တိုက်တန်းနစ်သင်္ဘောပျက် လေ့လာရေးခရီးသွားရေငုပ်သင်္ဘော ပျောက်ဆုံးနေမှု နောက်ဆုံးအခြေအနေ

no tag

ဓာတ်ပုံ ရင်းမြစ်, OCEANGATE

ဂျက်ဆီကာ မာဖီ၊ ဘီဘီစီ သတင်းဌာန

တိုက်တန်းနစ် သင်္ဘောပျက် လေ့လာရေးခရီးသွား ရေငုပ်သင်္ဘောတစ်စီး တနင်္ဂနွေနေ့က ပျောက်ဆုံးသွားခဲ့အပြီး မြောက်အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ အကြီးအကျယ် လုပ်ဆောင်နေကြပါတယ်။

တိုက်တန် ရေငုပ်သင်္ဘော ရေအောက်ကို ငုပ်သွားပြီး တစ်နာရီနဲ့၄၅မိနစ်အကြာမှာ Polar Prince သုတေသနသင်္ဘော နဲ့ တိုက်တန် ရေငုပ်သင်္ဘောသားတွေအကြား အဆက်အသွယ် ပြတ်သွားခဲ့တာပါ။

ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောမှာ နာရီ ၇၀ ကနေ ၉၆ နာရီကြားစာ အရေးပေါ် အသုံးပြုနိုင်မယ့် အောက်ဆီဂျင် ရှိတယ်လို့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ဗြိတိသျှ စံတော်ချိန် တနင်္လာနေ့ ည ၁၀ နာရီလောက်က ခန့်မှန်းထားပါတယ်။

ရေငုပ်သင်္ဘောပေါ် ပါသွားတဲ့ သူအားလုံး အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာနိုင်ဖို့ နည်းလမ်းမျိုးစုံသုံးပြီး အတတ်နိုင်ဆုံး လုပ်ဆောင်နေတဲ့ အကြောင်း ရေငုပ်င်္ဘောခရီးစဥ်ကို စီစဥ်တဲ့ ခရီးသွားကုမ္ပဏီ အိုရှင်းဂိတ်က ပြောထားပါတယ်။ ဒီရှာဖွေကယ်ဆယ်ရေးမှာ အစိုးရအဖွဲ့ အစည်းတွေလည်း ပါဝင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှု နောက်ဆုံးအခြေအနေ

တစ်ညလုံး ရှာဖွေခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့အတွက် အခုအခါ ရေနက်ပိုင်းထဲကို ရှာဖွေမှုတွေ တိုးချဲ့ လုပ်နေတယ်လို့ အင်္ဂါနေ့ မနက်ပိုင်းမှာ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီး ဂျွန် မော်ဂါ က ပြောပါတယ်။

ပိုက်တင်သင်္ဘောတစ်စင်းလည်း အကူအညီပေးဖို့ အဲဒီနေရာကို ရောက်လာပြီလို့ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ အဏ္ဏဝါဗေဒ သိပ္ပံပညာရှင်လည်းဖြစ် စူးစမ်းလေ့လာရေး ခေါင်းဆောင်လည်း ဖြစ်သူ ဒေးဗစ် မီယန်းကလည်း ပြောပြပါတယ်။

အဲဒီပိုက်တင်သင်္ဘောဟာ မီတာ ၃၈၀၀ ရေနက်မျိုးကို အရောက်သွားနိုင်တာမို့ ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို ပြန်ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ရပါတယ်လို့ သူက ပြောပါတယ်။

အဲဒီ ရေငုပ်သင်္ဘောပေါ်မှာ အပူပေးနံရံတွေ ရှိပြီး ကန့်လန့်ကာနဲ့ ဆွဲပိတ်ရတဲ့ အိမ်သာတွေလည်း ပါတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို လိုက်လံ ရှာဖွေနေတာ အခုဆို ဒုတိယနေ့ထဲ ရောက်လာပြီဖြစ်ပါတယ်။

ပိုလာမင်းသား သင်္ဘောဟာ အတ္တလန်တိတ် သမုဒ္ဒရာထဲက တိုက်တန်းနစ် သင်္ဘောပျက်ရှိတဲ့နေရာနားကိုတနင်္ဂနွေနေ့ နံနက်ပိုင်းမှာ စရောက်လာခဲ့ပြီး ဒေသစံတော်ချိန် မနက် ၄ နာရီမှာ တိုင်တန် လေ့လာရေးရေငုပ်သင်္ဘော စထွက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

လူ ငါးဦး လိုက်ပါသွားတဲ့ ရေငုပ်သင်္ဘော တနင်္ဂနွေနေ့မနက်ပိုင်း ရေထဲငုပ်သွားပြီးနောက်ပိုင်း ၁ နာရီ ၄၅ မိနစ် အကြာမှာ ပိုလာမင်းသား သင်္ဘောက သင်္ဘောသားတွေနဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကို ဦးဆောင်နေတဲ့ ဘော်စတွန် ကမ်းခြေစောင့်တပ်က တွစ်တာမှာ ပြောပါတယ်။

Newfoundland ကနေ ခရီးသွားတွေ ပို့ဆောင်တာမှာ အသုံးပြုတဲ့ ပိုလာမင်းသား စူးစမ်းလေ့လာရေးသင်္ဘော

ဓာတ်ပုံ ရင်းမြစ်, PA MEDIA/ACTION AVIATION

ဓာတ်ပုံ ပုံစာ, Newfoundland ကနေ ခရီးသွားတွေ ပို့ဆောင်တာမှာ အသုံးပြုတဲ့ ပိုလာမင်းသား စူးစမ်းလေ့လာရေးသင်္ဘော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲ့ဒီအချိန် တိုက်တန် ရေငုပ်သင်္ဘော ရှိနိုင်မယ်လို့ တွက်လို့ရတဲ့နေရာက Cape Cod ကမ်းရိုးတန်းနဲ့ မိုင် ၉၀၀ ခန့်အကွာမှာ လို့ ယူဆရပါတယ်။

အခုလို ဝေးလံ ခေါင်သီတဲ့ဒေသမှာ ရှာဖွေရေး လုပ်ဆောင်ရတဲ့ကိစ္စက စိန်ခေါ်မှု တစ်ရပ်ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ဂျွန် မော်ဂါက ပြောပါတယ်။

ရှာဖွေရေးလုပ်ငန်းကို ကဏ္ဍနှစ်ရပ်ခွဲလုပ်ဆောင်ရမှာဖြစ်ပြီး တစ်ခုက သမုဒ္ဒရာရေမျက်နှာပြင်ပေါ်မှာ ရှာဖွေမှု ၊နောက်တစ်ခုက ရေအောက်ထဲမှာ ရှာဖွေမှုလို့ သူက ပြောပါတယ်။

လက်ရှိအချိန်မှာ ကမ်းခြေစောင့်တပ်ဖွဲ့က ရေမျက်နှာပြင်ပေါ် ရေငုပ်သင်္ဘောရှာဖွေရေး အတွက် C-130 Hercules လေယာဉ်နှစ်စင်းကို စေလွှတ်ထားပြီး၊ ကနေဒါလေတပ်က Canadian C-130 လေယာဥ်နဲ့ ရေအောက် ဆိုနာစွမ်းရည် တပ်ဆင်ထားတဲ့ P8 လေယာဉ်တို့လည်း ပါဝင်ပါတယ်။ Sonar buoysတွေကိုလည်း အဲ့ဒီနေရာတဝိုက်မှာ ဖြန့်ကျက် ချထားပါသေးတယ်။

အဲဒီ ရေငုပ်သင်္ဘောကို ရေအောက်မှာ တွေ့မယ်ဆိုရင်လည်း ကယ်ဆယ်ရေးတွေဆောင်ရွက်ဖို့ နောက်ထပ် ကျွမ်းကျင်တဲ့လုပ်ဆောင်မှုတွေ လိုအပ်ဦးမယ်လို့ ဗိုလ်ချုပ်ကြီး မော်ဂါက ပြောခဲ့ပြီး အမေရိကန် ရေတပ်နဲ့ ပုဂ္ဂလိက ကဏ္ဍကလူတွေရဲ့ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကနေဒါ ကာကွယ်ရေးဌာနကလည်း သူတို့ဆီက လေယာဉ်နဲ့အတူ ကနေဒါကမ်းခြေစောင့်သင်္ဘော Kopit Hopson တို့ ရှာဖွေရေးမှာ ပါဝင်ကူညီနေတယ်လို့ ပြောပါတယ်။

ပိုလာမင်းသား သင်္ဘောကို ပူးတွဲပိုင်ဆိုင်တဲ့ Horizon Maritimeကုမ္မဏီက သူတို့ပိုင်တဲ့ Horizon Arctic သင်္ဘောကို အခင်းဖြစ်တဲ့နေရာမှာ ကူညီဖို့ စေလွှတ်ထားတယ်လို့ ဘီဘီစီကို အတည်ပြုပါတယ်။

ရေငုပ်သင်္ဘောပေါ် ဘယ်သူတွေပါသွားလဲ

Titan ရေငုပ်သင်္ဘောပေါ် လိုက်ပါသွားတဲ့ လူ ၅ ဦးထဲက ၄ ဦးက ဘယ်သူဘယ်ဝါတွေလဲ ဆိုတာ အတည်ပြု သိထားရပါပြီ။ အဲဒီသူတွေကတော့ အသက် ၅၈ နှစ်အရွယ် ဗြိတိန်စီးပွားရေးသမား စူးစမ်းရှာဖွေသူ ဟာမစ်ဟာဒင်၊ ပါကစ္စတန်စီးပွားရေးသမား ရှာဇာဒါ‌ဒေါဝုဒ်နဲ့ သူသား ဆူလ် မန်ဒေါဝုဒ်၊ နောက်တစ်ဦးကတော့ ပြင်သစ် စူးစမ်းလေ့လာသူ ပေါလ် အော်နရီ နဂျီအောလေး တို့ ဖြစ်ပါတယ်။

မနှစ် ဇွန်လတုန်းက ဒီအဖွဲ့မှာ သူပါမယ်လို့ မစ္စတာဟာဒင်းက ပထမဆုံး ထုတ်ဖော် ကြေညာခဲ့ပါတယ်။ သင်္ဘောပေါ်လိုက်ပါမယ့်သူတွေထဲမှာ စူးစမ်းလေ့လာသူ နှစ်ယောက်ပါမှာ ဖြစ်ပြီး လိုက်ပါမယ့်သူတချို့ဟာ ၁၉၈၀ခုနှစ်ကတည်းက တိုက်တင်းနစ်သင်္ဘောကြီးဆီ အကြိမ် ၃၀ ကျော်လောက် ရေငုပ်ခရီးသွားခဲ့ပြီးကြပြီလို့ ပြောပါတယ်။

သင်္ဘောပျက်လေ့လာရေးခရီးစဥ် လိုက်ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း ဟာမစ်ဟာဒင်းက အင်စတာဂရန်မှာပြော

ဓာတ်ပုံ ရင်းမြစ်, LOTUS EYES PHOTOGRAPHY

ဓာတ်ပုံ ပုံစာ, သင်္ဘောပျက်လေ့လာရေးခရီးစဥ် လိုက်ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း ဟာမစ်ဟာဒင်းက အင်စတာဂရန်မှာပြော

မစ္စတာဟာဒင်းဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့ အခြေစိုက် လေကြောင်း စီးပွားရေးလုပ်ငန်း နိုင်ငံတကာကုမ္ပဏီ Action Aviation ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။

"ရေငုပ်သင်္ဘောအောင်မြင်စွာ ငုပ်နိုင်ခဲ့ပြီး အဲဒီရေငုပ်သင်္ဘောပေါ် ဟာမစ်ဟာဒင်း ပါသွားပြီလို့ သူ့ ကုမ္ပဏီက တနင်္ဂနွေနေ့တုန်းက တွစ်တာမှာ ထုတ်ပြောခဲ့ပါတယ်။

ဒေါဝုဒ်မိသားစုကလည်း "ကျွန်တော်တို့ သား ရှာဇာဒါ‌ဒေါဝုဒ်နဲ့ သူသား ဆူလ် မန်ဒေါဝုဒ်တို့ အတ္တလန်တိတ်သမုဒ္ဒရာထဲမှာရှိတဲ့ တိုက်တန်းနစ်သင်္ဘောပျက်ရဲ့ ပစ္စည်း အကြွင်းအကျန်တွေကို ကြည့်ဖို့ ခရီးစတင်နေပြီ” လို့ အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။

အခုအချိန်အထိတော့ သူတို့ရေငုပ်သင်္ဘောနဲ့ အဆက်အသွယ် ပြတ်တောက်နေပြီး သတင်း အချက် အလက်တွေ ရနိုင်ဖို့လဲ အခက်အခဲ အကန့်အသတ်တွေရှိနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

"ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေရဲ့ စိုးရိမ်ပူပန်မှုတွေအတွက် အရမ်း ကျေးဇူး တင်ပါတယ်။အခုချိန်မှာ သူတို့ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆုတောင်းပေးကြဖို့ အားလုံးကို တောင်းဆိုချင်သလို တဖက်မှာလည်း မိသားစုကို အနှောင့်အယှက်မဖြစ်ဖို့ သတိထား ကြဖို့လည်း ပြောချင်ပါတယ်”

အဲဒီရေငုပ်သင်္ဘောပေါ်မှာ ရေငုပ်သင်္ဘော ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အိုးရှင်းဂိတ် ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် စတော့ခ်တန် ရပ်ရှ်လည်း ရေငုပ်သင်္ဘောပေါ် ပါသွားတယ်လို့ သတင်းတွေ ထွက် နေပါတယ်။

‌အဲဒီရေငုပ်သင်္ဘောက ဘာတွေ လုပ်သလဲ၊ တိုက်တင်းနစ်သင်္ဘောပျက်ကြီးကရော ဘယ်မှာရှိနေတာလဲ။

အတ္တလန္တိတ်သမုဒ္ဒရာ အောက်ခြေ မျက်နှာပြင်အောက် မီတာ ၃၈၀၀ (ပေ ၁၂၅၀၀) ရှည်လျားတဲ့ နာမည်ကျော်သင်္ဘော အပျက်အစီးကို ကြည့်ရှုဖို့ ရှစ်ရက်ကြာ လေ့လာရေးခရီးစဥ်အတွက် အိုးရှင်းဂိတ်ကုမ္ပဏီကို ဒေါ်လာ နှစ်သိန်း ငါးသောင်း ပေးရတယ်လို့ ခန့်မှန်းရပါတယ်။

လေ့လာရေးခရီးစဥ် တိုက်တင်းနစ် သင်္ဘောကြီးရှိတဲ့နေရာက Newfoundland ကမ်းရိုးတန်း မိုင် ၃၇၀ ခန့် အကွာအဝေးမှာရှိပြီး သင်္ဘောဦးပိုင်းနဲ့ ပဲ့ပိုင်းရဲ့ အရှည်က မီတာ ၈၀၀၊ ပေ ၂၆၀၀ ရှိ ပါတယ်။ပြီးတော့ ကျိုးပဲ့နေတဲ့ သင်္ဘောအပိုင်းအစ ကြီးတွေကလည်း ဘေးမှာ ရှိနေပါတယ်။

တိုက်တင်းနစ် သင်္ဘောပျက် ကြီးရှိတဲ့နေရာကို ရေပေါ်ကနေ ငုပ်သွားဖို့ အချိန် ရှစ်နာရီ ကြာပါတယ်။

အိုးရှင်းဂိတ် ကုမ္ပဏီရဲ့ အဆိုအရ လေ့လာရေးခရီးတစ်ခုရဲ့ ကြာချိန်က ရှစ်ရက်တာကြာမြင့်ပြီး၊ ရေငုပ်တဲ့ခရီးတစ်ခုမှာ တိုက်တင်းနစ်သင်္ဘောပျက် လေ့လာမှု အပါအဝင် သိပ္ပံဆိုင်ရာရည်မှန်းချက်တစ်ခုစီပါဝင်ဖို့ ရည်ရွယ်ထားပါတယ်။

ကုမ္ပဏီရဲ့ ၀က်ဆိုက်ထဲမှာ ဖော်ပြထားချက်အရ ဒီရေငုပ်သင်္ဘောခရီးစဥ်က ၂၀၂၁ ခုနှစ်က စခဲ့ တာလို့ သိရပါတယ်။

ဘာတွေ ဖြစ်သွားနိုင်လဲ

လန်ဒန် ယူနီဗာစီတီကောလိပ်က ရေငုပ်သင်္ဘောဆိုင်ရာကျွမ်းကျင်သူ ပရော်ဖက်ဆာ အလီစတာ ဂရိတ်ခ်က ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေအချက်အလက်တွေကို ဘီဘီစီ သိပ္ပံသတင်းထောက် ပါလက် ဂို့ရှ်ကို ပြောပြထားပါတယ်။

တစ်ချက်က အရေးပေါ်အခြေအနေ တစ်ခုဖြစ်ပြီးနောက် ရေပေါ်ပြန်တက်လာဖို့ ကြိုးစားတဲ့အချိန် မှာ အလေးချိန်ကျသွားနိုင်တယ်လို့ ဆိုပါတယ်။

“ဓာတ်အားပြတ်တောက်မှု သို့မဟုတ် ဆက်သွယ်ရေး ချို့ယွင်းမှုဖြစ်ခဲ့ရင် ဒီလိုမျိုးဖြစ်သွားနိုင်တယ်၊ ပြီးတော့ ရေငုပ်သင်္ဘောက သူတို့ကို ရှာတွေ့ဖို့ တစ်နေရာမှာ စောင့်နေလိမ့်မယ်လို့ပြောပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ သင်္ဘောကိုယ်ထည်ပိုင်း ယိုစိမ့်မှုဖြစ်ပြီး မြုပ်သွား တာ ဖြစ်နိုင်တယ်လို့ ပြောပြီး အဲ့လိုဖြစ်ခဲ့ရင် အခြေအနေမကောင်းဘူးလို့ ပြောပါတယ်။

.ပရော်ဖက်ဆာ ဂရိတ်ခ်ရဲ့ အဆိုအရ အဲ့လိုဖြစ်သွားရင် ရေငုပ်သင်္ဘော ပင်လယ်ကြမ်းထိ ထိုးဆင်း ပြီး၊သူ့ကိုယ်ပိုင်စွမ်းအင်နဲ့ အပေါ်ကို ပြန်မတက်နိုင်ဘူးဆိုရင် အများကြီး စိုးရိမ်စ ရာဖြစ်လာမှာ ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်လည်း အကန့် အသတ်တွေ ရှိလာနိုင်ပါတယ်။

"ရေငုပ်သင်္ဘောက နဂိုအတိုင်းအခြေအနေရှိနိုင်ပေမယ့် မီတာ၂၀၀ ၆၅၆ပေထက်ပိုနက်သွားရင် အဲဒီ့ရေငုပ်သင်္ဘောတွေ ဆက်မငုပ်နိုင်တော့မှာ သေချာတယ်။ ရေတပ်ရဲ့ ရေငုပ်သင်္ဘော ကယ်ဆယ်ရေးအတွက် ဒီဇိုင်းထုတ်ထားတဲ့ ရေယာဉ်တွေကလည်း တိုက်တန်းနစ်ရဲ့ အတိမ်အနက်နဲ့ နီးတဲ့ ဘယ်နေရာမဆို သေချာပေါက် ဆက် ဆင်းလို့မရဘူး။”

တိုက်တန်ရေငုပ်သင်္ဘော အကြောင်း ဘယ်လောက်သိထားလဲ

တိုက်တန်ရေငုပ်သင်္ဘောဟာ ရေအနက် မီတာ ၄၀၀၀ (၂.၅ မိုင်)ထိ ဆင်းသက်နိုင်ဖို့ တည်ဆောက် ထားပြီး လူငါးဦး လိုက်ပါနိုင်တဲ့ ရေငုပ်သင်္ဘောဖြစ်ပါတယ်။ ဒါ့အပြင် တစ်နာရီကို ၃.၅ မိုင်နှုန်းနဲ့ ရေအောက်ထဲမှာလည်း သွားနိုင်ပါတယ်။

တိုက်တင်းနစ် သင်္ဘောပျက်ကြီးရှိရာ ရေငုပ်သမားတွေကို ခေါ်ဆောင်သွားတာအပြင် နေရာ ဒေသအခြေအနေ စစ်ဆေးလေ့လာတာ၊ သုတေသနနဲ့ ဒေတာစုဆောင်းတာ၊ ရုပ်ရှင်နဲ့ မီဒီယာ ထုတ်လုပ်မှု၊ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲလ်တွေ ပင်လယ်ရေနက်ပိုင်းစမ်းသပ်မှုတွေမှာ အသုံးပြုတာတွေလည်း ဒီခရီးစဥ်ဝန်ဆောင်မှုထဲမှာ ပါပါတယ်။

no tag

အိုးရှင်းဂိတ် ကုမ္ပဏီရဲ့ အဆိုအရ တိုက်တန်ရေငုပ်သင်္ဘောဟာ ခေတ်မီဆန်းသစ်တဲ့ အလင်းရောင် တွေ၊ ဆိုနာလမ်းကြောင်းပြစနစ်တွေအပြင်၊ အတွင်းနဲ့ပြင်ပမှာလည်း 4K ဗီဒီယိုနဲ့ ဓာတ်ပုံဆိုင် ရာပစ္စည်းတွေပါ တပ်ဆင်ထားတယ်လို့ သိရပါတယ်။

လိုက်ပါလာတဲ့ လူငါးဦးက သင်္ဘောကိုယ်ထည်တွေအခြေအနေကို အချိန်နှင့်တပြေးညီ စောင့် ကြည့်နိုင်တဲ့ စနစ်လည်း ထည့်သွင်းထားတယ်လို့ အိုးရှင်းဂိတ် ဝက်ဆိုက်ထဲမှာ ဖော်ပြ ထားပါတယ်။

ပြီးတော့ ရေငုပ်နေတဲ့အချိန် ရေဖိအားပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို စောင့်ကြည့် အကဲဖြတ်နိုင်တဲ့ အာရုံခံကိရိယာတွေလည်း တပ်ဆင်ထားပါတယ်။

“ဒီသင်္ဘောပေါ်မှာရှိတဲ့ ကျန်းမာရေး ခွဲခြမ်းစိတ်ဖြာမှု စောင့်ကြည့်ရေးစနစ်က ရေယာဥ်မှူးကို ဘေးကင်းကင်းနဲ့ အချိန်အလုံအလောက်ရပြီး ရေပေါ်ပြန်တက်နိုင်ဖို့ ကြိုတင်သတိပေးချက် စနစ်ပါ ထည့်ပေးထားတယ်”လို့ အိုးရှင်းဂိတ် ကုမ္ပဏီက ပြောပါတယ်။

ဘီဘီစီရဲ့ မိတ်ဖက် အမေရိကန် သတင်းဌာန CBS ကလည်း တိုင်တန်းနစ်သင်္ဘောပျက်ကို ကြည့် ရှုလေ့လာနိုင်ဖို့ မနှစ်က အလားတူကုမ္ပဏီနှင့်အတူ သတင်းထောက်တစ်ဦးကို စေလွှတ်ခဲ့ပါတယ်။

ရေငုပ် သင်္ဘောပေါ်လိုက်သွားတဲ့သူက ဒေးဗစ်ပုတ်ဂ် ဖြစ်ပြီး ရေငုပ်သင်္ဘောဟာ စမ်းသပ်ဆဲအဆင့်မှာပဲရှိသေးတဲ့အတွက် စွန့်စားမှုတစ်ခုလို့ သူ့ခရီးစဥ်ကို အမည်တပ်ခဲ့ပါတယ်။ အသိအမှတ်မပြုရသေးတဲ့ စမ်းသပ်ဆဲသင်္ဘောအဖြစ် ဖော်ပြထားတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ မသန်စွမ်းမှု၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေနိုင်တယ်လို့ ပြောထားပါတယ်။

အိုးရှင်းဂိတ် အမှုဆောင်အရာရှိချုပ် စတော့ခ်တန် ရပ်ရှ်က သူ့ကို ရေငုပ်သင်္ဘောအတွင်း လည်ပတ် ကြည့်ရှုခွင့်ပေးခဲ့ကြောင်းနဲ့ သင်္ဘောမှာ ခလုတ်တစ်ခုပဲရှိပြီး ဗီဒီယိုဂိမ်း ထိန်းချုပ်ကိရိယာကို အသုံးပြု လည်ပတ်နေတယ်ဆိုတာကို ထုတ်ပြောခဲ့တယ်လို့ ဆိုပါတယ်။