မန်ချက်စတာတိုက်ခိုက်မှု-ဂျူးမုန်းတီးရေးလှိုင်းတစ်ခုရဲ့ ဝမ်းနည်းစရာရလဒ်

    • ရေးသားသူ, Marc Waddington
    • ရာထူးတာဝန်, North West
    • ရေးသားသူ, James Chater

မန်ချက်စတာမြို့က ဂျူးဘုရာရှိခိုးကျောင်းကို အမျိုးသားတစ်ဦးက တိုက်ခိုက်ခဲ့တာကြောင့် ဂျူးလူမျိုး ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကာ တိုက်ခိုက်သူရဲ့အမည်က ဂျီဟတ် အယ်လ်-ရှမီးလို့ ရဲတပ်ဖွဲ့က အတိအကျ ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်၊ ဆီးရီးယားနွယ်ဖွား ဗြိတိန်နိုင်ငံသား အယ်လ်-ရှမီးဟာ ဓါးနဲ့မတိုက်ခိုက်ခင်မှာ ဘုရားကျောင်းမှာဝတ်ပြုဆုတောင်းသူတွေ စုဝေးနေတဲ့ ဟီတန်ပန်းခြံရဲ့အပြင်ဘက်လူတွေနားကို ကားတစ်စီးနဲ့ မောင်းလာခဲ့တာပါ။

သူ့ကိုတော့ ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာမှာပဲ အသေပစ်ခတ်ဖမ်းဆီးမိခဲ့ပါတယ်။

နောက်ထပ်လူ ၃ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုနဲ့ဆက်စပ်ပြီးဖမ်းဆီးထားသလို "အကြမ်းဖက်မှု ဖြစ်စဥ်" လို့လည်း မန်ချက်စတာရဲတပ်ဖွဲ့ကကြေညာထားပါတယ်။

ဂျူးလူမျိုးတွေရဲ့ ပြက္ခဒိန်အရ ထာဝရဘုရားနဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့နေ့၊ အောက်တိုဘာ ၁ ရက်နေ့မှာ ယွမ်ကစ်ပူဟာပွဲကိုကျင်းပခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကို ဝန်ကြီးချုပ် ဆာကီယာ စတာမာ ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

"နောက်ထပ်ရဲတပ်ဖွဲ့ဝင်အင်အား"ကို နိုင်ငံတစ်ဝန်းက ဂျူးဘုရားရှိခိုးကျောင်းတွေမှာ တပ်ဖြန့် ချထားလိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာစတာမာကပြောခဲ့သလို၊ လန်ဒန်မြို့တော်ဝန် ဆာ ဆာဒစ် ခမ်းကလည်း မြို့တော်တွင်းက ဂျူးဘုရားရှိခိုးကျောင်းတွေထဲနဲ့ အနီးတစ်ဝိုက်မှာ ရဲတပ်ဖွဲ့ဝင်အများအပြားကို မြင်တွေ့ရမှာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အင်အားကို တိုးမြှင့်ချထားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

မန်ချက်စတာမြောက်ပိုင်း၊ ခရမ်ဆဲလ်ကတိုက်ခိုက်မှုဟာ "ကျွန်တော်တို့ရဲ့လမ်းတွေပေါ်မှာ၊ တက္ကသိုလ်ပရဝုဏ်တွေ၊ ဆိုရှယ်မီဒီယာတွေနဲ့ အခြားသောနေရာတွေထဲမှာ တင်းမာရက်စက်တဲ့ ဂျူးမုန်းတီးရေးလှိုင်းတစ်ခုရဲ့ ဝမ်းနည်းစရာရလဒ်" လို့ ဂျူးဘာသာရေးခေါင်းဆောင် ဆာ ပီရွမ် မားဗစ်ကပြောပါတယ်။

"အဲဒီလိုနေ့ရက်မျိုးဟာ ဘယ်တော့မှမတွေ့မမြင်ချင်ဘူးလို့ ကျွန်တော်တို့မျှော်လင့်ထားခဲ့တဲ့အရာပါ၊ ဒါပေမယ့်လည်း အဲဒါဟာဖြစ်လာလိမ့်မယ်လို့ စိတ်ထဲကနေ သိနေခဲ့ကြပါတယ်" လို့ သူက ပြောပါတယ်။

ဒဏ်ရာရတဲ့သူ ၃ ဦးထဲမှာ ထိုးသွင်းဒဏ်ရာမျိုးရတဲ့သူ တစ်ဦးပါဝင်သလို၊ ဒုတိယတစ်ဦးကတော့ ကားနဲ့ တိုက်ခံခဲ့ရတာဖြစ်ပြီး တတိယမြောက်လူကတော့ ထိခိုက်ဒဏ်ရာရလို့ ဆေးရုံကိုနောက်ပိုင်း မှ သွားခဲ့တဲ့သူပါ။

"ရဲတွေကတိုက်ခိုက်သူကို ရပ်တန့်စေခဲ့ပြီး အခြေအနေကိုထိန်းထားနိုင်ခဲ့ပါတယ်" လို့ မန်ချက်စတာရဲတပ်ဖွဲ့ကပြောပါတယ်။

အကြမ်းဖက်မှုကျူးလွန်ရန် ပြင်ဆင်မှု၊လှုံ့ဆော်မှုတို့နဲ့ ပတ်သတ်တဲ့သံသယနဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား နှစ်ဦးနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မန်ချက်စတာရဲတပ်ဖွဲ့ကပြောပါတယ်။

သံသယရှိတဲ့ ပစ္စည်းတစ်ခုကို တိုက်ခိုက်သူကဝတ်ဆင်ထားခဲ့ပြီး ရဲကစစ်ဆေးပြီးနောက်မှာတော့ ပေါက်ကွဲတတ်တဲ့ ပစ္စည်းမျိုးမဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ရဲ့ပြောခွင့်ရသူက ပြောပါတယ်။

တိုက်ခိုက်မှုကျူးလွန်သူ အယ်လ်-ရှမီဟာ ကလေးငယ်ဘဝမှာ ဗြိတိန်ကိုရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ဗြိတိန်နိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်။

ကြာသပတေးနေ့ နံနက် ၉ နာရီ ၃၁ မိနစ်မှာ လူအုပ်ထဲကို ကားဝင်တိုးတဲ့အကြောင်း တိုင်ကြားမှုတွေကို ရဲတပ်ဖွဲ့က အချိန်မဆိုင်းတုံ့ပြန်ခဲ့ပါတယ်။

ဂျူးဘုရားရှိခိုးကျောင်းထဲ တိုက်ခိုက်သူ ဝင်လို့မရအောင် ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့တဲ့အကြောင်းကို မျက်မြင်သက်သေတွေက ပြောပြခဲ့ပါတယ်။

ပေါ်ထွက်လာတဲ့ ဗီဒီယိုတစ်ခုထဲမှာဆိုရင် မြေပြင်ပေါ်လဲနေတဲ့အမျိုးသားတစ်ဦးကို ရဲတွေက သေနတ်နဲ့ချိန်ထားပါတယ်။ အဲဒီ အမျိုးသားမှာ "သူ့ကိုယ်ပေါ်မှာ ဗုံး တပ်ဆင်ထားတယ်" လို့ လူတွေကိုသတိပေးခဲ့ပြီး ကြည့်ရှုနေသူတွေကို အဝေးကိုဆုတ်ခွာကြဖို့ ပြောခဲ့တာကို တွေ့ရပါတယ်။

မနက် ၉ နာရီ ၃၈ မိနစ်မှာတော့ အမျိုးသားကထရပ်ဖို့အတွက် ကြိုးစားခဲ့ချိန်မှာ ရဲဘက်က သူ့ကိုပစ် လိုက်တာပါ။

ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးနောက် ခုနစ်မိနစ်အကြာလေးတင် ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ၊ ဂျူးဘုရားကျောင်းလုံခြုံရေးတွေနဲ့ ဂျူးဘုန်းတော်ကြီး ဒန်နီရယ် ဝေါလ်ကာတို့ကို ဖြစ်ရပ်ဆိုးမဖြစ်ပွားအောင်တားဆီးနိုင်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်က ချီးကျူးခဲ့ပါတယ်။

ဆာ ကီယာဟာ ဒိန်းမတ်မှာလုပ်တဲ့ ဥရောပနိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ ယူနိုက်တက်ကင်းဒမ်းကို စောပြန်လာကာ ဖြစ်ရပ်ကိုကိုင်တွယ်တုံ့ပြန်ခဲ့ပြီး နောက်ပိုင်းမှာတော့ အမည်မဖော်တဲ့ ဂျူးဘုရားရှိခိုးကျောင်းတစ်ကျောင်းကို သွားရောက်ခဲ့ပါတယ်။

ကော်ဘရာအရေးပေါ်ကော်မတီအစည်းအဝေးတစ်ခုပြီးနောက် ဒေါင်းနင်းလမ်းမှာ ပြည်သူတွေကို မိန့်ခွန်းပြောတဲ့အချိန်မှာတော့ "အကြမ်းဖက်တိုက်ခိုက်မှုကို" ဆာကီယာက ရှုတ်ချခဲ့ပြီး တိုက်ခိုက်သူဟာ ဂျူးလူမျိုးတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ" လို့ ပြောပါတယ်။

ယူနိုက်တက်ကင်းဒမ်းအတွင်းက ဂျူးလူမှုအသိုင်းအဝိုင်းကို ပြောဆိုရာမှာတော့ "ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့လုံခြုံ‌မှုကို ကျွန်တော့် လုပ်နိုင်သမျှအကုန်လုပ်ပေးမယ်လို့ ကတိပေးပါတယ်။ ပိုပြီးမြင်သာတဲ့ရဲတပ်ဖွဲ့တွေလုံခြုံရေးယူတာမျိုးနဲ့အတူ ဂျူးအသိုင်းအဝိုင်းကို ကာကွယ်ပေးပါမယ်" လို့ ပြောခဲ့ပါတယ်။

"လာမယ့်ရက်တွေထဲမှာတော့ အခြားသောဗြိတိန်တစ်ခုကို မြင်ပါလိမ့်မယ်။ ဗြိတိန်ဆိုတာ စာနာရိုင်းပင်းတတ်တဲ့၊ လူ့ကျင့်ဝတ်ရှိတဲ့၊ ချစ်မြတ်နိုးတတ်တဲ့ ဗြိတိန်ဆိုတာကိုပါ"

သံသယရှိသူဟာ ဟန်ပြအသေခံဗုံးခွဲအင်္ကျီကိုဝတ်ဆင်ထားတာမို့ အစ္စလာမ်အစွန်းရောက်တိုက်ခိုက်မှုဖြစ်တယ်လို့ အစောပိုင်းလက္ခဏာတွေအရ သိရတယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မရှင်နာ ရော်ဘင် ဆင်ကော့က ဘီဘီစီညချမ်းသတင်းအစီအစဉ်ကိုပြောပါတယ်။

"လွန်ခဲ့တဲ့ နှစ်နှစ်၊သုံးနှစ်အတွင်း ဗြိတိန်မှာ အတော်လေးကို အခြေခံကျကျအပြောင်းအလဲတစ်ခုရှိနေခဲ့ပါတယ်၊ ဒါကတော့ သူတို့ဟာ မလုံခြုံတော့ဘူး၊ ဗြိတိန်မှာ သူတို့ရဲ့အနာဂတ်ကို မြင်ရဖို့ မသေချာတော့ဘူးလို့ ဂျူးလူမျိုးတွေက ပြောနေခဲ့တာဖြစ်ပါတယ်" လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

စတင်ဝတ်ပြုချိန်မှာပဲ တိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ ဘုန်းတော်ကြီး ဒန်နီရယ် ဝေါလ်ကာကတော့ ဆုတောင်းမှုကို ဦးဆောင်ပေးနေပြီး သူနဲ့အခြားသော သူတွေက ဝတ်ပြုဆုတောင်းနေတဲ့လူထုလုံခြုံဖို့ကို ရှေးရှုပြီးတော့ တည်ငြိမ်အောင် နေခဲ့ကြတယ် လို့ အခင်းဖြစ်တဲ့နေရာက မျက်မြင်တစ်ယောက်က ပြောပါတယ်။

"အဲဒီလူက ကားထဲကနေ ထွက်လာပြီးပြီးချင်း တွေ့သမျှလူ ဓါးနဲ့လိုက်ထိုးတော့တာပဲ " လို့ ဂျူးဘုရားရှိခိုးကျောင်းနံဘေးမှာနေထိုင်တဲ့ ဘာသာတရားရိုသေကိုင်းရှိုင်းသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ဘုန်းတော်ကြီး ဝေါလ်ကာက ထူးထူးခြားခြားတည်ငြိမ်နေပြီး သူအတွင်းထဲဝင်မလာနိုင်အောင် တခါတည်း ဘုရားကျောင်းတံခါးကိုပိတ်ခဲ့တာ" လို့ သူက ဒေးလီးမေးလ်သတင်းဌာနကို ပြောခဲ့ပါတယ်။

"သူက အထဲမှာ လူတွေ လုံခြုံအောင် တံခါးအကုန်လုံးကိုပိတ်ပေးခဲ့ပါတယ်၊ သူက သူရဲကောင်းပါ၊ မဟုတ်ရင် ဒီထက်ဆိုးရွားတာတွေဖြစ်သွားခဲ့နိုင်ပါတယ်"

အခင်းဖြစ်ပွားချိန်မှာ ဘုရားကျောင်းထဲမှာ ဝတ်ပြုနေကြသူတွေအများကြီး ရှိနေခဲ့တယ်လို့ မန်ချက်စတာရဲတပ်ဖွဲ့အကြီးအကဲ ဆာစတီဖင် ဝက်ဒ်ဆင်က ပြောပါတယ်။

တိုက်ခိုက်တဲ့သူ မလာနိုင်အောင်လို့ ပိတ်လိုက်နိုင်တဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ ဝတ်ပြုဆုတောင်း ကြသူတွေကို ချီးကျူးသလို"ရဲတပ်ဖွဲ့ရဲ့ အလျင်အမြန်တုံ့ပြန်နိုင်ခဲ့တာကြောင့် တိုက်ခိုက်သူ လုပ်ချင်သလို လုပ်ခွင့်မရသွားတာလို့ သူကပြောပြီး ကျေးဇူးတင်ပါတယ် လို့ သူကပြောပါတယ်။

"သေဆုံးသွားခဲ့ရသူတွေရဲ့ မိသားစုတွေ၊ ဒဏ်ရာရခဲ့သူတွေ၊ ဒီကိစ္စကြောင့် စိတ်ဒဏ်ရာခဲ့ရတဲ့ သူတွေနဲ့အတူ ကျွန်တော်တို့ရဲ့အတွေးတွေက အတူတူရှိနေမှာပါ။

ကျွန်တော်တို့ရဲ့ ဂျူးအိမ်နီးချင်းတွေနဲ့ ဂျူးလူမျိုးသူငယ်ချင်းတွေအပေါ်ကြောက်မက်စရာ ဂျူးတွေကို ဦးတည်တဲ့တိုက်ခိုက်မှုဖြစ်ပါတယ်။

အဲဒီလုပ်ရပ်အပေါ် ကျွန်တော်တို့ လုံးဝကို ရှုတ်ချပါတယ် လို့ မန်ချက်စတာ မြို့တော်ဝန် အန်ဒီ ဘန်ဟမ်က ပြောပါတယ်။

"ကျွန်တော်တို့ရဲ့လူထု အသိုင်းအဝိုင်းတစ်ခုတိုက်ခိုက်ခံနေရချိန်မှာ မန်ချက်စတာဟာဘယ်တော့မှ ဘေးထွက်မနေပါဘူး"

အစောပိုင်းဖမ်းဆီးမှုနဲ့ဆက်စပ်နေတဲ့ အိမ်ဖြူရိပ်သာ၊ ခရမ်ဆယ်နဲ့ လန်လေခရီဆင့်၊ ပရစ်ဝစ်တို့ဟာ အခင်းဖြစ်ပွားရာနေရာတွေအဖြစ် ဆက်လက်သတ်မှတ်ခံထားရတယ် လို့ ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရှိသူက ကြာသပတေးနေ့ နှောင်းပိုင်းမှာပြောဆိုခဲ့ပါတယ်။