ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီရဲ့ စက်သုံးဆီ ခွဲတမ်းဖြတ်တောက်ရေးဗျူဟာ အလုပ်ဖြစ်မှာလား
စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို စက်သုံးဆီ တင်ပို့ရောင်းချတာတွေ မလုပ်ဖို့ စက်သုံးဆီလုပ်ငန်းရှင်တွေကို ပိတ်ပင်လိုက်ပါတယ်။
တရုတ်အစိုးရက မြန်မာနယ်စပ်ဂိတ်တွေအားလုံးပိတ်လိုက်ပြီး တရုတ်ဘက်ကဝင်တဲ့ စက်သုံးဆီ လမ်းကြောင်းပြတ်တောက်သွားချိန်မှာ စစ်ကောင်စီ ဘက်ကလည်း အချိန်ကိုက်လုပ်ခဲ့တာလို့ စစ်ရေးအကဲခတ်တွေက ပြောကြပါတယ်။
"လက်နက်ကိုင်တွေဆီ လောင်စာဆီမရောက်အောင် တရုတ်နဲ့ စစ်ကောင်စီ နှစ်ဘက်ညှပ်ပြီး ပိတ်ဆို့တဲ့သဘောပါပဲ" လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ စက်သုံးဆီလုပ်ငန်းရှင် ၃ ဦးထက်မနည်းဟာ သတ်မှတ်နယ်မြေထက် ကျော် လွန်ပြီး စက်သုံးဆီရောင်းချလို့ ဖမ်းဆီးခံထားရတယ်လို့လည်း စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ နီးစပ်သူ တွေက ပြောပါတယ်။
“မန္တလေးတိုင်းအတွက်ပဲ ချပေးထားတဲ့ ဆီကို စစ်ကိုင်းတိုင်းထဲမှာရောင်းရင် ဖမ်းတယ်” လို့ အမည် မဖော်လိုတဲ့ ဆီလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
အရင်ကလည်း ဖမ်းဆီးခံထားရတဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ ၁၅ ဦးထက်မနည်းရှိတယ်လို့ ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အခုအချိန်မှာ စက်သုံးဆီလုပ်ငန်းရှင်တိုင်းလိုလိုဟာ သတိကြီးကြီးထားပြီး အလုပ်လုပ်လုပ်နေရတဲ့ အချိန်ဖြစ်တယ်လို့လည်း ဆီလုပ်ငန်းရှင်တွေအသိုင်းအဝိုင်းက ဆိုပါတယ်။
စစ်ကောင်စီက ဘယ်နေရာတွေကို ပစ်မှတ်ထားပြီး စက်သုံးဆီ ပိတ်ဆို့ခဲ့လဲ
စစ်ကောင်စီရဲ့ စက်သုံးဆီခွဲတမ်းဖြတ်တောက်လိုက်တဲ့ နေရာတွေထဲမှာ မြန်မာစစ်တပ်လက်လွတ် လိုက်ရတဲ့ ရှမ်းမြောက်က လားရှိုးနဲ့ နောင်ချိုမြို့တွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ မတ္တရာမြို့၊ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းတဲ့ ရေဦး၊ ဆားလင်းကြီး၊ အိန္ဒိယ - မြန်မာနယ်စပ်က တမူး၊ ခမ်းပတ်၊ စစ်ကိုင်း- ချင်း ပြည်နယ်အစပ်က ကလေးမြို့၊ နောက် ချင်းနဲ့ကချင်အစပ်က နဘား၊ အင်းတော်၊ မော်လိုက် ကသာတို့ ပါဝင်တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မကြာခင်ရက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်လိုက်တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုံရှိတဲ့ ကံပိုင်တည်(ကံပိုက်တီ) မြို့ အပါအဝင် ကချင်အထူးဒေသ(၁)နယ်မြေနဲ့ တခြား KIA ထိန်းချုပ်နယ်မြေတွေက စက်သုံးဆီဆိုင်တွေလည်း စစ်ကောင်စီရဲ့ ဆီခွဲတမ်းမရတော့ပါဘူး။
မြေပြင်သတင်းအရင်းအမြစ်တွေကတော့ ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားကလွဲပြီး တခြားမြို့တွေ ကို စက်သုံးဆီမဖြန့်ဖြူးဖို့ စစ်ကောင်စီက တားမြစ်ထားတယ်လို့ပြောပါတယ်။
ဒါအပြင် ချင်းပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့(PDF) တွေအားကောင်းတဲ့ မြို့နယ်တွေကိုလည်း စက်သုံးဆီခွဲတမ်းဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာဆိုရင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ နေရာအားလုံးနီးပါးကို စစ်ကောင်စီက စက်သုံးဆီခွဲတမ်းမပေးတော့တာ တစ်နှစ်ကျော်ပြီလို့ မြောက်ဦးမြို့ခံတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
"ဘင်္ဂလားဘက်နဲ့ မကွေး၊ ဧရာဝတီမှောင်ခို လမ်းကြောင်းတွေကလာတဲ့ဆီကိုပဲ ရခိုင်ပြည်ထဲသုံးနေရတာကြာနေပြီ" လို့ ပြောပါတယ်။
လက်နက်ကိုင်ထိန်းချုပ်နေရာတွေကို စက်သုံးဆီမရောင်းချဖို့ ပိတ်ပင်တာကို စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တာမျိုးမဟုတ်ပဲ ဆီလုပ်ငန်းရှင်တွေကို သီးသန့်ညွှန်ကြားချက်ပို့တာလို့ ဘီဘီစီ အရင်းအမြစ်တွေက ပြောပါတယ်။
စက်သုံးဆီ ပို့ဆောင်သယ်ယူတာ ကန့်သတ်လိုက်တဲ့ မြို့နယ်တွေကို ဘယ်လိုအကြောင်းနဲ့မှ ဆီမသယ်ဖို့ ပြောသလို စစ်တပ်နဲ့ ဌာနဆိုင်ရာတွေအတွက်ဆိုရင်တော့ အထူးကိစ္စရပ်အနေနဲ့ ဆောင်ရွက်မယ်လို့ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။
ဆီသယ်ယာဥ်တွေ “GPS” တပ်ပြီး လိုင်စင်လျှောက်ရမယ်
စစ်ကောင်စီ စက်သုံးဆီရောင်းချခွင့်ပိတ်ပင်လိုက်တဲ့ အခြေအနေကို သိရဖို့ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီနဲ့ မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များ အသင်းချုပ် တို့ကို ဘီဘီစီ က ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနဟာ ရေနံနဲ့ ရေနံထွက်ကုန်ပစ္စည်းဖြန့်ဖြူးသယ်ယူနေတဲ့ ကွင်းဆက် တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲသွားမယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက နိုဝင်ဘာ ၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဆီသယ်ယာဥ်တွေမှာ ခြေရာခံစနစ်ပါတဲ့စက်(GPS) တပ်ထားရမှာဖြစ်ပြီး ၁ နှစ်သက်တမ်းရှိတဲ့ ရေနံနဲ့ ရေနံထွက်ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကြီးကြပ်လက်မှတ် လျှောက်ထားရမယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာန က ပြောပါတယ်။
ဆီသယ်ယာဥ်တွေဟာ ဆီသယ်ယူခွင့်လုပ်ငန်းလိုင်စင် ရှိထားရမှာဖြစ်ပြီး ဆီသယ်ယာဥ်ကိုင်တွယ် ထိန်းသိမ်းရေး သင်တန်းတက်ရမယ်လို့လည်းပြောပါတယ်။
“ ဆီဘောင်ဆာတွေသွားတဲ့လမ်းကြောင်းကို ထိန်းချုပ်ချင်လို့ အခုလိုလုပ်လာတာ။ အရင်က လုပ်ဖို့မလိုဘူး” လို့ မုံရွာမြို့ခံ ဆီဆိုင်ပိုင်ရှင်တစ်ဦး က ပြာပါတယ်။
စစ်ကောင်စီရဲ့ စက်သုံးဆီဖြတ်တောက်ရေး ဗျူဟာအောင်မြင်မှာလား
စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်နေရာတွေကို စက်သုံးဆီဖြတ်လိုက်တဲ့ အတွက် နိုင်ငံခြားငွေသုံးပြီး ဆီဝယ်ရတာသက်သာသွားစေနိုင်တယ်လို့ ထောက်ပြကြသူတွေလည်း ရှိပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ပြီးနောက်ပိုင်းထဲက စက်သုံးဆီဖြတ်တောက်ခံ ထားရတာဖြစ်ပြီး ဆီဆိုင်တွေက သိုလောင်ထားတဲ့ ဆီအနည်းငယ်သာကျန်တော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ခရီးတင်ကားလိုင်းတွေဆိုရင် ဆီကို မြို့ပြင်ဆီရတဲ့နေရာကနေ အပြည့်ဖြည့်လာရတာ၊ နောက်ပြီး ဆီကို ပုံး၂ ပုံးလောက်နဲ့ပါထပ်ဖြည့်ပြီးလာရတာ။ ၂ ပုံးထက်ကျော်ရင်လည်း စစ်ကောင်စီ ဂိတ်ရှိတဲ့နေရာက သိမ်းတယ်” လို့ လားရှိုးမြို့ခံတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
လက်ရှိအချိန်မှာ ၉၂ အမျိုးအစား စက်သုံးဆီ ၁ လီတာ ဟာ ကျပ်တစ်သောင်းဝန်းကျင် ပေါက်စျေးရှိနေပြီး တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာလည်း စက်သုံးဆီစျေးက အဆမတန်တက်နေတယ်လို့လည်း ပြောပါတယ်။
အညာဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်ကောင်းလာမှာကို စစ်ကောင်စီ က စိုးရိမ်လို့ ကြိုကာတဲ့သဘောနဲ့ စက်သုံးဆီတွေကိုဖြတ်တောက်တာလို့ သုံးသပ်ကြတဲ့ စစ်ရေး အကဲခတ်တွေလည်း ရှိပါတယ်။
ဒါပေမယ့်လည်း တော်လှန်ရေး အင်အားစုတွေဟာ လက်ရှိမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ သိမ်းပိုက်ရရှိလိုက်တဲ့ ထိန်းချုပ်နေရာတွေ ကနေရတဲ့ ကားတွေနဲ့ စက်သုံးဆီတွေကို အသုံးချပြီး သွားလာနေကြတာလို့ မြေပြင်သတင်းအရင်းအမြစ်တွေကပြောပါတယ်။
တဖက်မှာလည်း စစ်ကောင်စီ အခုလို စက်သုံးဆီတွေကို တော်လှန်ရေးအင်အားစုထိန်းချုပ် နယ်မြေတွေမှာ မရောင်းချဖို့ ထိန်းချုပ်လိုက်တာဟာ တရုတ်ရဲ့လုပ်ထုံးလုပ်နည်းပုံစံ အတိုင်းလိုက် လုပ်တာဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။
"တရုတ်ကလည်း သူဘက်ကနေ နယ်စပ်ဂိတ်တွေပိတ်တာပေါ့။ စစ်ကောင်စီကလည်း သူဘက်ကနေ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ ပိတ်တယ်။ နှစ်ဘက်ပိတ်တာပေါ့" တရုတ်နယ်စပ်မှာနေထိုင်တဲ့ စစ်ရေးအကဲခတ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီက စက်သုံးဆီ ကန့်သတ်တာတွေ လုပ်ပေမဲ့ နယ်စပ်မြို့တွေမှာ မှောင်ခိုလမ်းကြောင်းတွေကနေ ဆီဝင်တာတွေ ရှိနိုင်တာကြောင့် ဆီပြတ်တောက်သွားနိုင်ခြေမရှိပေမဲ့ မှောင်ခို စျေးကွက်ကြောင့် လူထုပိုပြီး ဒုက္ခရောက်နိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ ဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာသန်းဆယ်ချီ ထုတ်ရောင်းပေးနေပါတယ်။ ဒီလိုထုတ်ရောင်းနေတဲ့အတွက် ရန်ကုန်ကို ဆီတင်သင်္ဘောတွေဝင်နေတာလို့လည်း စစ် ကောင်စီက သတင်းထုတ်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်မှာ စစ်ကောင်စီလက်အောက်စွမ်းအင်ဝန်ကြီးဌာနကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေဆီကို စက်သုံးဆီမရောက်ရေး ခွဲတမ်းမပေးတဲ့ ဒေသတွေထုတ်ပြန်ထားတယ်ဆိုတာမဟုတ်ကြောင်း သတင်းထုတ်ပြန်ငြင်းဆိုထားပါတယ်။