ဖေဖော်ဝါရီ ၁၂ ရက် ညနေခင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းများ

ဆီးရီးယားက ငလျင်ဘေးသင့် ပြည်သူတွေကို နိုင်ငံတကာက ပစ်ပယ်ထား

ဆီးရီးယားနဲ့ တူရကီနိုင်ငံတို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေအတွင်း လူထောင်နဲ့ချီ သေဆုံးခဲ့တဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက လူတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီတွေ ပေးပို့ဖို့ ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီ အကြီးအကဲက ပြောပါတယ်။

ဆီးရီးယားနိုင်ငံတွင်းက လက်နက်ကိုင်သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက လူတွေဟာ လက်ရှိမှာ ပစ်ပယ်ခံထားရတယ်လို့ ခံစားနေရတဲ့အကြောင်း မာတင် ဂရစ်ဖစ်စ် (Martin Griffiths) က ပြောပါတယ်။

ဒီပျက်ကွက်မှုကို အမြန်ဆုံး ပြုပြင်ဖို့ တာဝန် ဝတ္တရားရှိတယ်လို့လည်း ဆိုပါတယ်။

ငလျင်ကပ်ဘေးကြီးနောက်ပိုင်း လက်နက်ကိုင် သူပုန်တွေ ထိန်းချုပ်ထားတဲ့ အစ်ဒလစ် (Idlib) မြို့ကို အကူအညီပေးရေး ယာဥ်တန်း အနည်းငယ်ပဲ ဝင်ရောက်သေးတာ တွေ့ရှိရတဲ့ ဆီးရီးယားနဲ့ တူရကီ နယ်စပ်ကနေ သူက အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံတွင်းက အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အရေးပေါ် အကူအညီတွေကို ပေးပို့ခွင့်ရဖို့ ခွင့်ပြုချက်တွေ ကြန့်ကြာနေတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ပြောပါတယ်။

ငလျင်ကြီးတွေ လှုပ်ခတ်ပြီးနောက်ပိုင်း တူရကီကို ပထမဆုံးသွားရောက်ခဲ့တဲ့ ဥရောပ ဝန်ကြီး

တူရကီနိုင်ငံမှာ ငလျင်တွေ လှုပ်ခတ်ပြီးနောက်ပိုင်း ကူညီထောက်ပံ့မှုတွေ ပြသကြဖို့ တူရကီနိုင်ငံကို ရောက်ရှိလာတဲ့ ဂရိနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

ဂရိနိုင်ငံခြားရေးဝန်ကြီး နစ်ကိုးလက်စ် ဒန်ဒီးရက်စ် (Nikos Dendias) နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မတ်ဗလု ချာဗုရှောလို (Mevlüt Çavuşoğlu) တို့ ဖက်လဲတကင်း တွေ့ဆုံနေကြတဲ့ ရုပ်ပုံတွေကို Greek တီဗီမှာ ပြသခဲ့ပြီး အခုတော့ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာ ငလျင်ဒဏ်အဆိုးဆုံး ခံခဲ့ရတဲ့ ပြည်နယ်တခုဖြစ်တဲ့ အန်တာ့ကြာ Antakya ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အိမ်နီးချင်း နိုင်ငံ ၂ နိုင်ငံကြား တင်းမာမှုတွေနဲ့ သမိုင်းကြောင်းအရ အားပြိုင်မှုတွေ ရှိနေပေမယ့်လည်း ငလျင်တွေ လှုပ်ခတ်ပြီးနောက်ပိုင်း တူရကီကို သွားရောက်တဲ့ ပထမဆုံး ဥရောပ ဝန်ကြီး ဖြစ်ပါတယ်။

ဂရိနိုင်ငံသား ထောင်နဲ့ချီကလည်း ဆေးဝါးနဲ့ ပစ္စည်းအကူအညီအများအပြားကို ပေးပို့ခဲ့ကြပြီး ဖြစ်ပါတယ်။

ယူကရိန်း စစ်ပွဲ ရုရှားတပ်ဖွဲ့တွေ အကျအဆုံးများ

ပြီးခဲ့တဲ့ တနှစ်နီးပါးက စတင်ခဲ့တဲ့ ကျူးကျော်စစ်နောက်ပိုင်း ရုရှားနိုင်ငံဟာ အသေအပျောက်အများဆုံး အခြေအနေနဲ့ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်က ရင်ဆိုင်ခဲ့ရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားနိုင်ငံဘက်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ တရက်ကို သေဆုံးသူဦးရေ ပျမ်းမျှ ၈၂၄ ယောက်လောက် ရှိတယ်လို့ဆိုတဲ့ ယူကရိန်း စစ်တပ်ဘက်က ထုတ်ပြန်တဲ့ အချက်အလက်တွေကို ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနဘက်က ဆန်းစစ်ပြီး ကိုးကားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ ဇွန်လလတုန်းက သေဆုံးသူဦးရေထက် ၄ ဆ ကျော် မြင့်တက်နေတာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံဘက်ကတော့ သေဆုံးသူဦးရေ မြင့်တက်မှုနှုန်း တဖြည်းဖြည်း ဆက်လက်ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။

ဂျပန်နဲ့ တရုတ်ကြား သံတမန်ရေး တင်းမာ

ဂျပန်နိုင်ငံရဲ့ ရေပိုင်နက်ထဲမှာ တရုတ် ရေတပ် သင်္ဘောတစီး ဝင်ရောက်ခဲ့မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို ဂျပန်နိုင်ငံက သံတမန်ရေး ဆန့်ကျင် ကန့်ကွက်လိုက်ပါတယ်။

အဲဒီ သင်္ဘောဟာ ဒီကနေ့ မနက်အစောပိုင်းမှာ ဂျပန်နိုင်ငံတောင်ပိုင်း ယာကူရှီးမား (Yakushima) ကျွန်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ တိုကျို ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ဒါဟာ တနှစ်ကျော်အတွင်း အဲဒီဧရိယာထဲကို အခုလိုမျိုး ဝင်ရောက်မှု ၇ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ သင်္ဘောအများစုကို ဂျပန်နိုင်ငံက ထိန်းချုပ်ထားတဲ့ ကျွန်းစုဖြစ်တဲ့ ဆန်ကားကု့ (Senkaku) ကျွန်းတွေ အနီးအနားမှာ တွေ့ရလေ့ ရှိပါတယ်။ ဒါပေမဲ့ တရုတ်ဘက်ကတော့ အဲဒီကျွန်းစုကို သူတို့အပိုင်လို့ ပြောဆိုနေပါတယ်