စစ်ကောင်စီလုပ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် လက်ခံရေး အစီအစဥ်ကို ဟန့်တားပေးဖို့ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုနေ

ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်လည် လွှဲပြောင်းရေး ဖြစ်မြောက်လာဖို့ ဆိုပြီး မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဒုက္ခသည် တချို့နဲ့တွေ့ဖို့ရာ ဘင်္ဂလားဒေ့ရှ်ထဲ သွားရောက်ကြတာကို သူတို့ သိရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီအဖွဲ့ UNHCR က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အဲဒီ ခရီးစဥ်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူမှုနဲ့ လုပ်ဆောင်နေတဲ့ ဒုက္ခသည် လွှဲပြောင်းရေး စမ်းသပ် အစီအစဥ်တစ်ခု ဖြစ်ပြီး၊ အဲဒီ ဆွေးနွေးမှုတွေထဲ UNHCR မပါဝင်ဘူးလို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

မြန်မာနိုင်ငံဘက် ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးနဲ့ ပတ်သက်တဲ့ UNHCR ရဲ့ ရပ်တည်မှူဟာ အပြောင်းအလဲ မရှိ အရင်ကအတိုင်းပဲ လို့လည်း ဆိုထားပါတယ်။

အဲဒီ ရပ်တည်မှုကတော့ UNHCR ရဲ့ ဆန်းစစ်ထားချက်တွေအရ မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ်ထဲက လက်ရှိ အခြေအနေတွေဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် ရေရှည်သဘော တည်တံ့နိုင်မယ့် နေရပ်ရင်း ပြန်ဝင်လာမှုမျိုး ဖြစ်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ သဘောထားအတိုင်း ဆက်လက် ရပ်တည်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို ကိုယ်စားပြုတဲ့ မြန်မာ အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားတဲ့ ခရီးစဥ်မှာ မြန်မာနိုင်ငံထဲက ကုလသမဂ္ဂ ရုံးအဖွဲ့ ပါဝင် ပတ်သက်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုသံတွေ ထွက်လာပြီးတဲ့နောက် UNHCR ရဲ့ ထုတ်ပြန်ချက် အခုလို ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီကို ကိုယ်စားပြုတဲ့ မြန်မာ အဖွဲ့ နဲ့ ကိုယ်တိုင် တွေ့ဆုံ ခဲ့ရသူ တစ်ဦးဖြစ်တဲ့ အသက် ၂၈ နှစ် အရွယ် ရိုဟင်ဂျာ ဒုက္ခသည် ဆယာ့ဒ်ဟိုစိန်က အဲဒီ အဖွဲ့က သူတွေဟာ သူ့ရဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့ လက်ဗွေရာကို ယူသွားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ကို ပြန်လည် လက်ခံဖို့ မြန်မာပြည်က တာဝန်ရှိသူတွေ ရောက်လာကြပါတယ်။ ကျွန်တော်တို့ ဘယ်လို နေရထိုင်ရလဲ ဆိုတာတွေ မေးပါတယ်။ ဒီကို ဘယ်လို ရောက်လာသလဲ ဆိုတာလည်း မေးကြပါတယ်”

“ပြီးတော့ ကိုယ်ရေးအချက်အလက် အသေးစိတ်တွေ တောင်းပါတယ်။ နာမည် နေရပ်လိပ်စာနဲ့ အဖ အမည် စတာတွေနဲ့ ... နေရပ်ရင်းက ဘာလဲ ... ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေက ဘယ်သူတွေလဲ ... အိမ်နီးနားချင်းတွေက ဘယ်သူတွေလဲ စတဲ့ အချက်အလက်တွေကို တောင်းပြီး လက်ဗွေရာတွေကိုလည်း နှိပ်ပြီး ယူသွားပါတယ်” လို့ ဆယာ့ဒ်ဟိုစိန်က ပြန်ပြောင်းပြောပါတယ်။

အဲဒီလို ဒုက္ခသည်တွေကို လာတွေ့တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ကုလသမဂ္ဂ ရေယာဥ်တွေက သယ်လာပေးတာ ဖြစ်တဲ့အတွက် အခုအစီအစဥ်ထဲမှာ UNHCR က သူတို့ ပါဝင် ပတ်သက်မှု မရှိဘူးဆိုတာ အတော်လေး မေးခွန်းထုတ်ဖွယ်ရာ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ တာဝန်ယူမှု ရှိစေရေး မြန်မာပရောဂျက် MAP အဖွဲ့ ဒါရိုက်တာ ခရစ္စဂန်းနက်စ်က ဘီဘီစီကို ပြောပါတယ်။

“ကုလသမဂ္ဂ အမှတ်အသားတွေကို ဖယ်ရှားထားတဲ့ ရေယာဥ်တွေပေါ်မှာ စစ်ကောင်စီ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ အတက်ခံတယ်၊ တာပေါ်လင် မိုးကာစ အောက်မှာ လက်နက်တွေကို ဝှက်ပြီး သယ်လာတယ်၊ ပြီးတော့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုလှုံနေရာ ကော့ဆက်ဘဇားနယ်ထဲ ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကြားမှာ ညာလက်က လုပ်တာကို ဘယ်လက်က မသိလိုက်ဘူး ဆိုတာမျိုး ဘယ်လောက်တောင် ပေါ်ပေါက်နေသလဲ ဆိုတာကို ထင်ဟပ်နေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလ ဌာနေ အကြီးအကဲရဲ့ ရုံးတွင်း အီးမေးလ် တစ်စောင် ပေါက်ကြားပါတယ်။ အဲဒီ အီးမေးလ်ထဲမှာ သူ မသိလိုက်ပဲ အခုလို ကုလရဲ့ ရေယာဥ်တွေကို သုံးပြီး စစ်ကောင်စီ ကိုယ်စားလှယ် အဖွဲ့ မြစ်ကိုကူးလို့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်သွားတာကို ကုလ ဌာနေ အကြီးအကဲ ရာမန်နာသန် ဘာလာခရစ်သျှနန် အတော်လေး ပေါက်ကွဲနေပါတယ်။

အဲဒီရုံးတွင်းစာထဲမှာ စစ်ကောင်စီဘက်က အခိုင်အမာ တောင်းဆိုချက်အရ ဘင်္ဂလားဒေ့ရှ်ဘက် စစ်ကောင်စီ တာဝန်ရှိသူတွေ သွားရောက်နိုင်အောင် ကုလအဖွဲ့ဘက်က လမ်းကြောင်း ဖန်တီးပေးခဲ့ရတာ ဆိုတဲ့ အချက်လည်း အတိအကျ ပါဝင်ပါတယ်။

ကုလသမဂ္ဂရဲ့ အကူအညီ မပါပဲနဲ့တော့ စစ်ကောင်စီ ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ တစ်ဘက်ကမ်းကို ကူးဖို့ လမ်းကြောင်းကအစ၊ ကော့ဆက်ဘဇားကျရင် ဘယ်စခန်းကို သွားပြီး ဘယ်သူတွေနဲ့ တွေ့မလဲ ဆိုတာမျိုး ဘယ်လိုမှ ခွဲခြား သတ်မှတ် လုပ်ဆောင် နိုင်မှာ မဟုတ်ပါဘူး။

ဒုက္ခသည်တွေ ပြန်ရင် အန္တရာယ်ရှိတယ်လို့ UNHCR က ဆန်းစစ် ထားတဲ့ ကြားကပဲ၊ အခုလို ပါဝင် ပတ်သက်တာဟာ ရှေ့နောက်မညီတဲ့ မူဝါဒ၊ မျက်နှာနှစ်မျိုး မူဝါဒလို့ ပြောရမှာ ဖြစ်သလို၊ စစ်ကောင်စီရဲ့ ဝါဒဖြန့် လုပ်ဆောက်ချက်ထဲ ပါဝင် အသုံးတော်ခံတာလို့လည်း ပြောနိုင်ပါတယ်။

အခုလို အချိန်မျိုးမှာ ရိုဟင်ဂျာ ဒုက္ခသည် တချို့ ကို ပြန်ခေါ်ဖို့ စစ်ကောင်စီက လုပ်တာဟာ သူတို့ ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ လက်ခံလာအောင် ရည်ရွယ်ချက်နဲ့ ဝါဒဖြန့် စတန့်ထွင်တဲ့ လုပ်ဆောင်ချက်မျိုး အဖြစ် ကျွန်တော်ကတော့ ရှုမြင်ထားပါတယ်” ဆိုပြီး ဘီဘီစီကို MAP အဖွဲ့ ဒါရိုက်တာ ခရစ္စဂန်းနက်စ်က ပြောပါတယ်။

UNHCR ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ထဲမှာတော့ ဒုက္ခသည်တွေထံမှာ ကိုယ့်နေရပ်ရင်းကို ကိုယ်ပြန်လည် ဝင်ရောက်ခွင့် အပြည့်အဝ ရှိသလို၊ တချိန်တည်းမှာပဲ ဇွတ်အတင်းအကျပ် ပြန်ပို့ခံရတာမျိုး မဟုတ်ပဲ အခြေအနေတွေကို အသေးစိတ် နားလည်သဘောပေါက်ပြီးမှ ကိုယ်တိုင် ဆုံးဖြတ် ရွေးချယ်ပိုင်ခွင့်လည်း ရှိရမှာ ဖြစ်ကြောင်း ထပ်လောင်း ပြောလိုတယ်ဆိုပြီး ရေးထားပါတယ်။

မြန်မာဘက်က သူတွေနဲ့ တွေ့ဆုံပြီး ကိုယ်ရေး အချက်အလက် မှတ်တမ်းတွေ စစ်ဆေး အတည်ပြု ခံထားရသူတွေထဲက အများအပြားဟာ အခု လက်ငင်း အခြေအနေမှာတော့ နေရပ်ရင်း ပြန်လိုစိတ် မရှိကြဘူးလို့ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဘီဘီစီ ဘန်ဂါလာ ဘာသာစကား ဌာနက သတင်းထောက်က ဆိုပါတယ်။

စစ်တပ်ဟာ ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်တာမျိုး မလုပ်တော့ဘူး၊ အန္တရာယ်ကင်းင်း လုံလုံခြုံခြုံ နဲ့ နေနိုင်ပြီလို့ မြန်မာနိုင်ငံထဲ ရှိနေကြတဲ့ ရိုဟင်ဂျာတွေက ပြောမယ်ဆိုရင်တော့ ... ကိုယ့်သဘောနဲ့ကိုယ် ခုချက်ခြင်း ပြန်ကြမှာ ဖြစ်တယ်လို့ ဒုက္ခသည်တချို့က ဘီဘီစီကို ပြောကြပါတယ်၊

အခု စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကြား လုပ်ဆောင်နေတဲ့ စမ်းသပ် အစီအစဥ်ဆိုတာဟာ တရုတ် အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကနေ ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

စစ်ကောင်စီ ကိုယ်စားလှယ် အဖွဲ့ ကော့ဆက်ဘဇား ဘက် ဝင်သွားမှုမှာ UNHCR ဒုက္ခသည်ဆိုင်ရာ အေဂျင်စီအဖွဲ့ နဲ့ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ်တို့လို ကုလသမဂ္ဂ အဖွဲ့တွေ ပါဝင် ပတ်သက်ခဲ့တဲ့ အပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် ပေးပြီး၊ အဲဒီ စမ်းသပ်အစီအစဥ် ဆိုတာ အထမြောက်မလာအောင် ကြားဝင် ပေးပါဆိုပြီး မြန်မာ့အရေး လှုပ်ရှားကြတဲ့ အဖွဲ့အစည်း ၂၀၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုးပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် အန်ထော်နီယို ဂူတာရက်စ်ထံ တောင်းဆိုထားကြပါတယ်။