ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားအမျိုးသမီးတွေ ကလေးမယူကြဖို့ ဆုံးဖြတ်လာကြတဲ့နောက်ကွယ် အကြောင်းရင်းတွေက ဘာတွေလဲ
- ရေးသားသူ, ဂျင်းမက်ကန်ဇီ
- ရာထူးတာဝန်, ဆိုးလ်သတင်းထောက်
မိုးရွာတဲ့ အင်္ဂါနေ့ နေ့လယ်ခင်းတစ်ခုမှာ ရီဂျင်ဟာ သူတစ်ကိုယ်တည်း ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတဲ့ ဆိုးလ်မြို့စွန်က တိုက်ခန်းမှာ သူငယ်ချင်းတွေအတွက် နေ့လယ်စာပြင်ဆင်နေပါတယ်။
နေ့လယ်စာစားချိန်မှာတော့ သူငယ်ချင်းတွေထဲက တစ်ယောက်ဟာ ဖုန်းပေါ်က ဒိုင်နိုဆောကာတွန်းအရုပ်လေးကို ပြလိုက်ပြီး “သတိထားကြတော့ဟေ့” ဒိုင်နိုဆောကတော့ ပြောနေပြီ “ငါတို့လို နင်တို့ မျိုးမတုန်းသွားစေနဲ့” လို့ စနောက်လိုက်ပါတယ်။
မိန်းကလေးတွေအားလုံး ရယ်မောကြပါတော့တယ်။
“ရယ်ရတယ်။ ဒါပေမဲ့ ငါတို့ကိုယ်တိုင်လည်း မျိုးတုန်းပျောက်ကွယ်သွားနိုင်တယ်ဆိုတာကို ငါတို့သိနေတာပဲ” လို့ အသက် ၃၀ အရွယ် ရုပ်သံ ထုတ်လုပ်သူ ရီဂျင်ကပြောလိုက်ပါတယ်။
သူရော သူ့ရဲ့သူငယ်ချင်းတွေရောက ကလေးယူဖို့ အစီအစဉ်မရှိကြပါဘူး။ ကလေးမယူဘဲ လွတ်လွတ်လပ်လပ်နေထိုင်ဖို့ကို ပိုဦးစားပေးရွေးချယ်ကြလာတဲ့အထဲမှာ သူတို့လည်းပါဝင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် မွေးဖွားနှုန်းကျတဲ့ စံချိန်တွေ ဆက်တိုက်ချိုးနေခဲ့ပါတယ်။
ကိန်းဂဏန်းတွေအရ ၂၀၂၃ ခုနှစ်မှာ နောက်ထပ် ၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး အမျိုးသမီးတစ်ယောက်ကို ကလေး ၀ ဒသမ ၇ ယောက်ပဲ ရှိတဲ့နှုန်းအထိ ထပ်ပြီးကျဆင်းသွားနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီကလေးအရေအတွက်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝတစ်လျှောက်မှာ ကလေးယူချင်တဲ့အရေအတွက်ကို တွက်ချက်ထားတာဖြစ်ပါတယ်။ ကိုရီးယား လူဦးရေ ကို တည်ငြိမ်အောင် ထိန်းထားနိုင်ဖို့ဆိုရင် အမျိုးသမီးတစ်ဦးမှာ ကလေး ၂ ဒသမ ၁ ယောက်နှုန်း ရှိသင့်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ကိုရီးယားရဲ့ လူဦးရေဟာ သက္ကရာဇ် ၂၁၀၀ ပြည့်နှစ်မှာ ထက်ဝက်လောက် ကျဆင်းသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
‘နိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေ’
တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကလေးမွေးဖွားနှုန်းကျဆင်းတာကို မြင်တွေ့နေရပေမယ့် တောင်ကိုရီးယားလို ဆိုးဆိုးရွားရွားကြုံတွေ့နေရတာတော့ မဟုတ်ပါဘူး။
ခန့်မှန်းချက်တွေကတော့ မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။
နှစ်ပေါင်း ၅၀ အတွင်း အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ဦးရေဟာ ထက်ဝက်ခန့် လျော့ကျသွားမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ မဖြစ်မနေ စစ်မှုထမ်းဖို့ အရည်အချင်းပြည့်မီတဲ့ လူဦးရေဟာလည်း ၅၈ ရာခိုင်နှုန်း လျော့ကျသွားမယ့်အပြင် နိုင်ငံလူဦးရေထက်ဝက်နီးပါးဟာ ၆၅ နှစ်နဲ့အထက် အသက်အရွယ်တွေ ပိုများလာမှာဖြစ်ပါတယ်။
ဒီဆိုးရွားတဲ့ ခန့်မှန်းချက် နိမိတ်တွေဟာ နိုင်ငံရဲ့ စီးပွားရေး၊ ပင်စင် ရန်ပုံငွေနဲ့ နိုင်ငံရဲ့လုံခြုံရေးတွေအတွက် ဆိုးဆိုးရွားရွားသက်ရောက်စေနိုင်တာကြောင့် နိုင်ငံရေးသမားတွေက “နိုင်ငံတော်အရေးပေါ်အခြေအနေ” လို့ ကြေညာခဲ့ကြပါတယ်။
တောင်ကိုရီးယားရဲ့ အစိုးရ အဆက်ဆက်ဟာ နှစ် ၂၀ နီးပါး ဒီပြဿနာကို ပြေလည်စေဖို့ ကိုရီးယားငွေကြေး ဝမ် ၃၇၉.၈ ဘီလျံ ( အမေရိကန်ဒေါ်လာ ၂၈၆ ဘီလျံ) အထိ သုံးစွဲခဲ့ပါတယ်။
ကလေးရှိတဲ့ စုံတွဲတွေအတွက် အိမ်ရာနဲ့ နေရေး အကူအညီတွေကနေ အငှားယာဉ် အခမဲ့စီးနင်းခွင့်အခအထိ ထောက်ပံ့ခဲ့ပါတယ်။ လက်ထပ်ထားတဲ့စုံတွဲတွေအတွက်ဆိုရင် ဆေးရုံစရိတ်တွေပါမက ဖန်ပြွန်သန္ဓေသားယူနိုင်တဲ့ ကုသမှုတွေအတွက်ပါ ခံစားခွင့်ပေးထားခဲ့ပါတယ်။
ဒီလို မက်လုံးတွေပေးပေမယ့်လည်း အလုပ်မဖြစ်တဲ့အတွက် ထိပ်တန်းနိုင်ငံရေးသမားတွေက ဒီပြဿနာအပေါ် ထိရောက်တဲ့ဖြေရှင်းချက်တွေထုတ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုး ပိုစဉ်းစားဖို့ ဖြစ်လာပါတယ်။ အဲဒီထဲက နည်းလမ်းတချို့ကတော့ အရှေ့တောင်အာရှဘက်ကနေ အနိမ့်ဆုံးအခကြေးငွေထက် နည်းပါးတဲ့နှုန်းတွေနဲ့ ကလေးထိန်းတွေ ငှားရမ်းဖို့အပြင် အသက် ၃၀ အရွယ်မတိုင်မီ ကလေး ၃ ယောက်ရှိတဲ့ အမျိုးသားတွေကို စစ်မှုထမ်းရမယ့် တာဝန်ကနေ ကင်းလွတ်ခွင့်ပေးဖို့ စတာတွေ ဖြစ်ပါတယ်။
လူငယ်တွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အသံတွေကို နားမှမထောင်ဘဲဆိုပြီး မူဝါဒချမှတ်သူတွေကို အပြစ်ပြောတာတွေကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။
ဒါကြောင့်မို့ ဘီဘီစီသတင်းဌာနအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကိုရီးယားနိုင်ငံအနှံ့သွားပြီး အမျိုးသမီးတော်တော်များများနဲ့ မေးမြန်းဆွေးနွေးကြည့်ခဲ့ပါတယ်။ ကလေးမမွေးဖို့ ဆုံးဖြတ်ထားကြတဲ့ အမျိုးသမီးတွေအနေနဲ့ ဒီလိုဆုံးဖြတ်ရတဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေလဲဆိုတာ သိရအောင်ပေါ့။
ရီဂျင်က အသက် ၂၅ ဝန်းကျင်မှာ ကိုရီးယားရဲ့ အမြင်အစွဲတွေကို လွန်ဆန်ပြီး တစ်ကိုယ်တည်းနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကိုရီးယားမှာ တစ်ယောက်တည်း သီးသန့်ရပ်တည်နေထိုင်တာဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အတွေ့အကြုံရဖို့အတွက် ခဏတာသီးသန့်နေထိုင်တဲ့ ယာယီဆုံးဖြတ်ချက်မျိုးပဲ ဖြစ်သင့်တယ်လို့ အများစုက လက်ခံထားကြတာဖြစ်ပါတယ်။
ရီဂျင်ဟာ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက အိမ်ထောင်မပြုဖို့အပြင် ကလေးမယူဖို့ကိုပါ ကြိုတင်ဆုံးဖြတ်ခဲ့ပါတယ်။
“ကိုရီးယားမှာ တစ်ယောက်နဲ့တစ်လောက်လေ့လာလို့ရတဲ့ ချိန်းတွေ့တဲ့ အဆင့်မှာတောင် ကိုယ်နဲ့ ကိုက်ညီတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကိုယ်နဲ့အတူတူ အိမ်မှုကိစ္စတွေ မျှမျှတတ ကူညီပေးနိုင်မယ့်သူ၊ ကလေးကူထိန်းပေးနိုင်မယ့်သူမျိုးပေါ့” လို့ ရီဂျင်က ပြောပါတယ်။
“ပြီးတော့ တစ်ကိုယ်တည်း ကလေးမွေးဖွားထားတဲ့ အမျိုးသမီးတွေကိုလည်း ဒီမှာ အကောင်းမမြင်ကြပါဘူး” လို့ဆိုပါတယ်။
၂၀၂၂ ခုနှစ် စာရင်းအရ ကလေးမွေးဖွားတဲ့ရာခိုင်နှုန်းထဲက ၂ ရာခိုင်နှုန်းသာ အိမ်ထောင်မပြုဘဲ မွေးဖွားထားတာဆိုတာကို လေ့လာတွေ့ရှိချက်တွေအရ သိနိုင်ပါတယ်။
‘မပြီးဆုံးနိုင်တဲ့ အလုပ်သံသရာ’
ရီဂျင်ကတော့ သူမရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ရုပ်မြင်သံကြားအလုပ်မှာပဲ အာရုံစိုက်ထားဖို့ ရွေးချယ်ခဲ့ပြီး ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် အချိန်မပေးနိုင်ဘူးလို့ပြောပါတယ်။
ကိုရီးယားမှာ အလုပ်လုပ်ရတဲ့အချိန်က တော်တော်များပါတယ်။
ရီဂျင်ဟာ သမားရိုးကျ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ အလုပ်လုပ်ပါတယ်။ ကိုရီးယားမှာ အလုပ်ချိန်ပုံသေ သတ်မှတ်ထားတာကတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းနီးပါး သူမက ည ၈ နာရီအချိန်ထိတိုင်အောင် ရုံးမှာ ရှိနေတတ်တဲ့အပြင် အချိန်ပိုလည်းဆင်းရတတ်ပါသေးတယ်။ အိမ်ပြန်ရောက်တာနဲ့ အိပ်ယာမဝင်ခင်အချိန်ထိ သူမမှာ အိမ်သန့်ရှင်းရေးလုပ်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့လောက်ပဲ အချိန်ရှိပါတော့တယ်။
“ကျွန်မရဲ့ အလုပ်ကိုချစ်ပါတယ်။ ဒီအလုပ်ကြောင့် ကျွန်မတော်တော်လေး စိတ်ချမ်းသာရပါတယ်” လို့ သူက ပြောပါတယ်။
“ဒါပေမဲ့ ကိုရီးယားမှာအလုပ်လုပ်ရတာ ခက်ခဲပါတယ်၊ မပြီးဆုံးနိုင်တဲ့ အလုပ်သံသရာထဲမှာ ပိတ်မိနေသလိုမျိုးပဲပေါ့။”
အလုပ်အကိုင်ပိုကောင်းစေဖို့ အားလပ်ချိန်မှာ အသစ်တွေ လေ့လာရမယ်ဆိုတဲ့ ဖိအားတွေလည်း ရှိနေတယ်လို့ ရီဂျင်က ပြောပါတယ်။
“ကိုရီးယားတွေမှာ အတွေးအခေါ်ယူဆချက်တစ်ခုရှိတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အလုပ်ကို ဆက်တိုက်ဖိပြီး မလုပ်ဘူးဆိုရင် သူများတွေထက်နောက်ကျကျန်ခဲ့ပြီး အရှုံးနဲ့ပဲ ရင်ဆိုင်ရတော့မှာ။ ဒီလိုကြောက်စိတ်ကြီးက ငါတို့ကို အလုပ်အပေါ် ၂ ဆပိုဖိပြီး ကြိုးစားစေတယ်” လို့ ရီဂျင်က ပြောပါတယ်။
“တစ်ခါတလေဆို ပိတ်ရက်တွေမှာ အကြောဆေးလေး သွားသွင်းဖြစ်တယ် နောက်တနင်္လာနေ့ အလုပ်ပြန်လုပ်ရင် အားပြည့်နေအောင်လို့” ဆိုပြီး ပိတ်ရက်မှာပုံမှန်လုပ်ဖြစ်တဲ့ အကျင့်တစ်ခုလို သူက ပေါ့ပေါ့ပါးပါးပြောပါတယ်။
သူက အမျိုးသမီးတွေရဲ့ တူညီတဲ့ စိုးရိမ်မှုတွေကိုလည်း ပြောပြပါတယ်။ အဲဒါကတော့ ကလေးယူဖို့အတွက် အချိန်ယူလိုက်ရပြီဆိုရင် လုပ်ငန်းခွင်ထဲ ပြန်မလာနိုင်တော့မှာ ကြောက်တယ်လို့ ဆိုကြပါတယ်။
“ကျွန်မတို့ ကလေးမွေးတဲ့အခါ အလုပ်ကနေထွက်ရမယ်ဆိုတာမျိုး ကုမ္ပဏီတွေဘက်ကနေ တစ်ဖက်လှည်နဲ့ ဖိအားပေးတာတွေလည်း ရှိပါတယ်” လို့ ရီဂျင်က ပြောတယ်။
သူ့ရဲ့ အစ်မအပါအဝင် သူသဘောကျနှစ်သက်တဲ့ ရုင်မြင်သံကြားသတင်းတင်ဆက်သူ ၂ ယောက်ရဲ့အဖြစ်တွေကိုလည်း သူတွေ့မြင်ခဲ့ရတယ်လို့ ပြောပြပါတယ်။
‘သိတာတွေ အရမ်းများနေတော့လည်း ခက်ပါတယ်’
ဝန်ထမ်းရေးရာဌာန (HR) မှာ အလုပ်လုပ်တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း မီးဖွားခွင့်ယူပြီးတဲ့နောက်ပိုင်း အလုပ်ကနေထွက်ဖို့ ဖိအားပေးခံရတဲ့သူတွေ၊ ရာထူးတိုးဖို့ပယ်ချန်ထားခံရသူတွေကို မြင်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ ဒါတွေကြောင့် ကလေးမယူဖို့ ဆုံးဖြတ်ချက် ချနိုင်စေတယ်လို့ သူက ပြောပါတယ်။
အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးဟာ သူတို့ရဲ့ ကလေး အသက် ၈ နှစ်အရွယ်အထိ အချိန်ကာလ တစ်နှစ်သတ်မှတ်ထားတဲ့ ခွင့်တစ်နှစ် ခံစားခွင့်ရှိပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ သားဦးမွေးထားတဲ့ ဖခင်တွေရဲ့ ၇ ရာခိုင်နှုန်းကသာ အလုပ်မလုပ်ဘဲနေလို့ရတဲ့ ခွင့်သက်တမ်း ၁ နှစ်ကိုခံစားခဲ့ပြီး သားဦးမွေးထားတဲ့ မိခင် ၇၀ ရာခိုင်နှုန်းကတော့ အဲဒီခွင့်ကို ယူခဲ့ကြတယ်လို့ သိရပါတယ်။
ကိုရီးယားက အမျိုးသမီးတွေဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ OECD နိုင်ငံတွေမှာ ပညာရေး အမြင့်ဆုံးဖြစ်ပေမဲ့ ကျား-မ လစာကွာဟမှု အဆိုးဆုံး နိုင်ငံ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ ပျမ်းမျှအချိုးအစားကို နှိုင်းယှဉ်မယ်ဆိုရင်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများနေပါတယ်။
အဲဒါက အလုပ်ကို ရွေးမလား မိသားစုကို ရွေးမလားဆိုတဲ့ အခြေအနေကို ပြနေတယ်လို့ သုတေသီတွေက ပြောပါတယ်။ အဲဒီမှာ အလုပ်ကို ရွေးတဲ့သူက ပိုတိုးလာပါတယ်။
ငါးနှစ်ကလေးတွေကို စာသင်နေတဲ့ အင်္ဂလိပ်စာသင်တန်းက စတယ်လာရှင်းကလည်း အခုလို ပြောပြပါတယ်။
“ကလေးတွေကို ကြည့်စမ်းပါဦး၊ သူတို့ကချစ်စရာကောင်းလိုက်”လို့ စတယ်လာက ညင်ညင်သာသာလေးပြောလိုက်ပါတယ်။ ဒါပေမဲ့ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတယ်လာမှာတော့ သားသမီးမရှိပါဘူး။ ဒါဟာ တမင် ဆုံးဖြတ်ချက်ထားတာတော့မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
စတယ်လာက အိမ်ထောင်ပြုထားတာ ၆ နှစ်ရှိပါပြီ။ သူရော သူ့ခင်ပွန်းရော ကလေးလိုချင်ပေမယ့် နှစ်ယောက်စလုံးအလုပ်များကြတာကြောင့် အလုပ်တွေရှုပ်ရင်းနဲ့ပဲ ဘဝရဲ့အချိန်တွေကို ကျေနပ်ပြီး ကုန်ဆုံးနေကြတာဖြစ်ပါတယ်။ အခုတော့ သူတို့ဖြတ်သန်းနေထိုင်နေတဲ့ပုံစံနဲ့ ကလေးယူဖို့ “မဖြစ်နိုင်ဘူး” ဆိုတာကို သူမက လက်ခံထားပါတယ်။
“မိခင်တွေက ကလေးမွေးပြီးပြီးချင်း ပထမဆုံး ၂နှစ်မှာ ကလေးကို အချိန်ပြည့်ပြုစုစောင့်ရှောက်ဖို့ အလုပ်ကထွက်ဖို့ လိုတယ်လေ။ ဒါက ကျွန်မကို အရမ်းစိတ်ဓာတ်ကျစေလောက်တယ်” လို့ သူက ပြောပါတယ်။
“ကျွန်မက ကျွန်မရဲ့အလုပ်ကိုချစ်တယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါတယ်” လို့ ပြောပါတယ်။
စတယ်လာက သူမရဲ့ အားလပ်ချိန်တွေမှာတော့ သက်ကြီးပိုင်းအမျိုးသမီးတွေနဲ့ K-Pop အကသင်တန်းတွေ တက်ပါတယ်။
ကလေးမွေးပြီးရင် ၂ နှစ်ကနေ ၃ နှစ်လောက်အထိ လုပ်ငန်းခွင်ကနေထွက်ပြီး ကလေးကိုကြည့်ရှုစောင့်ရှောက်ရတာဟာ အမျိုးသမီးတွေမှာပဲ တာဝန်ရှိသလို စဉ်းစားနေကြတာ ဖြစ်ပါတယ်။
စတယ်လာကို ဒီလိုကလေးအပေါ် ကြည့်ရှုစောင့်ရှောက်ဖို့အတွက် သူ့အမျိုးသားနဲ့ မျှမျှတတလုပ်လို့မရဘူးလားဆိုတော့ မဖြစ်နိုင်ဘူးဆိုတဲ့ အကြည့်မျိုးနဲ့ ပြန်ဖြေပါတယ်။
“ဘယ်လိုလဲဆိုတော့ ကျွန်မသူ့ကို ပန်းကန်တွေဆေးဆိုရင် သူက သေချာပြီးအောင်လုပ်တာ မဟုတ်ဘူး။ ကျွန်မ သူ့ကို အားကိုးလို့မရဘူး” လို့ သူမကပြောပါတယ်။
သူအနေနဲ့ အလုပ်ကို လက်လွှတ်လိုက်ပြီး မိသားစုနဲ့ အလုပ် နှစ်ခုစလုံး အဆင်ပြေအောင် တစ်လှည့်စီလုပ်ချင်ရင်တောင် နေထိုင်စရိတ်က အရမ်းမြင့်လို့ သူ အလုပ်မထွက်နိုင်ဘူးလို့ သူက ပြောပါတယ်။
ကိုရီးယားမှာ လူဦးရေထက်ဝက်ကျော်ဟာ အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့ မြို့တော် ဆိုးလ်နဲ့ အနီးတဝိုက်မှာ အများဆုံးနေထိုင်ကြတာကြောင့် တိုက်ခန်းစရိတ်တွေနဲ့ အခြေခံအသုံးစရိတ်တွေအပေါ်မှာ ဖိအားတော်တော်များများနဲ့ ရင်ဆိုင်ရပါတယ်။
စတယ်လာနဲ့ သူရဲ့ခင်ပွန်းဟာ မြို့ကြီးပြကြီးရဲ့ ဝေးရာကို တဖြည်းဖြည်းရွှေ့လာရပြီး မြို့ကြီးနဲ့ နီးစပ်တဲ့တခြားနေရာတွေမှာပဲ နေနိုင်တော့တယ်လို့ပြောပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အိမ်ကိုတောင် အခုချိန်အထိ မဝယ်နိုင်သေးပါဘူး။
ဆိုးလ်ရဲ့ ကလေးမွေးဖွားနှုန်းဟာ ၀.၅၉ အထိကျဆင်းသွားခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။
အိမ်စရိတ်အပြင် ကျောင်းပြင်ပ ပညာရေးအတွက် ကုန်ကျရတဲ့ စရိတ်တွေလည်းရှိပါတယ်။
အသက် ၄ နှစ်ကနေစပြီး ကလေးငယ်တွေဟာ သင်္ချာ၊ အင်္ဂလိပ်၊ ဂီတနဲ့ တိုက်ကွမ်ဒိုသင်တန်းတွေလို ဈေးကြီးပေးတက်ရတဲ့ သင်တန်းတွေဆီမှာ သင်ကြားဖို့ အပို့ခံရပါတယ်။
ပြိုင်ဆိုင်မှုတွေ ပြင်းထန်တဲ့ကိုရီးယားမှာ ကလေးတွေအပေါ်ဒီနည်းလမ်းအတိုင်း ကျယ်ကျယ်ပြန့်ပြန့်ထိန်းကျောင်းနေကြပြီး ဒီလို မပံ့ပိုးနိုင်ဘူးဆိုရင်တော့ ကလေးတွေဟာ မအောင်မြင်နိုင်ဘူးလို့ ယူဆထားကြတာဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ကမ္ဘာပေါ်မှာ ကလေးပြုစုပျိုးထောင်တာနဲ့ပတ်သက်ရင် ကိုရီးယားနိုင်ငံဟာ ကုန်ကျမှုစရိတ်အများဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။
၂၀၂၂ ခုစ်ရဲ့ လေ့လာတွေ့ရှိချက်အရ မိဘတွေရဲ့ ၂ ရာခိုင်နှုန်းက ကျူရှင်သီးသန့်ထားတာတွေ မလုပ်ကြပေမယ့် ၉၄ ရာခိုင်နှုန်းကတော့ ဒီသီးသန့်ကုန်ကျရတဲ့ ပညာရေးစရိတ်တွေကြောင့် ငွေရေးကြေးရေးဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ပြောကြပါတယ်။
ဒီလို သီးသန့်တက်ရတဲ့ ကျူရှင်ကျောင်းတွေမှာ စာပြနေတဲ့ဆရာမတစ်ဦးအနေနဲ့ စတယ်လာက ဒီအခြေအနေတွေကို ကောင်းကောင်းနားလည်ပါတယ်။
သူ လေ့လာမိသမျှအရ မိဘတွေက ကလေးတစ်ဦးအတွက် တစ်လမှာ အမေရိကန်ဒေါ်လာ ၈၉၀ လောက် အထိ သုံးစွဲကြပါတယ်။ ဒီငွေကြေးပမာဏက လူတော်တော်များများ မတတ်နိုင်ကြပါဘူး။
“ဒါပေမဲ့ ဒီသင်တန်းတွေမရှိတော့လည်း ကလေးတွေက နောက်ကျကျန်ခဲ့မှာပဲ” လို့ စတယ်လာက ဆိုပါတယ်။
“ကလေးတွေကိုတွေ့တော့လည်း ကျွန်မလည်း ကလေးတစ်ယောက်လောက်တော့ လိုချင်တယ်။ ဒါပေမဲ့ ကျွန်မက အရမ်းသိနေတော့ ခက်ပါတယ်” လို့ သူက ထပ်ပြောပါတယ်။
တချို့သူတွေအတွက် ဒီလိုသီးသန့်ကုန်ကျတဲ့ ကျူရှင်စရိတ်တွေက အခြားကုန်ကျစရိတ်တွေထက်တောင် ပိုနေတာ ဖြစ်ပါတယ်။
“မင်ဂျီဆိုသူကတော့ သူရဲ့အတွေ့အကြုံတွေကို ပြောပြချင်ပေမယ့် အားလုံးသိအောင်တော့ မပြောချင်ပါဘူး။ သူ ကလေးမယူတော့ဘူးဆိုတဲ့အကြောင်းကို မိဘတွေဆီပြောပြဖို့ အဆင်သင့်မဖြစ်သေးပါဘူး။
“သူတို့ အရမ်းတုန်လှုပ်ပြီး စိတ်ပျက်သွားကြမှာ” လို့ ခင်ပွန်းဖြစ်သူနဲ့အတူ ကမ်းခြေမြို့လေးဖြစ်တဲ့ ဘူဆန်မှာနေထိုင်တဲ့ မင်ဂျီက ပြောပါတယ်။
မင်ဂျီဟာ သူရဲ့ ငယ်ဘဝနဲ့ အသက် ၂၀ အရွယ်ဝန်းကျင်နှစ်တွေမှာ မပျော်ရွှင်ခဲ့ဘူးလို့ ရင်ဖွင့်ခဲ့ပါတယ်။
“ကျွန်မရဲ့ ဘဝတစ်ခုလုံးမှာ စာလေ့လာပြီးတော့ပဲ အချိန်တွေကုန်ဆုံးခဲ့ရတယ်”လို့ မင်ဂျီက ပြောပါတယ်။
ပထမဆုံးအနေနဲ့ တက္ကသိုလ်ကောင်းကောင်းတက်ခွင့်ရဖို့ နောက်ပြီးတော့ နိုင်ငံ့ဝန်ထမ်းစာမေးပွဲတွေအတွက် လေ့လာရတယ်။ အဲဒီနောက်တော့ ပထမဆုံးအလုပ်ကို အသက် ၂၈ နှစ်အရွယ်မှာ ရခဲ့တယ်လို့ဆိုပါတယ်။
သူမက ငယ်ငယ်ကတည်းက ညနက်တဲ့အထိ စာသင်ခန်းထဲမှာ ကုန်ဆုံးခဲ့ရတဲ့ ကလေးဘဝကို အမှတ်ရနေပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ ငယ်ဘဝအိပ်မက်ရှိခဲ့ပေမယ့် သူအားနည်းတဲ့ သင်္ချာတွေ အသည်းအသန်တွက်ခဲ့ရတာပါ။
“ကျွန်မက အိပ်မက်တွေနောက် လိုက်ဖို့မဟုတ်ဘဲ သာမန် သူလိုငါလို ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် မဆုံးနိုင်တဲ့ပြိုင်ဆိုင်မှုတွေကြားမှာ ဖြတ်သန်းခဲ့ရတယ်။ အရမ်းကို ပင်ပန်းတယ်” လို့ မင်ဂျီက ပြောပြပါတယ်။
အခု အသက် ၃၂ နှစ်အရွယ် မင်ဂျီကတော့ လွတ်လပ်ပေါ့ပါးပြီး သူရဲ့ ဘဝကို ပျော်ရွှင်ကျေနပ်နေပါပြီ။ သူဟာ ခရီးသွားရတာကိုလည်း ကြိုက်ပြီး ရေငုပ်တာကိုလည်း သင်နေပါတယ်။
ဒါပေမဲ့ သူသေသေချာချာစဉ်းစားလိုက်တော့ သူတွေ့ကြုံခံစားခဲ့ရတဲ့ ပြိုင်ဆိုင်မှုတွေ စိတ်ဖိစီးမှုတွေလို ကလေးတစ်ယောက်ကို မကြုံစေချင်တော့ပါဘူး။
“ကိုရီးယားဟာ ကလေးတွေပျော်ပျော်ရွှင်ရွှင်နေနိုင်မယ့် နေရာတစ်ခုမဟုတ်ပါဘူး”လို့ မင်ဂျီက ကောက်ချက်ချလိုက်ပါတယ်။
သူရဲ့ ခင်ပွန်းသည်ကတော့ ကလေးယူချင်ခဲ့တာကြောင့် သူတို့ အဆက်အပြတ် ငြင်းခုံခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သူ့ဆန္ဒကို လက်ခံခဲ့ပါတယ်။ တစ်ခါတလေမှာတော့ သူလည်း သူ့ခင်ပွန်းလို စိတ်ယိုင်ခဲ့တာမျိုးရှိပေမယ့် နောက်တော့လည်း ဘာကြောင့် ကလေးမယူနိုင်တာလဲဆိုတဲ့အချက်တွေက သူ့ကို သတိပေးနေပါတယ်။
‘စိတ်ပျက်စရာကောင်းလွန်းတဲ့ လူမှုရေးခေါင်းပါးမှု’
ချွန်းဂျူယောင်းဆိုတဲ့ အမျိုးသမီးကတော့ ဒယ်ဂျူန်းမြို့မှာနေထိုင်ပြီး ကလေးတွေကို “တစ်ဦးတည်း ထိန်းကျောင်းနေရသူ” ဖြစ်ပါတယ်။
ခုနစ်နှစ်အရွယ်သမီးလေးနဲ့ လေးနှစ်အရွယ်သားလေးကို ကျောင်းကနေကြိုလာပြီး အနီးနားမှာရှိတဲ့ ကစားကွင်းတွေကို ခေါ်သွားပြီး လည်ပတ်နေရင်း ခင်ပွန်းပြန်အလာကိုစောင့်နေခဲ့ပါတယ်။ သူ့ခင်ပွန်းကတော့ အိပ်ချိန်လောက်မှပဲ ပြန်လာတာများပါတယ်။
“ကလေးယူတုန်းက ကျွန်မ ဆုံးဖြတ်ချက် ကြီးကြီးမားမား လုပ်ခဲ့တယ်လို့ မခံစားခဲ့ရဘူး။ ကျွန်မ လုပ်ငန်းခွင် မြန်မြန်ပြန်ဝင်နိုင်မှာပဲလို့ထင်ခဲ့တာ” လို့ သူက ပြောပါတယ်။
ဒါပေမဲ့ မကြာခင်မှာပဲ လူမှုရေးနဲ့ ငွေကြေး ဖိစီးမှုတွေကြောင့် သူတစ်ယောက်တည်း ကလေးတွေထိန်းနေရပါလားဆိုတဲ့ ရုတ်တရက် အသိဝင်လာပါတယ်။
သူ့ ခင်ပွန်းဟာ အလုပ်သမားသမဂ္ဂဝင်တစ်ဦးဖြစ်ပေမဲ့ အိမ်မှုကိစ္စတွေမှာရော ကလေးထိန်းတဲ့နေရာမှာပါ ကူညီခဲ့တာ မရှိပါဘူး။
“ကျွန်မအရမ်း ဒေါသထွက်ခဲ့ရတယ်” လို့သူက ပြောပါတယ်။ “ကျွန်မက ပညာကောင်းကောင်းသင်ထားတယ်လေ။ အမျိုးသမီးတွေဟာလည်း တန်းတူမျှမျှတတဆက်ဆံခံရသင့်တယ်လို့ သင်ကြားလာခဲ့ရတာပါ။ ဒါကြောင့် ဒီအခြေအနေကို ကျွန်မ လက်မခံနိုင်ဘူး” လို့ ပြောပြပါတယ်။
ဒီပြဿနာက တော်တော်လေးကို နက်ရှိုင်းပါတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဟာ ကြောက်စရာကောင်းလောက်အောင် တဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အဆင့်မြင့်ပညာသင်ကြားနိုင်ခဲ့သလို လုပ်ငန်းခွင်တွေထဲ ဝင်ရောက်လာနိုင်အောင် တွန်းအားပေးခဲ့ပြီး ရည်မှန်းချက်တွေကို မြင့်မားလာခဲ့ပါတယ်။
ဒါပေမဲ့လည်း အမျိုးသမီးတစ်ယောက်ရဲ့ တာဝန်ဖြစ်တဲ့ ဇနီးမယားနဲ့ မိခင်ဆိုတဲ့ တာဝန်တွေမှာတော့ တိုးတက်ခဲ့တာ လုံးဝမတွေ့ရသလောက်ပါပဲ။
စိတ်တွေရှုပ်ထွေးနေတဲ့ ဂျူယောင်းဟာ တခြားမိခင်တွေကို သတိထားမိလာတယ်။
“ အိုး ကျွန်မ သိလိုက်တာတစ်ခုက ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နေရတဲ့ ကျွန်မ သူငယ်ချင်းဖြစ်သူက စိတ်ဓာတ်ကျနေသလိုပဲ၊ ပြီးတော့ ကျွန်မတို့လမ်းထဲက အိမ်နီးနာချင်းမိတ်ဆွေတွေလည်း ဒီတိုင်း စိတ်ပင်ပန်း နေကြတာချည်းပဲ။”
“ဒီအခြေအနေကြီးက ဖြစ်နေကျ သာမန်လူမှုရေးပြဿနာကြီးတစ်ခုလို ဖြစ်နေတယ်” လို့ သူက ပြောပြပါတယ်။
သူက သူတွေ့ကြုံခဲ့ရသမျှတွေကို ရုပ်ပြကာတွန်းအနေနဲ့ သရုပ်ဖော်ရေးခြစ်ပြီး အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။
“ဒီအကြောင်းအရာတွေအကုန်လုံးက ကျွန်မကိုယ်တိုင်တွေ့ကြုံခဲ့တာတွေကြီးပါပဲ”လို့ ဂျူယောင်းကပြောပါတယ်။
သူမဖန်တီးလိုက်တဲ့ ရုပ်ပြစာအုပ်ဟာ နိုင်ငံတဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေရဲ့ဘဝကို ထင်ဟပ်စေခဲ့တာကြောင့် အောင်မြင်မှုကြီးကြီးမားမား ရရှိခဲ့သလို အခုအချိန်မှာတော့ ဂျူယောင်းဟာ ရုပ်ပြစာအုပ် ၃ အုပ်ထုတ်ထားတဲ့ စာရေးဆရာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူမက ဒေါသဖြစ်ခဲ့ရတဲ့အချိန်တွေနဲ့ နောင်တရခဲ့ရတဲ့အချိန်တွေကို ကျော်သွားခဲ့ပြီလို့ ဆိုပါတယ်။
“ကလေးတွေကို လက်တွေ့မှာ ဘယ်လိုတွေပြုစုပျိူးထောင်နေရလဲဆိုတာကို ပိုသိချင်တယ်၊ မိခင်တွေက ဘယ်လောက်အတိုင်းအတာအထိ လုပ်ပေးရမှာလဲဆိုတာတွေရောပေါ့” လို့ သူမကပြောပါတယ်။
“အခုအချိန်မှာ အမျိုးသမီးတွေ ကလေးမယူကြဘူးဆိုတာကလည်း သူတို့မှာ ဒါကို ပြောလာနိုင်တဲ့ သတ္တိရှိလို့ပေါ့” လို့ ဆက်ပြောခဲ့ပါတယ်။
နောက်ပြီး ဂျူယောင်းက စိတ်မကောင်းတော့ ဖြစ်မိပါတယ်။
“အမျိုးသမီးတွေဟာ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေအထိရောက်အောင် ဖိအားပေးခံနေရတာကြောင့် ဝမ်းသာကြည်နူးရတဲ့ မိခင်ဘဝကို ငြင်းနေကြရတာ”လို့ ပြောပါတယ်။
တစ်ဖက်မှာတော့ မင်ဂျီက သူလွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်လို့ ဝမ်းသာရတယ်လို့ ပြောခဲ့ပါတယ်။ “ကျွန်မတို့က ကိုယ်ဖြစ်ချင်တာကို ကိုယ်ရွေးချယ်နိုင်တဲ့ ပထမဦးဆုံးမျိုးဆက်လို့ ပြောလို့ရပါတယ်။
“ဒီလိုတွေမဖြစ်လာခင်အထိကတော့ ကျွန်မတို့ အမျိုးသမီးတွေဟာ မဖြစ်မနေ ကလေးမွေးပေးရမယ်ဆိုတာမျိုးတွေပေ့ါ။ ဒါပေမဲ့ အခုတော့ ကလေးမွေးဖို့ကို တတ်နိုင်သလောက် ရွေးချယ်မှာ မဟုတ်ဘူး”လို့ မင်ဂျီက ဆိုပါတယ်။
‘ဖြစ်နိုင်ရင် ကလေး ၁၀ ယောက်အထိတောင် မွေးချင်မိသေး’
ရီဂျင်ရဲ့ တိုက်ခန်းထဲက အခြေအနေလေးကို ပြန်ဆက်ရရင် နေ့လယ်စာစားပြီးတဲ့နောက် သူရဲ့ သူငယ်ချင်းတွေက သူရဲ့ စာအုပ်တွေနဲ့ တခြားပစ္စည်းတွေရဲ့ တန်ဖိုးတွေကို ပြောဆိုနေကြပါတယ်။
ကိုရီးယားမှာနေရတာ ပင်ပန်းနွမ်းနယ်လာတဲ့ ရီဂျင်ဟာ နယူးဇီလန်ကို ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မနက်ခင်းတစ်ခုမှာ နိုးလာချိန်မှာတော့ သူ့ကို ကိုရီးယားမှာ ဆက်နေဖို့ ဘယ်သူကမှ ဖိအားပေးနေတာမဟုတ်ဘူးဆိုတာ ရုတ်တရက် သိလိုက်ရပါတယ်။
သူဟာ ကျားမတန်းတူသတ်မှတ်တဲ့နေရာမှာ ဘယ်နိုင်ငံက ပိုပြီးတန်းတူသတ်မှတ်လဲဆိုတာကို ရှာဖွေလေ့လာခဲ့ပါတယ်။ လေ့လာမှုတွေအပြီးမှာတော့ နယူးဇီလန်နိုင်ငံဆိုတာ ရှင်းလင်းပြတ်သားစွာ ပေါ်ထွက်လာတာကို တွေ့ခဲ့ရပါတယ်။
“ဒီနိုင်ငံမှာ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ တန်းတူညီတဲ့ လုပ်ခလစာတွေရကြတယ်”လို့ သူကပြောပါတယ်။ ရီဂျင်က ဆက်ပြီး “ဒါဟာ လုံးဝမယုံကြည်နိုင်လောက်အောင် ကျေနပ်စရာကောင်းတာမို့ ကျွန်မကတော့သွားမှာပဲ” လို့ ပြောပါတယ်။
တစ်ခုခုကများ ရီဂျင်နဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို စိတ်များပြောင်းသွားနိုင်ဦးမလားဆိုတဲ့အခါမှာတော့ မင်ဆွန်းရဲ့ အဖြေကတော့ အံ့အားသင့်စရာ ဖြစ်ပါတယ်။
သူက “ကလေးယူချင်ပါတယ်။ ဖြစ်နိုင်ရင် ၁၀ ယောက်လောက်တောင်ယူချင်တာ။”
ဒါဆိုရင် ဘာတွေက အတားအဆီးဖြစ်စေတာဆိုတဲ့အခါမှာတော့ ... အသက် ၂၇ နှစ်အရွယ်ဟာ မင်ဆွန်းဟာ လိင်၂ မျိုးလုံးသဘောကျနှစ်သက်တဲ့သူဖြစ်ပြီ သူ့မှာ လိင်တူချစ်သူ လက်တွဲဖော်တစ်ယောက်ရှိတယ်ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။
လိင်တူချင်းလက်ထပ်တာဟာ တောင်ကိုရီးယားမှာ တရားမဝင်ပါဘူး။ ပြီးတော့ အိမ်ထောင်မရှိတဲ့အမျိုးသမီးတွေကိုလည်း တစ်ယောက်တည်းကလေးယူဖို့အတွက် ပုံမှန်အားဖြင့် သုက်ပိုးအလှူခံတာတွေ တားမြစ်ထားပါတယ်။
“တစ်နေ့တော့ ဒါတွေက ပြောင်းလဲလာမယ်လို့ မျှော်လင့်ပါတယ်၊ ချစ်ရတဲ့သူနဲ့လက်ထပ်ပြီး ကလေးတွေယူနိုင်မှာပေ့ါ” လို့ သူက ပြောပါတယ်။
ကိုရီးယားမှာ လူဦးရေပြဿနာတွေ ကြုံနေရပေမယ့် မိခင်ဖြစ်ချင်တဲ့သူတွေကို မိခင်ဖြစ်ခွင့်မပေးတဲ့ ဒီလို ကမောက်ကမ အခြေအနေတွေကို သူတို့က ထောက်ပြခဲ့ကြပါတယ်။
ဒါပေမဲ့လည်း နိုင်ငံရေးသမားတွေကတော့ ဒီပြဿနာရဲ့ နက်နဲမှုနဲ့ ရှုပ်ထွေးမှုတွေကို တဖြည်းဖြည်းလက်ခံလာပုံရပါတယ်။
ဒီလမှာပဲ တောင်ကိုရီးယားသမ္မတ ယွန် ဆွတ်ခ်ယိုးလ် ကတော့ ဒီပြဿနာကိုဖြေရှင်းဖို့ ကြိုးစားခဲ့တာတွေက အလုပ်မဖြစ်ခဲ့ဘူးဆိုတာနဲ့ တောင်ကိုရီးယားဟာ မလိုအပ်ဘဲ ပြိုင်ဆိုင်မှုပြင်းထန်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။
သူ့ရဲ့ အစိုးရအဖွဲ့ဟာ ကလေးမွေးဖွားနှုန်းကျဆင်းတာနဲ့ပတ်သက်လို့ “အခြေခံစနစ်ရဲ့ ပြဿနာ” အဖြစ်သဘောထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘယ်လို မူဝါဒနဲ့ ကိုင်တွယ်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီလ အစောပိုင်းမှာဆိုရင် ရီဂျင် နယူးဇီလန်မှာရောက်နေတာ သုံးလတောင်ရှိနေပါပြီ။
သူက အရက်ဆိုင်တစ်ဆိုင်ရဲ့ မီးဖိုချောင်မှာ အလုပ်လုပ်ရင်း သူရဲ့ ဘဝသစ်မှာ သူငယ်ချင်းအသစ်တွေနဲ့ အရမ်းပျော်နေပါတယ်။
“ကျွန်မရဲ့ အလုပ်နဲ့ဘဝကို ဟန်ချက်ညီအောင် အများကြီး လုပ်လာနိုင်ခဲ့ပြီ” လို့ သူမကပြောပါတယ်။
နားရက်မဟုတ်တဲ့နေ့တွေမှာလည်း သူငယ်ချင်းနဲ့တွေ့ဖို့ကိုလည်း လွယ်လွယ်ကူကူလေး ချိန်းဆိုနိုင်နေပါပြီ။
“ကျွန်မက အလုပ်မှာ ပိုလေးစားခံရပြီး လိုက်ဝေဖန် အပြစ်ပြောခံရတာတွေလည်း နည်းသလိုပဲ” လို့ ရီဂျင်က ထပ်ပြောပါတယ်။
“အဲဒါတွေကြောင့် ကျွန်မကတော့ ကိုရီးယားတောင်မပြန်ချင်တော့ပါဘူး။”