အစ္စရေးဆီ ဦးတည်နေတယ်လို့ ယူဆရတဲ့ ယီမင်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို 'ကန်' စစ်သင်္ဘော ဟန့်တား

အမေရိကန် ရေတပ်သင်္ဘောက ယီမင်ထဲက အီရန်ထောက်ပံ့ပေးထားတဲ့ ဟူသီလှုပ်ရှားမှု အဖွဲ့က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူက အဲဒီ ဒုံးကျည်တွေဟာ အစ္စရေးဘက်ကို ပစ်မှတ်ထား ပစ်လွှတ်လိုက်တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး မကြာသေးခင် ရက်ပိုင်းတွေအတွင်းမှာလည်း အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေ တိုက်ခိုက်ခံရမှု အကြိမ်အနည်းငယ် ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

အစ္စရေးက ဂါဇာထဲက ဟားမတ်စ် ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သလို ဝါရှင်တန်ကလည်း အီရန်ထောက်ပံ့ပေးနေတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ဗိုလ်မှူးချုပ် ပက်ထရစ် ရိုင်ဒါက ယီမင်ထဲက ပစ်လွှတ်လိုက်တဲ့ ခရုဇ် ဒုံးကျည် ၃ စင်းနဲ့ ဒရုန်းတချို့ကို ပစ်ချခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ ဖြစ်စဉ်တွေအတွင်း ထိခိုက်ဒဏ်ရာရရှိမှု မရှိသလို စစ်သင်္ဘောကိုလည်း ပစ်မှတ်ထားခဲ့ဟန် မတူကြောင်း ပြောပါတယ်။ ဒီဒုံးကျည်တွေနဲ့ ဒရုန်းတွေက ဘာကိုပစ်မှတ်ထားပြီး ပစ်လွှတ်လိုက်တာလဲ ဆိုတာ တိတိကျကျ မပြောနိုင်ပေမဲ့ ယီမင်ထဲက ပစ်လွှတ်လိုက်တာ ဖြစ်ကြောင်း၊ ပင်လယ်နီကနေ မြောက်ဘက်ကိုဦးတည် ပျံသန်းလာကြတာ ဖြစ်တဲ့အတွက် အစ္စရေးဘက်ကို ပစ်မှတ်ထား ပစ်လွှတ်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ရိုင်ဒါက ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စိစစ်နေဆဲ ဖြစ်သလို တိုက်ခိုက်မှုတွေလည်း ဆက်ရှိနေသေးနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ မဟာမိတ်တွေ အတွက် ခြိမ်းခြောက်လာနိုင်တဲ့ ဘယ်လို အန္တရာယ်မျိုးကို မဆို ကာကွယ်ပေးတဲ့ သဘောနဲ့ အခုလို တုံ့ပြန် ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သူက ပြောပါတယ်။

အီရတ်ထဲမှာလည်း အမေရိကန်နဲ့ တခြား နိုင်ငံတကာ တပ်ဖွဲ့တွေရှိနေတဲ့ စခန်းတချို့ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာမျိုးတွေ ရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု တခုအတွင်း တပ်ဖွဲ့ဝင်တချို့မှာ ဒဏ်ရာရရှိခဲ့တာမျိုးလည်း ရှိကြောင်း ပြောပါတယ်။

အီရတ်က စစ်သွေးကြွ အဖွဲ့တွေက ဂါဇာက ဟားမတ်စ်ကို အစ္စရေး တိုက်ခိုက်မှုတွေမှာ အမေရိကန်ထောက်ပံ့ပေးနေတာနဲ့ ပတ်သက်လို့ ဆန့်ကျင်ကြောင်း သတိပေးထားကြပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ဆီးရီးယားထဲက အမေရိကန် တပ်ဖွဲ့တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ဒဏ်ရာ ရရှိမှု အနည်းငယ်ရှိခဲ့ပါတယ်။ ကျန်ဒရုန်း တစင်းကိုတော့ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ဘယ်လို တုံ့ပြန်နိုင်သလဲ ဆိုတာနဲ့ ပတ်သက်လို့ ပြောဖို့ မရှိပေမဲ့ အမေရိကန်နဲ့ ညွှန့်ပေါင်းတပ်တွေကို ခြိမ်းခြောက် တိုက်ခိုက်လာမှု မှန်သမျှကို လိုအပ်သလို ကာကွယ်သွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ရိုင်ဒါက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသကို လေယာဉ်တင် သင်္ဘော ၂ စင်း၊ ကမ်းတက်တပ်ဖွဲ့ဝင်ပေါင်း ၂၀၀၀ လောက်နဲ့ ထောက်ပို့ သင်္ဘောတွေ ပါတဲ့ ရေတပ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အမေရိကန် သမ္မတအိမ်ဖြူတော်ကတော့ ဒီစစ်အင်အားတွေကို သုံးဖို့ ရည်ရွယ် စီစဉ်ထားတာမျိုး မရှိကြောင်း ပြောထားပါတယ်။

တစ်ဖက်မှာတော့ အမေရိကန် အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်ပြီးခြိမ်းခြောက်မှုတွေ ရှိလာရင် လိုအပ်သလို ကာကွယ်နိုင်ဖို့ အမေရိကန် စစ်တပ်ကို အသင့် နေရာယူခိုင်းထားတဲ့ သဘော ဖြစ်ပါတယ်။

ဟူသီသူပုန် ဆိုတာ

ယီမင်က ဟူသီ သူပုန်တွေကို အီရန်က ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ဟူသီတွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ က စပြီး ဆော်ဒီက ထောက်ပံ့ပေးထားတဲ့ ယီမင် အစိုးရနဲ့ ပြည်တွင်းစစ်ဖြစ်နေတာပါ။

ပင်တဂွန်က ဗိုလ်မှူးချုပ် ရိုင်ဒါက ယီမင်၊ အီရတ်နဲ့ ဆီးရီးယားက တိုက်ခိုက်မှုတွေကို စစ်ဆေးလေ့လာနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီထက်ပိုပြီး ဒေသတွင်း စစ်ပွဲမျိုး ဖြစ်လာမယ့် အလားအလာ မျိုးရှိနိုင်သလား ဆိုတာ ဦးစားပေး လေ့လာနေကြောင်း သူက ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အထောက်အထားမျိုးတော့ မတွေ့ရသေးကြောင်း ပြောပါတယ်။