ကနေဒါမှာ အိန္ဒိယပြည်ဝင်ခွင့် ထုတ်ပေးမှု ဆိုင်းငံ့ -စက်တင်ဘာလ ၂၁ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

အိန္ဒိယနဲ့ ကနေဒါ နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေ ပိုတိုးလာနေချိန်မှာပဲ အိန္ဒိယအစိုးရ က ကနေဒါနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတဲ့ ဝန်ဆောင်မှုကို ရပ်ဆိုင်းလိုက်ပြီး အိန္ဒိယမှာရှိတဲ့ ကနေဒါ သံတမန် အရေအတွက်ကို လျှော့ချဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီလိုရပ်ဆိုင်းလိုက်ရတာဟာ ကနေဒါနိုင်ငံက လုံခြုံရေးအခြေအနေကြောင့် ဖြစ်တယ်လို့ အိန္ဒိယအစိုးရက အပြစ်ပုံချခဲ့ပြီး ခြိမ်းခြောက်မှုအန္တရာယ်တွေကို ကနေဒါအစိုးရက အလေးအနက် စဉ်းစားဆောင်ရွက်ပေးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ကနေဒါအစိုးရကလည်း အိန္ဒိယမှာရှိတဲ့ ကနေဒါ သံရုံးအမှုထမ်းတွေအပေါ် ဆိုရှယ်မီဒီယာတွေပေါ်ကနေ ခြိမ်းခြောက်တာတွေ ရှိနေပြီး တင်းမာမှုတွေ တိုးလာနေတာကြောင့် အဲဒီမှာ ကနေဒါသံအမှုထမ်းတွေ ထားရှိမှုကို ပြန်လည် သုံးသပ်နေတယ်လို့ အစောပိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လက ဗန်ကူးဗားမြို့နားမှာ အခွင့်အရေးလှုပ်ရှားသူ ကနေဒါနိုင်ငံသား ဆစ်ခ်ဘာသာဝင်တစ်ဦး ပစ်သတ်ခံခဲ့ရမှုမှာ အိန္ဒိယ ထောက်လှမ်းရေးသမားတွေ ပါဝင်ပတ်သက်ဖွယ်ရှိတယ်ဆိုပြီး ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒို က တနင်္လာနေ့က ပြောခဲ့ပြီးကတည်းက နှစ်နိုင်ငံ ဆက်ဆံရေး ပိုဆိုးရွားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီစွပ်စွဲပြောဆိုချက်ဟာ အခြေအမြစ်မရှိတဲ့ စော်ကားပြောဆိုမှုဖြစ်ပြီး နိုင်ငံရေးနဲ့ဆက်နွှယ်နေတယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။

အဇာဘိုင်ဂျန်အစိုးရနဲ့ အာမေးနီးယား ခွဲထွက်ရေး အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေး

အဇာဘိုင်ဂျန် စစ်တပ်ရဲ့ တစ်ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရအပြီး လက်နက်စွန့်ခဲ့တဲ့ နာဂေါ်နို ကရာဘက်ခ် ဒေသ အာမေးနီးယား ခွဲထွက်ရေးအဖွဲ့ဝင်တွေနဲ့ အဇာဘိုင်ဂျန် အစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အပစ်ရပ်ရေး သဘောတူထားပြီး ဖြစ်ပေမဲ့ လက်နက်လွှဲအပ်ရေးလို အရေးပါတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့တော့ ညှိနှိုင်းဖြေရှင်းဖို့ လိုနေသေးတယ်လို့ အာမေးနီးယန်း စေ့စပ်ညှိနှိုင်းရေးမှူးတစ်ဦးက ပြောပါတယ်။

နာဂေါ်နို ကရာဘက်ခ်ဒေသရဲ့ အဓိက မြို့ကြီးဖြစ်တဲ့ စတက်ပါနာကာ့တ်မြို့မှာ ပစ်ခတ်သံတွေ ကြားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ အဇာဘိုင်ဂျန်အစိုးရက အပစ်ရပ်သဘောတူချက်ကို သူတို့ ချိုးဖောက်တာ မျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ် အာလီယက်ဗ်က ဗုဒ္ဓဟူးနေ့က သူတို့ရဲ့ ထိုးစစ်ဆင်မှုတွေအတွင်း ရုရှား ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ရမှုအတွက် ရုရှားသမ္မတ ပူတင်ကို တောင်းပန်စကားပြောခဲ့ပါတယ်။

အရင်သဘောတူထားတဲ့ လက်နက်တွေကို ယူကရိန်းထံ ဆက်ပို့ပေးနေဆဲလို့ ပိုလန်ပြော

ပိုလန်အစိုးရက ယူကရိန်းထံ ပို့ဆောင်ပေးဖို့ အရင်က သဘောတူထားပြီးတဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို ဆက်ပို့ဆောင်ပေးနေဆဲ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ပိုလန်အနေနဲ့ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို လက်နက်တွေ ထောက်ပံ့ပေးတော့မှာ မဟုတ်ကြောင်းနဲ့ ပိုလန်အစိုးရဟာ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ကိုပဲ အာရုံစိုက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပိုလန် ဝန်ကြီးချုပ် မက်တီယုဇ် မိုရာဝီယက်ကီ က ပြောကြားခဲ့အပြီး တစ်ရက်အကြာမှာ ဒီကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

ပိုလန်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကြောင့် ပိုလန်နဲ့ ယူကရိန်း နှစ်နိုင်ငံအကြား အဆင်မပြေ ဖြစ်နေတဲ့ ဆက်ဆံရေးကို နောက်ထပ် ပိုဆိုးသွားစေခဲ့ပါတယ်။

ဆလိုဗက်ကီးယား၊ ဟန်ဂေရီ စတဲ့ နိုင်ငံတွေနဲ့ အတူ ပိုလန်နိုင်ငံဟာလည်း ယူကရိန်းနိုင်ငံကနေ ဂျုံပြောင်း တင်ပို့တာကို တားမြစ်ထားပါတယ်။

အဲဒီအတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ကမ္ဘာ့နိုင်ငံတချို့ ဟာ ရုရှားကို ဆန့်ကျင်တဲ့ စစ်ပွဲအပေါ် ထောက်ခံအားပေးချင် ယောင်ဆောင်နေ ကြတယ်လို့ မကျေမနပ် ထုတ်ဖော်ပြောခဲ့ပါတယ်။

စစ်ဘက်စာပို့လုပ်ငန်းကတဆင့် မူးယစ်ဆေးတွေ တင်သွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ အမေရိကန် စစ်သား ၁၇ ဦးကို စစ်ဆေးခံနေရ

တောင်ကိုရီးယားနိုင်ငံမှာ မူးယစ်ဆေးတွေကို စစ်ဘက် စာပို့လုပ်ငန်းကတစ်ဆင့် မှောင်ခို သွင်းယူခဲ့တယ်လို့ စွပ်စွဲခံထားရသူ အမေရိကန် စစ်သား ၁၇ ဦးကို တောင်ကိုရီးယားရဲတွေက စစ်ဆေးမေးမြန်းနေပါတယ်။

အဲဒီသွင်းလာတဲ့ ဆေးခြောက်တွေကို တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန် စစ်စခန်းတစ်ခုမှာ စစ်သားတွေက ဖြန့်ဖြူးခဲ့ကြတယ်လို့ စွပ်စွဲထားတာပါ။

အဲဒီစစ်သားတွေထဲက တစ်စုံတစ်ယောက်မှ အထိန်းသိမ်းမခံရသေးပါဘူး။

သူတို့ကို တရားစွဲဆို အရေးယူ မယူဆိုတာကို တောင်ကိုရီးယား အစိုးရအရာရှိတွေက စဉ်းစားနေပါတယ်။

အမေရိကန်အစိုးရဟာ စစ်သား ၃ သောင်းနီးပါးလောက် တောင်ကိုရီးယားမှာ စေလွှတ် စခန်းချထားပါတယ်။

အမေရိကန်စစ်သားတွေအနေနဲ့ သူတို့စခန်းချနေတဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ စည်းမျဉ်းဥပဒေတွေကို လေးစား လိုက်နာသင့်တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။