တိုင်တန်ရေငုပ်သင်္ဘော-ရှာဖွေမှုတွေအတွင်း အသံတွေ ကြားခဲ့ရအပြီး ဘာတွေ ဆက်ဖြစ်ခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်, OceanGate
လွန်ခဲ့တဲ့ ၃ ရက်က တိုင်တန်းနစ် သင်္ဘောပျက်ကြီးဆီ လေ့လာရေး ခရီးထွက်ရင်း အတ္တလန်တိတ် သမုဒ္ဒရာအလယ်မှာ ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောကို ရှာတွေ့နိုင်ဖို့ တက်သုတ်ရိုက် အချိန်လု ကြိုးပမ်းနေကြပါတယ်။
အသံလှိုင်းအသုံးပြုပြီး ရေအောက်မှာ စူးစမ်းရှာဖွေတဲ့ ဆိုနာကိရိယာတွေက ဆူညံသံတွေ ထောက်လှမ်း ရခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် တိုင်တန် ရေငုပ်သင်္ဘောပေါ်မှာ ပါသွားတဲ့ လူ ၅ ဦး အသက်ရှင်လျက် တွေ့ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ သန်းလာခဲ့ပါတယ်။
ဒီအသံတွေကို စုံစမ်းဖို့ ရေအောက်ရှာဖွေမှုတွေ နေရာရွှေ့ပြောင်း လုပ်ခဲ့တယ်လို့ အမေရိကန် ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ခုချိန်ထိတော့ ဘာမှမတွေ့ရသေးပါဘူး။
ဒါပေမဲ့ ရေငုပ်သင်္ဘောပေါ် ပါသွားတဲ့ အောက်ဆီဂျင်က ကြာသပတေးနေ့ ဂရင်းနစ်စံတော်ချိန် မနက် ၁၁ နာရီလောက်မှာ ပြတ်သွားတော့မှာမို့ အခုလာမယ့် နာရီပိုင်းဟာ အရမ်းကို အရေးကြီးလှပါတယ်။
ဆူညံသံတွေကို အင်္ဂါနေ့တုန်းက နာရီဝက်တစ်ခါလောက် ၄ နာရီကြာ ကြားခဲ့ရတယ်ဆိုပြီး အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။
ဘီဘီစီက မေးမြန်းခဲ့တဲ့ ရေနက်ပိုင်း ကျွမ်းကျင်သူတွေကတော့ အချက်အလက်တွေကို မတွေ့ရဘဲ ဘယ်လို ဆူညံသံတွေလဲဆိုတာကို ပြောဖို့ ခက်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရေငုပ်သင်္ဘောရဲ့ အစွန်းကို မာကျောတဲ့ အရာတစ်ခုက တိုက်မိရာကနေ ထွက်လာတဲ့ တိုတောင်း စူးရှတဲ့ လှိုင်းမြင့် အသံတွေ ဖြစ်နိုင်စရာ ရှိပါတယ်။
သြစတြေးလျနိုင်ငံ ရေငုပ်သင်္ဘောအဖွဲ့က ဖရန့်ခ် အိုဝင် ကတော့ ခုရထားတဲ့ အချက်အလက်တွေအရ ဒီအသံတွေဟာ ရေငုပ်သင်္ဘောထဲကနေ လာတဲ့ အသံတွေ ဖြစ်တယ်ဆိုတာကို သူ အခိုင်အမာ ယုံကြည်တယ်လို့ ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တကယ်လို့ နာရီဝက်ခြား တစ်ခါ ကြားရတယ်ဆိုရင် ဒါဟာ လူနဲ့ဆိုင်တဲ့ အသံက လွဲပြီး တခြား ဘာမှ မဖြစ်နိုင်ဘူးလို့ သူက ဘီဘီစီကို ပြောပါတယ်။
ရေငုပ်သင်္ဘောပေါ် မှာ အသက် ၅၈ နှစ်အရွယ် ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင် ဟာမစ်ရှ် ဟာဒင်း၊ အသက် ၄၈ နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ပါကစ္စတန်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ရှာဇာဒါ ဒါဝတ်ဒ်နဲ့ သူ့ရဲ့သား အသက် ၁၈ နှစ်အရွယ် ဆူလေမန်၊ ဒီရေငုပ်သင်္ဘောခရီးစဉ်ကို စီစဉ်တဲ့ OceanGate ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် အသက် ၆၁ နှစ်အရွယ် စတော့ခ်တန် ရပ်ရှ် တို့ လိုက်ပါသွားတာပါ။ အဲဒီရေငုပ်သင်္ဘောခရီးစဉ်က လူတစ်ယောက်ကို ဒေါ်လာ ၂ သိန်း ၅ သောင်းစီ ကျပါတယ်။
ဒါပေမဲ့ ဒီဆူညံသံတွေဟာ ရေငုပ်သင်္ဘောပေါ်မှာပါသွားတဲ့ ပဉ္စမမြောက်လူ အသက် ၇၇ နှစ်အရွယ် ပြင်သစ်ရေတပ် ဒိုင်ဗင်သမားဟောင်း၊ ဝါရင့် ရေအောက်စူးစမ်းလေ့လာသူ ပေါလ် အော်နရီ နာဂျိုလေးရဲ့ အကြံပေးချက်ကနေ ထွက်ပေါ်လာတာ ဖြစ်နိုင်တယ်လို့ မစ္စတာ အိုဝင် က ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေကို အချက်ပေးဖို့ ကြိုးစားတဲ့အခါ လုပ်ရမယ့် နည်းတွေဖြစ်တဲ့ နာရီအချက်ထိုးချိန်တိတိ၊ နာရီဝက်တိတိ အချိန်တွေမှာ ၃ မိနစ်ကြာ ထုနှက် အသံပေးရမယ် ဆိုတာကို သူသိမှာ ဖြစ်တယ်လို့ မစ္စတာ အိုဝင်က ပြောပါတယ်။
ရှာဖွေမှုတွေ နေရာပြောင်း လုပ်ဖို့ ဆုံးဖြတ်လိုက်တာကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေကလည်း အလားတူ ယူဆကြတယ်ဆိုတာကို ပြနေပါတယ်။
ဒါပေမဲ့ ၂၀၁၄ ခုနှစ်တုန်းက မလေးရှားလေကြောင်း MH370 လေယာဉ် ပျောက်ဆုံးသွားခဲ့တာမျိုးနဲ့ ၂၀၀၀ ခုနှစ်တုန်းက ရုရှားရေငုပ်သင်္ဘော ပျောက်ဆုံးသွားခဲ့တာမျိုးလို အရင် ရေကြောင်း ရှာဖွေကယ်ဆယ်မှုတွေတုန်းကလည်း ရေအောက်ကနေ ဆူညံသံတွေ ကြားခဲ့ရပေမဲ့ အောင်မြင်မှုရလဒ် မထွက်ခဲ့ပါဘူး။
မျှော်လင့်ချက် ကောင်းစေတဲ့ နောက်အချက်ကတော့ ဒီအသံတွေကို အသံလှိုင်း အသုံးပြု ရေအောက်စူးစမ်းကိရိယာတွေကနေ ထောက်လှမ်းရခဲ့တဲ့ အချက်ဖြစ်တယ်လို့ မစ္စတာ အိုဝင်က ပြောပါတယ်။
တိုင်တန်နစ် သင်္ဘောပျက်ကြီးဟာ ပေပေါင်း ၁၂၅၀၀ နက်တဲ့ သမုဒ္ဒရာကြမ်းပြင်အောက်မှာ ရှိနေပြီး အဲဒီမှာ အသံလှိုင်းအသုံးပြု ရေအောက်စူးစမ်းကိရိယာတွေ ထားထားပါတယ်။
သမုဒ္ဒရာ ကြမ်းပြင်နက်က အသံတွေ အဲဒီ ကိရိယာတွေဆီ ရောက်နိုင်သလို အဲဒီအသံတွေဟာ သမုဒ္ဒရာကြမ်းပြင် တစ်နေရာတည်းကနေ လာတာလည်း ပိုဖြစ်နိုင်တယ်လို့ မစ္စတာ အိုဝင်က ပြောပါတယ်။
“အပူချိန်ကျသွားတဲ့အတွက် အသံတွေ ကွဲဖြာ ထွက်သွားတာကြောင့် ရေပြင် ထိပ်ပိုင်းအောက်နားမှာ ဆူညံသံတွေကို ကြားရဖို့ ခက်ပါတယ်”
"ဒါပေမဲ့ သမုဒ္ဒရာမျက်နှာပြင်နဲ့ မီတာ ၁၈၀ ကြားအကွာ အပူချိန် တသတ်မတ်တည်းရှိတဲ့ နေရာမှာတော့ အသံတွေက တကယ့်ကို ငြိမ်နေပါလိမ့်မယ်"
"တကယ်လို့ အဲဒီအသံတွေက တစ်ကယ်ပဲ ရေငုပ်သင်္ဘောကနေ လာတယ်ဆိုရင်ဖြင့် ကယ်ဆယ်ရေးအဖွဲ့တွေက ရေငုပ်သင်္ဘော ရှိရာနေရာကို ချက်ချင်းရှာနိုင်ပါလိမ့်မယ်" လို့ မစ္စတာ အိုဝင်က ပြောပါတယ်။
အဲဒီနေရာတဝိုက်မှာ အသံလှိုင်းအသုံးပြုတဲ့ စူးစမ်းကိရိယာတွေ သူတို့ အစဉ်လိုက် ချထားနိုင်ပါတယ်။
အဲဒီကိရိယာတွေက အချိန်တိုတိုအတွင်း လိုချင်တဲ့ အချက်အလက်တွေ အမြန်ဆုံး ရအောင်ယူပေးနိုင်ပါတယ်။
ဒါပေမဲ့လည်း အသံဘယ်ကလာသလဲဆိုတာကို စူးစမ်းရှာဖွေဖို့ နေရာရွှေ့ပြောင်း ချထားတဲ့ ရေအောက်ယာဉ်တွေကတော့ လောလောဆယ် ဘာမှ မတွေ့ရသေးဘူးလို့ အမေရိကန် ကမ်းခြေစောင့်တပ်ရဲ့ အခုနောက်ဆုံး သတင်းအချက်အလက်တွေအရ သိရပါတယ်။

ရေငုပ်သင်္ဘော ရှိရာ နေရာကို ရှာတွေ့ပြီဆိုရင်တော့ လုပ်ဆောင်မှုတွေ နှေးကွေးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ရေငုပ်သင်္ဘောက ရေဘယ်လောက် နက်နက်မှာ ရှိနေသလဲ၊ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို ခုချိန်ထိ မသိရသေးပါဘူး။
ရေငုပ်သင်္ဘောက ရေမျက်နှာပြင် တစ်နေရာရာမှာ ရှိနေပြီး ရှာမတွေ့သေးတာလည်း ဖြစ်နိုင်ပါသေးတယ်လို့ ကာ့စ်ခ် ရုရှားရေငုပ်သင်္ဘောရှာဖွေရာမှာ ကူညီခဲ့သူ ဗြိတိန်ရေတပ်အရာရှိဟောင်း ဒေးဗစ် ရပ်ဆဲလ် က ဘီဘီစီကို ပြောပါတယ်။
တကယ်လို့ ရေငုပ်သင်္ဘောက သမုဒ္ဒရာရေမျက်နှာပြင် ထိပ်ပိုင်းမှာ ရှိနေတယ်ဆိုရင်တော့ ကယ်ဆယ်မှုကို ခပ်မြန်မြန် လုပ်နိုင်မှာပါ။ ဒါပေမဲ့ တကယ်လို့ ရေနက်ပိုင်းမှာ ဆိုရင်တော့ ရေပေါ် ပြန်ဆွဲတင်ဖို့ လိုပြီး ရှုပ်ထွေးတဲ့ လုပ်ဆောင်မှုတွေ ရှိလာပါလိမ့်မယ်။
အဲဒါဆိုရင်တော့ ခေတ်မီဒရုန်းတစ်မျိုးမျိုးအသုံးပြုပြီး ရေငုပ်သင်္ဘောကို ဝိုင်ယာတွေ၊ ကြိုးတွေနဲ့ ချည်ရပါမယ်။ ပြီးရင်ဆွဲတင်ပြီး ဝန်ချီစက်တစ်ခုပေါ် တင်ရပါလိမ့်မယ် လို့ မစ္စတာ ရပ်ဆဲလ် က ပြောပြပါတယ်။
“ဒါမျိုး အရင်က လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်သိရသလောက်ကတော့ ဒီလောက်နက်တဲ့ ရေပြင်မျိုးတော့ တစ်ခါမှ မလုပ်ဖူးသေးပါဘူး။”
ဒါပေမဲ့ ဒီလို ရှာဖွေကယ်ဆယ်မှုမျိုးက ဒီဒေသမှာ မရနိုင်တဲ့ စက်ပစ္စည်းမျိုးကို သုံးဖို့ လိုကောင်းလိုပါလိမ့်မယ်လို့ မစ္စတာ အိုဝင်က ပြောပါတယ်။
အမေရိကန်နိုင်ငံ မက်ဆာချူးဆက်စ်ပြည်နယ် ဘော့စတန်မြို့ကနေ စတင်တဲ့ ဒီရှာဖွေကယ်ဆယ်မှုမှာ အမေရိကန်နဲ့ ကနေဒါ အေဂျင်စီအဖွဲ့တွေ၊ ရေတပ်တွေနဲ့ ရေအောက်ကုမ္ပဏီတွေက ပါဝင် ကူညီပေးနေကြပါတယ်။
ဒီရှာဖွေကယ်ဆယ်မှုမှာ စစ်လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတစ်စင်းနဲ့ အဝေးထိန်း ရေအောက် မော်တော်ယာဉ် တပ်ဆင်ထားတဲ့ သင်္ဘောအတော်များများသုံးပြီး ရှာဖွေနေပါတယ်။
ဒါပေမဲ့လည်း အဲဒါတွေက ရေငုပ်သင်္ဘော ပြန်ဆွဲတင်ဖို့ထက် သတင်းအချက်အလက်တွေ စုဆောင်းဖို့အတွက် ပိုအသုံးဝင်တယ်လို့ မစ္စတာ အိုဝင်က ပြောပါတယ်။
ဒီလို ရေငုပ်သင်္ဘောမျိုးကို ပြန်ဆွဲတင်ဖို့အတွက် စက်ပစ္စည်းကြီးတွေ လိုမယ် လို့ သူက ပြောပါတယ်။
“ကေဘယ်လ်ကြိုး အပိုတွေသုံးပြီး ချိတ်မယ်ဆိုရင်တောင် ဝိုင်ယာကြိုး ၅ မီတာ ၆ မီတာလောက် သုံးရမှာမို့ ကြီးမားတဲ့ ဝန်ချီစက်ပစ္စည်းကြီး လိုလာပါလိမ့်မယ်”








