အမေရိကန် ပိတ်ပင်မှုက လွတ်လပ်စွာ ပြောဆိုခွင့်ကို နင်းခြေမယ်၊ တစ်တော့ သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်တော့ကို အမေရိကန်မှာ ပိတ်ရင် အမေရိကန် သန်း ၁၇ဝ ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်မယ်လို့ တစ်တော့က ပြောပါတယ်။
တစ်တော့နဲ့ တရုတ် ဆက်စပ်မှုကို မဖြတ်တောက်ရင် ပိတ်ပင်မယ်ဆိုပြီး အမေရိကန် အောက်လွှတ်တော်က စနေနေ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
ဒီဥပဒေဟာ ယူကရိန်းကို ပေးတဲ့အကူလိုပဲ အမေရိကန် နိုင်ငံခြားရေးမူရဲ့ တစိတ်တပိုင်းဖြစ်ပြီး အစောဆုံး နောက်အပတ်ထဲမှာ ဥပဒေ အဖြစ် ထွက်လာနိုင်ပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း လူငယ်တွေကြား တစ်တော့ ရေပန်းစားမှုအပေါ် အမေရိကန် အစိုးရက သတိပေးခဲ့ပါတယ်။
တစ်တော့ကို ပိုင်တဲ့ ဘိုက်ဒန့်စ် ကုမ္ပဏီဟာ တရုတ်အစိုးရ သြဇာခံလို့ အမေရိကန်က စွပ်စွဲပါတယ်။ ဒါကို တစ်တော့ဘက်က ထပ်ခါတလဲလဲ ပယ်ချခဲ့ပါတယ်။
တစ်တော့ဥပဒေနဲ့အတူ ယူကရိန်းကို ဒေါ်လာ ၆၁ သန်း ကူတဲ့ ဥပဒေ၊ အစ္စရေးနဲ့ ထိုင်ဝမ်ကို ထောက်ပံ့တဲ့ ဥပဒေတွေလည်း တပေါင်းတည်း ပြဋ္ဌာန်းခဲ့ကြပါတယ်။
အမေရိကန် အောက်လွှတ်တော်မှာ အမတ် ၃၆ဝ က ထောက်ခံပြီး ၅၈ ယောက် ကန့်ကွက်မဲနဲ့ တစ်တော့ အနာဂတ် ဆုံးဖြတ်တဲ့ ဥပဒေကို မဲခွဲခဲ့ကြပါတယ်။
ဒီဥပဒေကို အထက်လွှတ်တော်က နောက်အပတ်မှာ မဲခွဲဆုံးဖြတ်မယ်လို့ ယူဆရပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဥပဒေထွက်လာရင် လက်မှတ်ထိုးမယ်လို့ ပြောခဲ့ပါတယ်။
ဒီဥပဒေ အတည်ပြုလိုက်ရင် ဘိုက်ဒန့်စ်ရဲ့ ပိုင်ဆိုင်မှုတွေ ရောင်းဖို့ ကိုးလကနေ တနှစ်ထိ အချိန် ရမှာပါ။ ဒီလိုမှ မရောင်းရင်တော့ အပိတ်ခံရမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီဥပဒေဟာ အမေရိကန် သန်း ၁၇ဝ ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို နင်းခြေပစ်လိမ့်မယ်ဆိုပြီး တစ်တော့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ရှုတ်ချ ပြောဆိုပါတယ်။
နောက် စီးပွားရေးလုပ်ငန်း ခုနစ်သန်းကို ထိခိုက်စေပြီး အမေရိကန် စီးပွားရေးကို တနှစ်မှာ ဒေါ်လာ ၂၄ ဘီလျံ ဝင်စေတဲ့ မီဒီယာတခုကို ပိတ်ပစ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘိုက်ဒန့်စ်ဟာ တရုတ်နဲ့ ဘယ်အစိုးရရဲ့ အေးဂျင့်မှ မဟုတ်ဘူးလို့လည်း တစ်တော့က ဆိုပါတယ်။ တစ်တော့မှာ ကမ္ဘာအရပ်ရပ်က ရင်းနှီးမြှုပ်နှံမှုက ၆ဝ ရာခိုင်နှုန်း ရှိလို့ တရုတ် လုပ်ငန်း မဟုတ်ဘူးလို့လည်း ဘိုက်ဒန့်စ်က ထောက်ပြပါတယ်။
တစ်တော့ကို တရုတ်မဟုတ်သူတွေဆီ ရောင်းချဖို့အတွက် ဘိုက်ဒန့်စ်ကို ခြောက်လအချိန်ပေးဖို့ အမေရိကန် အောက်လွှတ်တော်က မတ်လက မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုမှ မရောင်းရင် အမေရိကန်မှာ တစ်တော့ကို ပိတ်ပင်ပစ်မှာပါ။
ဒီဥပဒေကို အထက်လွှတ်တော်က အတည်ပြုဖို့ ကျန်ပါသေးတယ်။
၂၀၁၂ က တရုတ် စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်တွေ စတင်ခဲ့တဲ့ ဘိုက်ဒန့်စ် ကုမ္ပဏီဟာ ဗီဒီယိုအတိုတွေ တင်တဲ့ ဒိုရင်း အပ္ပလီကေးရှင်းနဲ့ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။ နောက်တနှစ် အကြာမှာတော့ တစ်တော့ကို နိုင်ငံတကာ ပုံစံအနေနဲ့ စတင်ခဲ့ပါတယ်။
ဒီလူမှုကွန်ရက် အပ္ပလီကေးရှင်းကို တရုတ်မှာ ပိတ်ထားပေမယ့် ငါးနှစ်အတွင်း သုံးစွဲသူ တစ်ဘီလျံထိ ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုတော့ တစ်တော့ကို လော့ဆန်းဂျလိစ်နဲ့ စင်္ကာပူအခြေစိုက် ကုမ္ပဏီတခုကပဲ ဥပဒေကြောင်း တာဝန်ယူမှု အကန့်အသတ်နဲ့ လည်ပတ်ပြီး အခြေခံအားဖြင့် ဘိုက်ဒန့်စ်က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
တည်ထောင်သူတွေက ၂ဝ ရာခိုင်နှုန်းသာ ပိုင်ပေမယ့် ကုမ္ပဏီကို ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ၆ဝ ရာခိုင်နှုန်းလောက်ကို ဂျင်နရယ် အတ္တလန္တိတ်၊ ဆပ်စ်ကိုဟန်းနာနဲ့ ဆီကိုရာ ကပ္ပီတယ်လို အမေရိကန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတွေက ပိုင်တာပါ။
ကျန်တဲ့ ၂ဝ ရာခိုင်နှုန်းကို ကမ္ဘာတလွှားက တစ်တော့ ဝန်ထမ်းတွေက ပိုင်ဆိုင်ပါတယ်။ တစ်တော့ရဲ့ ဘုတ်အဖွဲ့ဝင် ငါးယောက်မှာ သုံးယောက်က အမေရိကန်တွေ ဖြစ်ပါတယ်။
ဒီနှစ်ပိုင်းအတွင်း တရုတ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ် ထိန်းချုပ်မှုတွေ တင်းကျပ်လာတဲ့အတွက် အမေရိကန်ကို ပူပန်လာစေပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ဘိုက်ဒန့်စ်အပေါ် ထိန်းချုပ်မှုနဲ့ ဘိုက်ဒန့်စ်ကိုင်ထားတဲ့ သတင်းအချက်အလက်တွေအတွက် စိတ်ပူတာပါ။
တရုတ်က အမေရိကန်ရဲ့ ပူပန်မှုတွေကို အကြောက်လွန်တာ ဆိုပြီး ပယ်ချခဲ့ပါတယ်။ အခု တစ်တော့ ဥပဒေကြောင့် အမေရိကန်ပဲ မလွဲမသွေ ထိခိုက်မယ်လို့လည်း သတိပေးပါတယ်။
၂၀၂၂ က စပြီး အမေရိကန် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို လုံခြုံရေး အရဆိုပြီး တက္ကဆက် အခြေစိုက် သြရကယ် နည်းပညာ ကုမ္ပဏီကြီးမှာ တစ်တော့က ထားရှိပါတယ်။
အမေရိကန်က သတင်းအချက်တွေကို အမေရိကန်မှာ ရှိတဲ့ သြရကယ်ရဲ့ ဆာဗာတွေမှာပဲ သိမ်းထားပြီး အပြင်မထုတ်ဘူးလို့ တစ်တော့က ပြောကြားပါတယ်။
ဒီဥပဒေကို ပူးတွဲရေးတဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် ရာဂျာ ခရစ္စနားမူရသီးကတော့ တစ်တော့ကို ဆက်ရှိစေချင်ကြောင်း စနေနေ့ မဲ မခွဲခင်မှာ ဘီဘီစီ ကမ္ဘာ့စီးပွားရေး သတင်း အစီအစဉ်ကို ပြောပါတယ်။
တစ်တော့မှာ ကောင်းတာတွေ အများကြီးရှိတယ် ထင်ပါတယ်။ အရေးကြီးဆုံးက ဘယ်ပြိုင်ဘက်နိုင်ငံရဲ့ ထိန်းချုပ်မှု အောက်မှာမှ တစ်တော့ ရှိမနေရဘူးဆိုပြီး မစ္စတာ ခရစ္စနားမူရသီးက ပြောပါတယ်။








