလိုက်ပါတယ်။
အစ္စလာမာဘတ် တရားရုံးထဲကနေ ဒါဇင်နဲ့ချီတဲ့ စစ်တပ်ဖွဲ့ဝင်တွေက မစ္စတာ ခမ်းကို ခေါ်ယူသွားတဲ့ ဗီဒီယို ရုပ်သံလည်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ သူ့ကို စွဲဆိုထားတဲ့ တခြားအမှုအတွက် မစ္စတာ ခမ်းက တရားရုံးမှာ အာမခံ လာယူတာ ဖြစ်ပါတယ်။
သူ့ပါတီခေါင်းဆောင်တွေက မစ္စတာ ခမ်းကို ဖမ်းဆီးတဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာကို ခံရပြီး ထောက်ခံသူတွေ လမ်းမကို ထွက်ကြဖို့ တောင်းဆိုပါတယ်။
အစ္စလာမာဘတ်မှာ လူ ၄ ဦး ထက်ပိုမစုဖို့ ရဲတပ်ဖွဲ့တွေက တားမြစ်ထားပါတယ်။
ကနေဒါ သံတမန်ကို ရှန်ဟိုင်းကနေ ထွက်ခွာဖို့ တရုတ် အမိန့်ပေး
တရုတ်နိုင်ငံ ရှန်ဟိုင်းမှာရှိတဲ့ ကနေဒါကောင်စစ်ဝန်ရုံးက သံအရာရှိကို နိုင်ငံထဲကနေထွက်ခွာဖို့ တရုတ်က အမိန့်ပေးလိုက်ပါတယ်။
ဂျနီဖာ လင်း လန်လော့ဒ်(Jennifer Lynn Lalonde) ကို ဒီတပတ်အပြီး နိုင်ငံထဲက နေထွက်ခွာဖို့ ညွှန်ကြားထားပါတယ်။
တရုတ် သံတမန်ကို နိုင်ငံထဲကနေ ထွက်ခွာဖို့ ကနေဒါက ဆုံးဖြတ်ခဲ့ပြီးတဲ့ အပေါ် တရုတ်ဘက်က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ကနေဒါ လွှတ်တော်အမတ်နဲ့ သူ့ရဲ့ မိသားစုကို ခြိမ်းခြောက်တယ်လို့ တရုတ် သံတမန် ဇောင်ဝေ (Zhao Wei)က စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။
လွှတ်တော်အမတ် မိုက်ကယ်ချောင်(Michael Chong) ရဲ့ဟောင်ကောင်မှာ ရှိတဲ့ အမျိုးတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို တရုတ်က ရဖို့ ကြိုးစားနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ထွက်လာပြီးတဲ့နောက် အခုလို လုပ်လာတာ ဖြစ်ပါတယ်။
ကွန်ဆာဗေးတစ် လွှတ်တော် အမတ် မိုက်ကယ်ချောင်က ဝိဂါတွေအပေါ် တရုတ်ရဲ့ ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယမှာ မြစ်ကူးတံတားပေါ်ကနေ ဘတ်စ်ကား တစီးပြုတ်ကျပြီး အနည်းဆုံး လူ ၂၂ ဦးသေ
အိန္ဒိယနိုင်ငံ မတ်ယာပရာဒတ်ချ် (Madhya Pradesh)ပြည်နယ်မှာ ဘတ်စ်ကားတစီး မြစ်ကူး တံတားပေါ်ကနေ ပြုတ်ကျသွားတာကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။
လူ ၃ဝ ကျော် ဒဏ်ရာရသွားပါတယ်။ ဘတ်စ်ကားက အင်ဒေါ(Indore)မြို့ကို ထွက်ခွာလာတာ ဖြစ်ပြီး တံတားပေါ်ကနေ ထိုးကျသွားတာ ဖြစ်ပါတယ်။
ကားဆရာက အိပ်ငိုက်နေတယ်လို့ သံသယရှိထားခံရပြီး သူက ဒီနေရာကနေ ထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယမှာ လမ်းတွေ မကောင်းတာ၊ ယာဉ်တွေကို ထိန်းသိမ်းမှုမရှိတာ၊ လူတွေက ယာဉ်စည်းကမ်းကို မလိုက်နာတာကြောင့် ကားမတော်တဆမှုတွေ ဖြစ်ပွားပြီး နှစ်စဉ် လူ သောင်းနဲ့ချီသေဆုံး နေပါတယ်။
ဒုတိယကမ္ဘာစစ် ဆိုဗီယက်တွေရဲ့ ရုန်းကန်မှုနဲ့ ယူကရိန်းစစ်ပွဲကို ချိတ်ဆက်ပြီး ပူတင်ပြော
ဒုတိယကမ္ဘာစစ် နာဇီ ဂျာမနီတွေကို တိုက်ခိုက်ခဲ့တဲ့ ဆိုဗီယက်တွေရဲ့ ရုန်းကန်မှုနဲ့ ယူကရိန်း စစ်ပွဲကို ရုရှားသမ္မတ ပူတင်က သူ့ရဲ့ မိန့်ခွန်းမှာ ချိတ်ဆက် ပြောဆိုလိုက်ပါတယ်။
နာဇီတွေအပေါ် အောင်ပွဲခံတဲ့နေ့ စစ်ရေးပြ အခမ်းအနားအဖြစ် မော်စကို ရင်ပြင်နီမှာ အနောက်အုပ်စုကို ဆန့်ကျင်တဲ့ မိန့်ခွန်းမှာ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ယူကရိန်းကို သိမ်းပိုက်ဖို့ သူက အမိန့်ပေးလိုက်ပေမဲ့ ရုရှားဟာ စစ်ပွဲရဲ့ ဓားစာခံ ဖြစ်ရတာကြောင့် သူက ဒါကို ဖွင့်ချလိုက်တယ်လို့ ပြောဆိုလိုက်ပြီး မိန့်ခွန်းအဆုံးမှာ ပူတင်က စစ်တပ်ဖွဲ့ကို ချီးကျူးပြောဆိုလိုက်ပါတယ်။
‘တိုက်ပွဲမှာ ရုရှားအတွက် တိုက်ပေးနေတဲ့သူတွေနဲ့ တိုက်ပွဲတာဝန် ထမ်းဆောင်နေတဲ့သူတိုင်းကို ကျွန်တော် ကြိုဆိုပါတယ်။ ကြီးကျယ်တဲ့ မျိုးချစ်တိုက်ပွဲမှာ စည်းရုံးမှုထက် ဘာတခုကမှ အားမကောင်းဘူးဆိုတာ ကျွန်တော်တို့ရဲ့ ရှေ့မျိုးဆက် သူရဲကောင်းတွေက သက်သေပြခဲ့ပါတယ်’လို့ သူက ပြောပါတယ်။
ယခင်ဆိုဗီယက်ယူနီယံထဲက နိုင်ငံခေါင်းဆောင်တွေ ဖြစ်တဲ့ ဘယ်လားရုစ် နဲ့ အာရှ အလယ်ပိုင်း နိုင်ငံတွေက ခေါင်းဆောင်တွေလည်း ဒီစစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
ဒီစစ်ရေးပြအခမ်းအနားမှာ စစ်တပ်ဖွဲ့ဝင် အနည်းငယ်နဲ့ စစ်ဘက်ဆိုင်ရာ လက်နက်တွေ အနည်းငယ်ပဲ ပြသခဲ့တယ်လို့ ဘီဘီစီ ရုရှားဌာန အယ်ဒီတာက ပြောပါတယ်။ ယူကရိန်း စစ်ပွဲနဲ့ ဆက်နွယ်ပြီး တိုက်ခိုက်ခံရမှာကို စိုးရိမ်နေတယ်လို့လည်း ဆိုပါတယ်။
နယူးဇီလန်ကဂူမှာ ကျောင်းသားတစ်ဦး ပျောက်ဆုံး
နယူးဇီလန်နိုင်ငံမှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့က မြောက် အောက်ကလန်မှာရှိတဲ့ ဂူတခုထဲမှာ ပျောက်ဆုံးနေတဲ့ ကျောင်းသားတဦး ကို ရှာဖွေတာကို ဆိုင်းငံ့ထားလိုက်ပါတယ်။
မနေ့က ဆယ်ကျော်သက်ကျောင်းသားလေးဟာ ကျောင်းခရီးစဉ်အဖြစ် ဖန်ဂရေးမြို့ အနီးမှာ ရှိတဲ့ (Whangerei) အဘေးဂူ (Abbey Cave) ကို သွားရောက်ခဲ့ရာမှာ ရေကြီးတာကြောင့် မျောပါသွားတယ်လို့ ဆိုပါတယ်။
သူတို့အဖွဲ့တွေက ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ကို ခံရပေမဲ့ ဂူအနားမှာ လုံခြုံစိတ်ချရတဲ့နေရာကို ရောက်လာတယ်လို့ ဆိုပါတယ်။ မနက်ဖြန်မှာ ကယ်ဆယ်ရေးတွေ ပြန်စနိုင်မယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပျောက်သွားတဲ့နေရာမှာ ကယ်ဆယ်ရေး ခွေးတွေနဲ့ အရေးပေါ် အဖွဲ့တွေက ရှာဖွေနေပါတယ်။
မိုးသည်းထန်ပေမယ့်လည်း ခရီးသွားဖို့ ခွင့်ပြုခဲ့တဲ့ ကျောင်းကို အွန်လိုင်းပေါ်မှာ တာဝန်ရှိသူတွေက ဝေဖန်နေပါတယ်။