တိုင်တန်းနစ်ခရီးသည်တစ်ဦးရဲ့နာရီ ပေါင်တစ်သန်းကျော် လေလံစျေးရနိုင်

ဓာတ်ပုံ ရင်းမြစ်, BNPS
တိုင်တန်းနစ်သင်္ဘောမှာ လိုက်ပါခဲ့တဲ့ အချမ်းသာဆုံးခရီးသည်တွေထဲက တစ်ဦးရဲ့ အိတ်ဆောင်ရွှေနာရီကို လေလံတင်ရောင်းချဖို့ရှိနေပြီး ပေါင် တစ်သန်း (ဒေါ်လာ ၁ ဒသမ ၃ သန်း) ရနိုင်လောက်တယ်လို့ မျှော်လင့်နေကြပါတယ်။
ဆောက်သမ်တန်ကနေ နယူးယောက်ကို ထွက်ခွာလာတဲ့ သင်္ဘောဟာ ၁၉၁၂ ခုနှစ် ဧပြီ ၁၄ ရက်မှာ ရေခဲတောင်နဲ့တိုက်မိပြီး နစ်မြုပ်ပြီးနောက် သေဆုံးခဲ့သူ လူ ၁၅၀၀ ကျော်မှာ အီဆီဒေါ စထရောက်နဲ့ သူ့ဇနီး အီဒါတို့ ပါဝင်ခဲ့ပါတယ်။
သင်္ဘောနစ်မြုပ်ပြီး ရက်အတော်ကြာမှာ သူ့ရုပ်အလောင်းကို အတ္တလန္တိတ်သမုဒ္ဒရာထဲကနေ ဆယ်ယူနိုင်ခဲ့ပါတယ်။ သူ့ပိုင်ဆိုင်မှုတွေထဲမှာ ရွှေ ၁၈ ကာရက် ဂျူးစ် ဂျာဂန်ဆင်အိတ်ဆောင်နာရီပါဝင်ပြီး အဲဒီနာရီကို နိုဝင်ဘာ ၂၂ ရက်မှာ လေလံတင်မှာဖြစ်ပါတယ်။
"နာရီနဲ့အတူ ကျွန်တော်တို့ဟာ အီဆီဒေါရဲ့ ဖြစ်ရပ်ကိုပါ ပြန်ပြောပြမှာပါ။ ဒါဟာအောက်မေ့ အမှတ်ရစရာတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်" လို့ Henry Aldridge & Son in Wiltshire လေလံလုပ်ငန်းက အန်ဒရူး အဲထရစ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မစ္စတာစထရောက်ဟာ ဘာဗေးရီးယားမှာမွေးတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမားနဲ့ နယူးယောက်က မာဆီစတိုးဆိုင်ကြီးကို ပူးတွဲပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။
"သူတို့ဟာ အင်မတန်ကိုမှ နာမည်ကြီးတဲ့ နယူးယောက်သားဇနီးမောင်နှံဖြစ်ပါတယ်" လို့ မစ္စတာအဲထရစ်က ပြောပါတယ်။
"ဂျိမ်းစ် ကင်မရွန်းရဲ့ တိုင်တန်းနစ်ရုပ်ရှင် ပြီးခါနီး သင်္ဘောမြုပ်နေချိန်မှာ တစ်ဦးနဲ့တစ်ဦးဖက်ပွေ့ထားတဲ့ သက်ကြီးရွယ်အို ဇနီးမောင်နှံဟာ အီဆီဒေါနဲ့ အီဒါတို့ဖြစ်လို့ ရုပ်ရှင်ကြည့်တဲ့ပရိသတ်ဟာ သူတို့မှန်းသိလာကြပါလိမ့်မယ်"လို့ သူက ဆက်ပြောပါတယ်။
သင်္ဘောနစ်တဲ့ညမှာ ခင်ပွန်းအပေါ် သစ္စာရှိတဲ့ ဇနီးဖြစ်သူဟာ ခင်ပွန်းကို တစ်ဦးထဲ ချန်မထားခဲ့ချင်ဘဲ နောက်ဆုံးအချိန်အထိ အတူရှိချင်ခဲ့တာမို့ အသက်ကယ်လှေပေါ်ကို မတက်ဘဲနေခဲ့တာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
အီဒါရဲ့ ရုပ်အလောင်းကို ဘယ်တော့မှ မတွေ့ရှိခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, BNPS
အိတ်ဆောင်နာရီဟာ တိုင်တန်းနစ်သင်္ဘော လှိုင်းလုံးတွေအောက်နစ်မြုပ်သွားတဲ့ နံနက် ၂ နာရီ မိနစ် ၂၀ မှာရပ်သွားခဲ့ပါတယ်။
နာရီဟာ ၁၈၈၈ ခုနှစ်မှာ အီဒါက သူ့ခင်ပွန်းကို လက်ဆောင်ပေးခဲ့တာဖြစ်နိုင်ပြီး စထရောက်ရဲ့နာမည်အတိုကောက်ရေးထွင်းထားပါတယ်။
နာရီကို မိသားစုထံ ပြန်လည်ပေးအပ်ခဲ့ပြီး မျိုးဆက်တွေ လက်ဆင့်ကမ်းလာရာကနေ အီဆီဒေါရဲ့ မြစ် ကန်နက် ဟိုလစ္စတာ စထရောက်လက်ထဲရောက်တဲ့အခါ နာရီကိုပြန်ပြင်ခဲ့ပါတယ်။
သင်္ဘောကြီးမှာ ပြင်ဆင်ထားတဲ့ ဇိမ်ခံစရာတွေ၊ အလှဆင်ထားမှုတွေနဲ့ပတ်သက်လို့ အီဒါက သင်္ဘောပေါ်မှာရေးခဲ့တဲ့စာကိုပါ တစ်ပါထဲရောင်းချမှာဖြစ်ပါတယ်။
"တကယ့်သင်္ဘောကြီးပဲ၊ ကြီးလိုက်၊ လှပခန့်ညားလိုက်တာ၊ ငါတို့အခန်းတွေကို အလှဆင်ထားလိုက်တာများ ဒီဇိုင်းတွေရော၊ ဇိမ်ကျမှုမှာရော အကောင်းတကာ့အကောင်းဆုံးပဲ"လို့ သူက ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BNPS
စာကို အတ္တလန္တိတ်ဖြတ်ကျော် ၇ လို့ လိပ်စာတပ်ထားပါတယ်။ ဒါကတော့ တိုင်တန်းနစ်ရဲ့ သင်္ဘောပေါ်မှာရှိတဲ့ စာတိုက်ကနေပို့ဆောင်မှာဖြစ်ပြီး အိုင်ယာလန်က ကွင်းစ်တောင်းမှာ အခြားစာတွေနဲ့အတူ ကမ်းကို ယူဆောင်သွားမှာပဲဖြစ်ပါတယ်။
အိတ်ဆောင်နာရီနဲ့ စာတို့ကို Henry Aldridge & Son in Wiltshire လေလံကုမ္ပဏီက ရောင်းချမှာဖြစ်ပြီး စာဟာ ပေါင် ၁၅၀,၀၀၀ အထိရနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
အိတ်ဆောင်နာရီဟာ တိုင်တန်းနစ်ကနေ ပြန်လည်ဆယ်ယူရရှိတဲ့ ပစ္စည်းတွေထဲမှာ တန်ဖိုးအကြီးဆုံးဖြစ်လာနိုင်ပါတယ်။
ရောင်းချမယ်ဆိုတဲ့ သတင်းကို တစ်ကမ္ဘာလုံးက ဝယ်ယူသူတွေက စိတ်ဝင်စားလာကြပြီလို့ လေလံကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BNPS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"သူတို့ရဲ့ ဇာတ်လမ်းဟာ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အီဆီဒေါဟာ မေဆီစတိုးဆိုင်ကြီးကြောင့် သာမန်ရွှေ့ပြောင်းတစ်ဦးဘဝကနေ နယူးယောက်က စီးပွားရေးလုပ်ငန်းမှာ ထိပ်တန်းဖြစ်လာတာမို့ အမေရိကန်အိပ်မက်ကို ကိုယ်စားပြုနေပါတယ်" လို့ လေလံကုမ္ပဏီရဲ့ပြောခွင့်ရှိသူကဆိုပါတယ်။
"သင်္ဘောနစ်မြုပ်နေချိန်မှာ သက်ကယ်လှေပေါ် တက်ခွင့်ပေးခဲ့ပေမဲ့ အီဒါဟာ ခင်ပွန်းဖြစ်သူကို မထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ပြီး "ဒီဆီဒေါ ကျွန်မတို့တွေ ဒီနှစ်တွေမှာ အတူဖြတ်သန်းခဲ့ပြီးပါပြီ၊ ရှင်သွားရင်၊ ကျွန်မလည်းသွားပါမယ်" လို့ ပြောခဲ့ပါတယ်" လို့ ပြောခွင့်ရှိသူက ဆက်ပြောပြပါတယ်။
"ဒါကြောင့်လည်း ၁၁၃ နှစ်အကြာမှာ တိုင်တန်းနစ်ဇာတ်လမ်းကို စုဆောင်းသူတွေက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်၊ အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း၊ ကလေးတိုင်းမှာ ပြောစရာဇာတ်လမ်းတစ်ပုဒ်စီရှိကြပြီး ဒီဇာတ်လမ်းတွေကို အခုဒီပစ္စည်းတွေကတစ်ဆင့် ပြောတော့မှာဖြစ်ပါတယ်" လို့ သူက ပြောခဲ့ပါတယ်။
တိုင်တန်းနစ်က အသက်ရှင်သန်သူ ၇၀၀ ကျော်ကို ကယ်တင်ခဲ့တဲ့ မီးသင်္ဘော ကာပါသီးယားရဲ့ မာလိန်မှူးကို တင်ပြခဲ့တဲ့ ရွှေအိတ်ဆောင်နာရီကို အရင်နှစ်မှာ ရောင်းချတဲ့အခါ ပေါင် ၁ ဒသမ ၅၆ သန်းနဲ့ စံချိန်တင်ဝင်ငွေရခဲ့ပါတယ်။











