ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပုံမှန်အခြေအနေဆိုရင် ကုဖို့လွယ်တဲ့ ရောဂါတွေနဲ့ ဂါဇာကလေးငယ်တွေ သေဆုံးနေကြရ
ဂါဇာမှာ သောက်သုံးရေနဲ့ လောင်စာဆီ ပြတ်လပ်နေတာကြောင့် ကလေးသူငယ်တွေ သေဆုံးနေရတာဟာ အင်မတန် ဝမ်းနည်း ကြေကွဲဖို့ကောင်းပြီး၊ စစ်သာ ဖြစ်မနေဘူး ဆိုရင် သေဆုံးရမှာ မဟုတ်တဲ့ …. ရှောင်လွှဲလို့ ရနိုင်တဲ့ ရောဂါမျိုးတွေနဲ့ ကလေးသူငယ်တွေရဲ့ အသက်တွေ ဆုံးရှုံး နေကြရတာမျိုး ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်များ ဆိုင်ရာ အေဂျင်စီ အဖွဲ့ ယူနီဆက်ဖ် UNICEF က ပြောပါတယ်။
ဂါဇာထဲ စစ်ပွဲပေါ်ပေါက်လာပြီးတဲ့နောက် ဝမ်းရောဂါကြောင့် သေဆုံးရတဲ့ ကလေးသူငယ် အရေအတွက်ဟာ အရင် တစ်လပျမ်းမျှ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် ၁၀ ဆ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
တခါ၊ ဝဲ အနာတွေလိုမျိုး အရေပြားရောဂါတွေ၊ chicken pox လို့ ခေါ်တဲ့ ရေကျောက် ပေါက်တာတွေ၊ အသက်ရှူလမ်းကြောင်း ရောဂါတွေလည်း ကလေးသူငယ်တွေကြား အင်မတန် အဖြစ်များလာတယ်လို့ UNICEF က ပြောပါတယ်။
အခုဆိုရင် ဂါဇာမြောက်ပိုင်းမှာ ဆေးကုသမှု၊ ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနိုင်တဲ့ ဆေးရုံရယ်လို့ တစ်ရုံမှ မရှိတော့ဘူးဆိုပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကလည်း သတိပေးပါတယ်။ ဆေးရုံ မရှိတော့ဘူးဆိုတာ အရပ်သားတွေ အတွက် နောက်ဆုံး အကာအကွယ် ကင်းမဲ့သွားရတဲ့ အဓိပ္ပာယ်ပဲ ဆိုပြီးတော့လည်း WHO အဖွဲ့က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသရဲ့ တောင်ပိုင်းမှာ ရှိနေတဲ့ ပါလင်စတိုင်း ဒုက္ခသည်များ အရေး ဆိုင်ရာ ကုလ အေဂျင်စီ အဖွဲ့ အန္နဝါ UNRWA ရဲ့ ပြောရေး ဆိုခွင့်ရှိသူ အာ့ဒ်နန် အဘူ ဟာ့စ်နာက အခြေအနေဟာ အင်မတန် ခက်ခဲ ဆိုးရွားပြီး၊ ဘယ်ကစ ကိုင်တွယ်ရမယ်မှန်း မသိအောင်ကို ဖြစ်နေတယ်လို့ ဆိုပါတယ်။
“အိုးအိမ်မဲ့ ဖြစ်သွားကြတဲ့ နောက်ထပ် သိန်းသောင်းချီတဲ့ လူတွေ ဂါဇာတောင်ပိုင်းက ယာယီ ခိုလှုံရာနေရာတွေဆီ ရောက်လာနေဆဲ ဖြဟ်ပါတယ်။ ကောက်ယူထားနိုင်တဲ့ စာရင်းတွေအရ ယာယီစခန်းပေါင်း ၁၅၆ ခုမှာ ခိုလှုံနေကြရတဲ့ အရေအတွက်ဟာ ၉ သိန်းခွဲ ရှိသွားပါပြီ”လို့ အာ့ဒ်နန် အဘူ ဟာ့စ်နာက ဆိုပါတယ်။
အပစ်ရပ်သဘောတူမှု ထွက်လာဖို့ လက်တကမ်းအလိုလို့ နှစ်ဘက်ပြောနေ
ဒီ အချိန်မှာပဲ ဟားမတ်စ်နဲ့ တခြားအုပ်စုတွေ လက်ထဲက ဓားစာခံတချို့ ပြန်လွတ်လာရေး အတွက် ညှိနှိုင်းနေတာမှာ တိုးတက်မှု ရလာတယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက ပြောပါတယ်။
ညှိနှိုင်းမှုတွေမှာ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ကာတာနိုင်ငံကလည်း ရလဒ်ကောင်းတွေ ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။ ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ မာဂျက်ဒ် အယ်လ်- အန်စာရီရဲ့ အဆိုအရ သဘောတူမှုတစ်ရပ် ရလာဖို့ လက်တကမ်း အလို ရောက်နေပြီလို့ ဆိုပါတယ်။
အစောပိုင်းတုန်းကလည်း ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာဟ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ အစ္စရေးနဲ့ကြား အပစ်ရပ် သဘောတူမှု ရလာဖို့ နီးကပ်နေပြီလို့ ဆိုထားပါတယ်။
သဘောတူမှု လို့ ဆိုရာမှာ ဟားမတ်စ်ဘက်က ဖမ်းထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရင်၊ အစ္စရေးဘက်ကလည်း ကာလအပိုင်းအခြားနဲ့ အပစ်ရပ်ပေးပြီး ပါလက်စတိုင်း အကျဉ်းသားတချို့ကိုလည်း ပြန်လွှတ်ပေးမယ် ဆိုတဲ့ သဘောတူမှုလို့ နားလည်ရပါတယ်။
BRICS ထိပ်သီးဆွေးနွေးပွဲမှာလည်း ဂါဇာအရေး လွှမ်းမိုး
ဘရစ်(စ) BRICS လို့ အတိုကောက် ခေါ်ကြတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတို့ ပူးပေါင်းထားတဲ့ အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းကနေ တဆင့် ပြုလုပ်နေတာမှာ၊ ဂါဇာအရေးနဲ့ ပတ်သက်ပြီး ပြောဆိုကြတာကို တွေ့ရပါတယ်။
သဘာပတိ အဖြစ် တာဝန်ယူထားတဲ့ တောင်အာဖရိက သမ္မတ ဆီလ်ရေး ရာမာဖိုးဆား Cyril Ramaphosa က အစ္စရေးဟာ ဂါဇာမှာ လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် ကျုးလွန်နေတယ် ဆိုပြီး စွပ်စွဲပြောဆိုပါတယ်။ ဘယ်သူဘယ်ဝါ မခွဲခြားပဲ ပါလက်စတိုင်း အရပ်သားတွေ အပေါ်မှာပါ အပြစ်ပေး အရေးယူတဲ့ ပုံစံ ပြုမူတယ် အပေါ် ရှုတ်ချတယ်လို့လည်း တောင်အာဖရိက သမ္မတက ဆိုပါတယ်။
ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကတော့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံတကာဘက်က ကြိုးစားနေတာတွေ ဖြစ်မြောက် မလာအောင် အမေရိကန်က ပိတ်ဆို့ ဟန့်တားနေခဲ့တယ် ဆိုပြီး ပြောဆိုပါတယ်။
အခု နောက်ဆုံး ပေါ်ပေါက်လာတဲ့ အစ္စရေး-ဟားမတ်စ် ပဋိပက္ခဟာ ဆိုရင်လည်း အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် လုပ်ငန်းစဉ်တွေမှာ အမေရိကန်က လက်ဝါးကြီးအုပ် ချယ်လှယ်လိုတဲ့ သဘောထားဆန္ဒရဲ့ တိုက်ရိုက် အကျိုးဆက် ဖြစ်တယ်လို့လည်း သမ္မတပူတင်က ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ နှစ်ပြည်ထောင် တည်ဆောက်ရေး ဆုံးဖြတ်ချက်ကို အမေရိကန်က ဖျက်စီးပစ်ခဲ့တာလို့ မစ္စတာပူတင်က ပြောပါတယ်။
“ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်တဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် အစ္စရေးနိုင်ငံနဲ့ ပါလက်စတိုင်းနိုင်ငံ ဆိုပြီး နှစ်ပြည်ထောင် တူထောင်ရေး ကုလ ဆုံးဖြတ်ချက်တွေ ဖျက်စီးခံခဲ့ရပါတယ်။ ပါလက်စတိုင်းမျိုးဆက် တစ်ခုလုံးဟာ တရားမျှတခြင်းကင်းမဲ့တဲ့ ဝန်းကျင် အခြေအနေကြီးနဲ့ တွေ့ကြုံခဲ့ရပါတယ်။ အစ္စရေးဘက်ကလည်း သူတို့နိုင်ငံအတွက် လုံခြုံရေးကို အပြည့်အဝ အာမခံချက် မပေးနိုင်ခဲ့ပါဘူး” ဆိုပြီး သမ္မပူတင် ပြောသွားပါတယ်။