ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
TNLA နဲ့ တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ နယ်တွေကို ပြန်စိုးမိုးဖို့ စစ်တပ်ထိုးစစ်ဆင်နေ
မြန်မာစစ်တပ်ဟာ မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ် ၃ ခုလုံးက နယ်မြေတွေမှာ ပြန်စိုးမိုးနိုင်ဖို့ စစ်မျက်နှာအစုံဖွင့်ပြီး မြေပြင်၊ ဝေဟင်ကနေ စစ်ကြောင်းဖိထိုးလာတယ်လို့ မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ဘီဘီစီကို အတည်ပြုပြောပါတယ်။
မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စစ်ရေးခွင်တွေကို စစ်တပ်က ပြန်စိုးမိုးနိုင်ဖို့ ၂၀၂၄ နှစ်ကုန်ပိုင်း ကတည်းက ထိုးစစ်ဆင်နေတာပါ။
တော်လှန်ရေးတပ်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကိုတော့ စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပြန်ထိန်းချုပ်ခဲ့ပါတယ်။
စစ်တပ်နဲ့ တအာင်းတပ်(TNLA) တို့ နှစ်ဖက်အပစ်ခတ်ရပ်စဲမှုကနေ သပိတ်ကျင်းအရှေ့ဘက် မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မိုးမိတ် မြို့တို့ကနေ တပ်တွေ ဆုတ်ခွာပေးတော့မယ်လို့ တအာင်းတပ်(TNLA)က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
တအာင်းတပ်က ဒီထုတ်ပြန်ချက်ထုတ်တဲ့နေ့မှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းထားတဲ့ စဥ့်ကူးနဲ့ မတ္တရာတို့မှာ တိုက်ပွဲပြင်းထန်နေပါတယ်။
စစ်တပ်ရဲ့ မတ္တရာထိုးစစ်
လက်ရှိမှာ စစ်တပ်က မတ္တရာမြောက်ဘက်ခြမ်းနဲ့ အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို ထိုးစစ်ဆင်နေတယ်လို့ မတ္တရာမြို့နယ်ပကဖအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဒေါင်းက ပြောပါတယ်။
မတ္တရာမြို့အစပ် မြောက်ဘက်က ပန်းယျရွာမှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့ သူက ဆက်ပြောပါတယ်။
မတ္တရာမြို့နယ်ကိုတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အပိုင်းလိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
မတ္တရာမြောက်ဘက်ခြမ်းက မန္တလေး PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နဲ့ နယ်မြေထိစပ်နေပြီး အရှေ့မြောက်ခြမ်း၊ အင်ကြင်းမြိုင်ရွာမှာတော့ စစ်တပ်ရဲ့ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရှိပါတယ်။
အဲဒီလေကြောင်းရန်တပ်စခန်းကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
"အရှေ့မြောက်ကို စစ်တပ်ထိုးနေတာ ဒီလေကြောင်းရန်တပ်ကို ပြန်လိုချင်လို့၊ မြောက်ပိုင်းကတော့ စဉ့်ကူးဘက်ကို ထိုးစစ်ဆက်ဖောက်ဖို့အတွက်" လို့ မတ္တရာပကဖအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုဒေါင်းက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ အခုနှစ်ဆန်းပိုင်းမှာ မတ္တရာမြို့အထွက် ဘောလုံးကွင်းမှာ လက်နက်ကြီးတပ်ဆင်ပြီးတဲ့နောက် ဧရာဝတီမြစ်ကဘေးက မတ္တရာနယ်ထဲ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေဆီ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကို မန္တလေးစစ်ရေးကင်းထောက်အဖွဲ့တွေရဲ့ အချက်အလက်တွေမှာ မြင်နိုင်ပါတယ်။
အခုတော့ မတ္တရာဒေသထဲမှာ စစ်တပ်က တင့်ကားတွေကိုပါ ထုတ်သုံးပြီး လှည့်လည်ပစ်ခတ် ထိုးစစ်ဖော်ဆောင်တဲ့အထိ ဖြစ်လာတယ်လို့ မြေပြင်မှာရှိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တင့်ကားတွေက "မတ္တရာမြို့ထဲကနေ ထွက်လာပြီး၊ ပန်းယျကနေ မြောက်ဘက်(စဉ့်ကူးဘက်)ဦးတည်ပြီး ထိုးစစ်လုပ်နေတာ" လို့ သူက ရှင်းပြပါတယ်။
မတ္တရာမြို့ရဲ့ အနောက်နဲ့ အနောက်မြောက်ခြမ်းက ကျေးရွာတချို့မှာလည်း စစ်တပ်က အထိုင်ချခြေကုပ်ယူထားတဲ့ တပ်စခန်းတွေရှိပြီး အဲဒီစခန်းတွေကနေ တော်လှန်ရေးတပ်တွေရှိတဲ့ မတ္တရာမြောက်ဘက်ခြမ်းကို လက်နက်ကြီးနဲ့ပစ်တာ၊ ပခုံထမ်းလောင်ချာ(RPG) တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သူက ထပ်ပြောပါတယ်။
အောက်တိုဘာ ၃၀ ရက်မနက်ပိုင်းမှာတော့ မတ္တရာမြို့နယ်မြောက်ဘက်ခြမ်းမှာရှိတဲ့ မတ္တရာ-မိုးကုတ်လမ်းမပေါ်က ကျောက်စရစ်ကုန်းတံတား ဖျက်ဆီးခံလိုက်ရတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ ဒေသခံတချို့က အတည်ပြုပြောပါတယ်။
"ဒီမနက်အစောပိုင်းမှာ ခွဲခံလိုက်ရတာ" လို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ရေးသတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရန်ချန်နယ်လ်တွေမှာတော့ ဒီတံတားကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မိုင်းခွဲဖျက်ဆီးခဲ့တာလို့ တံတားကျိုးကျပျက်စီးခဲ့တဲ့ ပုံတွေနဲ့အတူ ရေးသားဖော်ပြနေကြပါတယ်။
တော်လှန်ရေးနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့စစ်ရေးသတင်းရင်းမြစ်ကတော့ စစ်တပ်ထိုးစစ်ကြောင့် တံတားအနီးက ကျောက်စရစ်တောင်ရွာ(တံငါတောင်)ရွာအထိ တိုက်ပွဲနီးကပ်လာချိန်မှာ တံတားမိုင်းခွဲခံရတဲ့ဖြစ်ရပ်ပေါ်လာတာလို့ဆိုပါတယ်။
ဝေဟင်ထိုးစစ်တွေခံနေရတဲ့ စဉ့်ကူး
MDY-PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်ထဲက ဧရာဝတီမြစ်ကူးတံတား(ရတနာသိင်္ခ) တံတားလည်း အောက်တိုဘာ ၂၉ ရက်က ဖျက်ဆီးခံလိုက်ရတယ်လို့ စဉ့်ကူးဒေသခံတချို့နဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီတံတားဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းထဲက ကျောက်မြောင်းမြို့နဲ့ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့နယ်တို့ကို ချိတ်ဆက်ထားတာဖြစ်ပါတယ်။
လက်ရှိမှာလည်းး ကျောက်မြောင်းမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ် ၁၂ ခြေမြန်တပ်ရင်း (ခမရ)ထဲကနေ စဉ့်ကူးနယ်ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတယ်လို့ စဉ့်ကူးဒေသခံတစ်ဦးက ပြောပါတယ်။
တံတားမကျိုးခင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း စဉ့်ကူးဘက်ကို ထိုးစစ်ဖိဖို့ စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းတွေ ကျောက်မြောင်းဘက်ကနေ ထပ်ပို့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်လို့ သူက ဖွင့်ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရတနာသိင်္ခတံတားကို PDF အမည်ခံ အကြမ်းဖက်တွေရဲ့ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားရဲ့ ရေလယ်တိုင်နေရာတချို့ ကျိုးကျပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်မှုပြတ်တောက်နေတယ်လို့ အောက်တိုဘာ ၂၉ ရက်က သတင်းထုတ်ပါတယ်။
"လူထုရဲ့ လူမှုစီးပွားဘဝတွေပျက်စီးအောင်၊ အခွင့်အရေးတွေနစ်နာဆုံးရှုံးအောင်လုပ်နေတာကို လူထုတစ်ရပ်လုံးအနေနဲ့ ဝိုင်းဝန်းဆန့်ကျင်ပေးကြဖို့နဲ့ တံတားကိုအမြန်ဆုံးပြင်လည်ပြင်ဆင်ဆောင်ရွက်ပေးသွားမယ်" လို့ သူက ပြောပါတယ်။
တစ်ဖက်မှာလည်း စဉ့်ကူးမြို့နယ်ထဲကို စစ်တပ်က တိုက်လေယာဉ်၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုမကြာခဏလုပ်ပြီး ဖိအားပေးထိုးစစ်ဆင်နေတယ်လို့ စဉ့်ကူးစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်နဲ့ ၃၀ ရက် ၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
အောက်တိုဘာ ၂၉ ရက်ကတော့ တိုက်လေယာဉ် ၅ စီးနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က အတည်ပြုပြောပါတယ်။
မိတ္ထီလာ၊ ရှမ်းတဲနဲ့ တံတားဦးလေတပ်စခန်းတွေက တက်လာတဲ့ တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တာလို့ စစ်တပ်ရဲ့ လေယာဉ်ပျံသန်းမှုတွေကို စောင့်ကြည့်နေတဲ့ မြေပြင်ကင်းထောက်အဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
စဉ့်ကူးမြို့က စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ သပိတ်ကျင်းနဲ့ ထိုးစစ်တွေ ပြင်းထန်နေတဲ့ မတ္တရာမြို့ကြားထဲမှာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY -PDF) ကထိန်းချုပ်ထားတာဖြစ်ပါတယ်။
သပိတ်ကျင်း၊ ဖော့တော့လမ်းဆုံကို တော်လှန်ရေးတပ်တွေ ပြန်ထိန်းချုပ်
စဉ့်ကူးမြို့နဲ့ကပ်လျက် သပိတ်ကျင်းမြို့နယ်ထဲက စစ်တပ်ထိန်းချုပ်ထားတဲ့ ဖော့တော့လမ်းဆုံကို တော်လှန်ရေးပူးပေါင်းတပ်တွေက အောက်တိုဘာ ၃၀ရက် နေ့လယ်ပိုင်းမှာပဲ ပြန်ထိန်းချုပ်လိုက်တယ်လို့ သပိတ်ကျင်းအခြေစိုက်လှုပ်ရှားတဲ့ တော်လှန်ရေးတပ်တချို့က အတည်ပြုပြောပါတယ်။
ဖော့တော့လမ်းဆုံကို စစ်တပ်က သပိတ်ကျင်းမြို့ပြန်ရပြီး ၂ လအကြာ အောက်တိုဘာ ဒုတိယအပတ်မှာ ပြန်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက်ပိုင်းမှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေကြား နှစ်ဖက်တိုက်ပွဲဆက်ပြင်းထန်ခဲ့ပြီးနောက် ၂ ပတ်အကြာမှာတော့ စစ်တပ်က ပြန်ပြီးလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
ဖော့တော့လမ်းဆုံးအနီးတဝိုက်က ၇ မိုင်၊ ၆ မိုင်၊ ၅ မိုင်နဲ့ ၄ မိုင်ကျေးရွာလမ်းတလျှောက်ကိုတော့ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဖော့တော့လမ်းဆုံဟာ သပိတ်ကျင်းမြို့နဲ့ ၁၀ မိုင်ကျော်ကွာဝေးပြီး မိုးကုတ်မြို့နဲ့ ၄၉ မိုင်အကွာမှာ ရှိပါတယ်။
ဖော့တော့လမ်းဆုံက မန္တလေး-မိုးကုတ်လမ်းနဲ့ မန္တလေး-သပိတ်ကျင်းလမ်းခွဲတို့ ဆုံရာမှာရှိတာကြောင့် စစ်တပ်နဲ့ တော်လှန်ရေး ၂ ဖက်လုံးအတွက် စစ်ရေးအရ အချက်အချာကျတဲ့ လမ်းဆုံတစ်ခုဖြစ်ပါတယ်။
ရှမ်းမြောက်အပစ်ရပ်ရဲ့ သက်ရောက်မှု
စစ်ရေးအကဲခတ်တချို့ကတော့ ရှမ်းမြောက်မှာ စစ်တပ်နဲ့ တအာင်းတပ်(TNLA) တို့ကြား အပစ်ရပ်လိုက်တာကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရေးခွင်တွေကို စစ်တပ်က ဒီထက်ပိုပြီး စစ်ရေးဖိအား ပိုပေးလာနိုင်တယ်လို့ ထောက်ပြနေကြပါတယ်။
ရှမ်းမြောက်ဒေသ အပစ်ရပ်သွားချိန်မှာပဲ စဉ့်ကူးနဲ့သပိတ်ကျင်းမြို့တို့ တစ်ဖက်ခြမ်း ဧရာဝတီမြစ်အနောက်ဘက်က စစ်ကိုင်း၊ ဝက်လက်ဒေသထဲမှာလည်း အောက်တိုဘာ နောက်ဆုံးအပတ်ထဲမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတချို့က ပြောပါတယ်။
ဒီအပစ်ရပ်မှုကနေ TNLA က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ သိမ်းခဲ့တဲ့ မိုးမိတ်နဲ့ မိုးမိတ်မြို့တို့ကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်လက်ထဲ ပြန်ပေးမယ်လို့ သဘောတူညီလိုက်ပါတယ်။
သတ်မှတ်ကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြိုနယ်တို့ကနေ TNLA တပ်တွေ ပြန်ဆုတ်ခွာပြီး တအာင်းဒေသကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ မလုပ်ဖို့ ဆွေးနွေးသဘောတူညီခဲ့ကြောင်း TNLA က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
TNLA ရဲ့ ထုတ်ပြန်ချက်အပေါ် အမျိုသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံဖြစ်တဲ့ မိုးကုတ်မြို့ ပကဖအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကတော့ "မဟာမိတ်တပ်တွေနဲ့ ဆွေးနွေးတိုင်ပင်တာမရှိဘဲ မြို့ကို ပြန်ပေးလိုက်တာ" လို့ ဘီဘီစီကို ဖြေဆိုပါတယ်။
မန္တလေးတိုင်းအခြေစိုက်တပ်တွေဖြစ်တဲ့ MDY-PDF နဲ့ TRI ဗျူဟာ (မိုးကုတ်ဗျူဟာ)နဲ့ မိုးကုတ်အခြေစိုက်ပူးပေါင်းတပ်ရင်းတွေကတော့ မိုးကုတ်မြို့အပါအဝင် ထိန်းချုပ်ထားတဲ့နယ်မြေတွေ လက်မလွှတ်ရရေး လက်တွဲပြီး ကာကွယ်သွားမယ်လို့ အသီးသီးကြေညာချက်ထုတ်ပြန်ပါတယ်။
တစ်ဖက်မှာလည်း TNLA ရဲ့ အပစ်ရပ်သဘောတူညီလိုက်တဲ့နောက် မြေပြန့်ဒေသဖြစ်တဲ့ မန္တလေးတိုင်းနဲ့ အညာဒေသက တော်လှန်ရေးတပ်တွေအတွက် လက်နက်ခဲယမ်းသယ်ယူတဲ့ ထောက်ပို့လမ်းကြောင်းတွေ အကျပ်ရိုက်လာနိုင်တယ်လို့ မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တစ်ဖက်မှာ တိုက်ပွဲဖော်ဆောင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေတွေမှာလည်း စစ်တပ်ရဲ့ စစ်ရေးဘောင် ပိုကျယ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
"လက်နက်လမ်းကြောင်းခက်သွားရင် စစ်ရေးဗျူဟာတွေချတဲ့အခါမှာလည်း အောင်မြင်ဖို့ အခွင့်အရေးနည်းသွားနိုင်တယ်" လို့ သူက ပြောခဲ့ပါတယ်။