ဩဂုတ် ၁၇ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - မြန်မာ့အရေး စည်းသုံးခု မကျော်ဖို့ တရုတ်သတိပေး

မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ

မြန်မာနိုင်ငံအရေးကိစ္စမှာ ကျော်လွန်မရတဲ့ စည်းသုံးခုကို ခိုင်မာစွာထိန်းသိမ်းထားရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ က တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ တွေရဲ့ သြဂုတ် ၁၆ ရက် နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေဆုံပွဲမှာ ပြောပါတယ်။

အဲဒီစည်း ၃ စည်းက မြန်မာနိုင်ငံမှာ ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ်ဖြစ်ပွားဖို့မရခြင်း၊ အာဆီယံမိသားစု လမ်းကြောင်းက ကင်းကွာသွားလို့မရခြင်း၊ ပြင်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ဖြစ်တယ်လို့ သူကပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ‌ဝေးကို မစ္စတာ ဝမ်ယိ တက်ရောက်နေတာဖြစ်ပါတယ်။

“ပြည်တွင်းနိုင်ငံရေးပြန်လည်သင့်မြတ်မှုကိုဖော်ဆောင်ပြီး အထွေထွေရွေးကောက်ပွဲကနေ တစ်ဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန် ထောက်ခံအားပေးတယ်” လို့ မြန်မာ့အရေးနဲ့ပတ်သက်လို့ မစ္စတာ ဝမ်ယိ က ပြောပါတယ်။

ပြင်ပအင်အားစုတွေက မြန်မာနိုင်ငံ ပြည်တွင်းရေးကို တမင်ဝင်ရောက်စွက်ဖက်မှု နဲ့ တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးခွဲလိုပြီး တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချတဲ့ မည်သည့် ပြောဆို လုပ်ဆောင်မှုကို မဆို တရုတ်နိုင်ငံက ဆန့်ကျင်တယ်လို့လည်း မစ္စတာ ဝမ်ယိ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမယ့် ၂၀၂၅ ခုနှစ် အတွင်းမှာ ကျင်းပမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ က ပြောပါတယ်။

လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်နေပြီး တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စ၊ တရားမဝင် မူးယစ်ဆေးဝါးနဲ့ လက်နက်အရောင်းဝယ်လုပ်တာတွေနဲ့ အွန်လိုင်းလောင်းကစားမှုတွေကို ကာကွယ်တားဆီးရေး ဆွေးနွေး ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန က သြဂုတ် ၁၆ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိဟာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတက်ခင် မြန်မာနိုင်ငံကိုသွားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ပါ တွေ့ဆုံခဲ့ပါတယ်။

စစ်ခေါင်းဆောင်က ကြံ့ခိုင်ရေးပါတီနဲ့တွေ့ ပြီးနောက် ရွေးကောက်ပွဲကော်မရှင်က ပါတီတွေကို အစည်းအဝေးခေါ်

၂၀၂၄ သြဂုတ် ၁၃ ရက်နေ့က တွေ့ရတဲ့ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, ၂၀၂၄ သြဂုတ် ၁၃ ရက်နေ့က တွေ့ရတဲ့ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တချို့နဲ့ သီးသန့်တွေ့ဆုံပြီးတဲ့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို နေပြည်တော်ကို ဖိတ်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တချို့နဲ့ နေပြည်တော်မှာသီးခြားတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပြီး ဒီတွေ့ဆုံမှုကို နှစ်ဘက်လုံးက သတင်းမထုတ်ပြန်ပါဘူး။

အဲဒီနောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ပါတီကိစ္စတွေကို လုပ်ဆောင်နိုင်ဖို့ ဆွေးနွေး ရန် ဆိုပြီး မှတ်ပုံတင်ထားတဲ့ ပါတီတွေကို သြဂုတ် ၂၄ ရက် မှာ တွေ့ဖို့ ကော်မရှင်က ဖိတ်ကြားလာတာ ဖြစ်ပါတယ်။

တရုတ်က ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ပြောခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြန်အသက်ဝင်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတုန်းက စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် ပြည်တွင်း နိုင်ငံရေးပါတီ ၄ ခု က ကိုယ်စားလှယ် တွေ တရုတ်နိုင်ငံကိုသွားခဲ့ပြီး မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းမှာရှိတဲ့ တရုတ်လုပ်ငန်းခွင်တစ်ခုမှာ မြန်မာနိုင်ငံသား အလုပ်သမား ရာချီ ဆန္ဒပြ

ထိုင်းမှာရှိတဲ့ ရိုဂျာနာစက်မှုဇုန်က တရုတ်လုပ်ငန်းခွင်ကို ဆန္ဒပြနေကြတဲ့ မြန်မာ အလုပ်သမားများ

ဓာတ်ပုံ ရင်းမြစ်, Khaosod

ဓာတ်ပုံ ပုံစာ, ထိုင်းမှာရှိတဲ့ ရိုဂျာနာစက်မှုဇုန်က တရုတ်လုပ်ငန်းခွင်ကို ဆန္ဒပြနေကြတဲ့ မြန်မာ အလုပ်သမားများ

ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင် ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ ခန့်က တရုတ်ရင်းနှီးမြှုပ်နှံသူတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ် လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

တရုတ်လုပ်ငန်းရှင်တွေဟာ လစာမပေးတာ နှစ်လရှိနေလို့ ဩဂုတ် ၁၆ ရက် ညပိုင်းမှာ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး စုစုပေါင်း ဘတ် ၁၀ သန်းနီးပါး ပေးရဖို့ရှိနေပါတယ်။

လစာမရတာကြောင့် မြန်မာနိုင်ငံသား အလုပ်သမားတွေ အခက်အခဲတွေ့ခဲ့ပြီး တချို့ဆိုရင် အစားအစာတောင် မဝယ်နိုင်တော့ဘူးလို့ သိရပါတယ်။

ကနဦးစေ့စပ်ဆွေးနွေးမှုတွေအရ တရုတ်လုပ်ငန်းရှင်တွေက မြန်မာအလုပ်သမားတစ်ဦးစီကို ကြိုတင်ငွေ ဘတ် ၅၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်လို့ အခြေအနေကိုစောင့်ကြည့်ဖို့ ရောက်ရှိလာတဲ့ ရဲအရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေက ဒီကမ်းလှမ်းမှုကိုလက်မခံဘဲ ရစရာရှိတာအကုန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အလုပ်သမားတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ဆို့ထားတာကြောင့် တရုတ်လုပ်ငန်းရှင်တွေနဲ့ အလုပ်ကြီးကြပ်ရေးသမားတွေ ထွက်လို့မရခဲ့ပါဘူး။

ထိုင်းနိုင်ငံသားတွေကိုတော့ အဲဒီနေရာကနေ ဖြတ်သန်းခွင့်ပေးထားပါတယ်။

လားရှိုးမှာ အိမ်ဖောက်ထွင်းခံရတဲ့ အခြေအနေဆိုးဝါး

တိုက်ပွဲတွေပြီးနောက် မြင်တွေ့ရတဲ့ လားရှိုးမြို့ပေါ်က နေအိမ်တလုံး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေပြီးနောက် မြင်တွေ့ရတဲ့ လားရှိုးမြို့ပေါ်က နေအိမ်တလုံး

အိမ်ခြေအများအပြားစစ်ရှောင်သွားကြတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှာ နေအိမ်တွေနဲ့ စျေးဆိုင်တွေ ဖောက်ထွင်းလုယက်ခံရတဲ့ အခြေအနေဆိုးဝါးနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက စစ်ကောင်စီနဲ့ MNDAA တပ်တွေ လားရှိုးမြို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ချိန် ကတည်းက စစ်ဘေးရှောင်သွားကြတဲ့ မိသားစုတွေရဲ့ နေအိမ်တွေ အဖောက်ခံရတာများတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“အိမ် ၁၀ လုံးမှာ ၇ လုံးလောက်အဖောက်ခံရတယ်။ ကိုးကန့်တပ်က တက်နိုင်သလောက်တော့ ထိန်းတယ်။ ဒါပေမယ့် ဘယ်သူက အိမ်ရှင် ဘယ်သူက သူခိုးဆိုတာ ဝေခွဲရခက်တော့ တချို့ဟာတွေက ဒီအတိုင်း ထိုင်ကြည့်နေရတဲ့ပုံစံဖြစ်နေတယ်” လို့ လားရှိုးမြို့ခံ တဦး က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း လားရှိုးမြို့ခံ စစ်ဘေးရှောင် တဦးက သူရဲ့စက်ဘီးဆိုင်ဖေါက်ထွင်းခံရတာကို တင်ထားတာအပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အိမ်ဖောက်ခံရမှုတွေ ဆိုးဝါးနေတဲ့အကြောင်း ပြောဆိုမျှဝေနေကြပါတယ်။

လားရှိုးမြို့ပေါ်မှာ အိမ်ဖေါက်ထွင်းတဲ့ လူ ၃၀ နီးပါးကို MNDAA က ဇူလိုင် ၂၉ ရက်က ဖမ်းဆီးခဲ့ပြီး ရိုက်နှက်တဲ့အထိ ပညာပေးခဲ့ပါတယ်။

MNDAA ကတော့ လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ ကို ဖွဲ့စည်းထားပြီး ပြည်သူတွေရဲ့ အခက်အခဲ တွေကို လာရောက်တိုင်းကြားနိုင်တယ်လို့ ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ထားပေမဲ့ ဖောက်ထွင်းမှုတွေကတော့ ဆိုးရွားနေတာဖြစ်ပါတယ်။

မြန်မာရွေးကောက်ပွဲကို ထောက်ခံတဲ့ နိုင်ငံတွေ တာဝန်ယူရမယ် လို့ NUCC ထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲမှာ မဲထည့်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ရွေးကောက်ပွဲမှာ မဲထည့်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲက ရှုပ်ထွေးတဲ့နိုင်ငံ‌ရေးအခြေအနေကို ရောက်ရှိစေမှာဖြစ်လို့ ထောက်ခံ အားပေးတဲ့ နိုင်ငံတွေ နဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေပါ တာဝန်ရှိမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) က သြဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ က စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးမှာ ပြောခဲ့ပြီးတဲ့နောက် NUCC က ထုတ်ပြန်လာတာပါ။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊နိုင်ငံရေးပါတီတွေ၊ဖက်ဒရယ်ယူနစ်လူမျိုးအလိုက်အတိုင်ပင်ခံကောင်စီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့ အထိ ပါဝင်ဖွဲ့စည်းထားပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတွေ၊ စစ်ကောင်စီရဲ့ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ စီမံအုပ်ချုပ်နိုင်စွမ်း မရှိတာတွေကို လက်တွေ့ကျကျ သုံးသပ်ပြီး ပြည်သူဘက်က ရပ်တည်ပေးဖို့ကိုလည်း NUCC က တိုက်တွန်းထားပါတယ်။

ဒါအပြင် မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့ ၁၀၂၇ ဒုတိယလှိုင်းဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို NUCC က ထောက်ခံ အားပေးတဲ့လို့လည်း ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် ပြည်တွင်း နိုင်ငံရေးပါတီ ၄ ခု က ကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လက တရုတ်နိုင်ငံ ကို ဖိတ်ခေါ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောထားပါတယ်။