ထိုင်းမြန်မာနယ်စပ်က ဆိုးဝါးတဲ့ လေထု ညစ်ညမ်းမှု

ပြီးခဲ့တဲ့ ၄ ပတ်လောက်က ပြတင်းပေါက်ကနေ တွေ့ရတဲ့ သူ့ရဲ့ စိတ်ကူးထဲရောက် လာတဲ့ အဝါရောင် တိမ်တွေက ကျန်းမာရေး အတွက် အန္တရာယ်များတယ်ဆိုတာ၄ နှစ်အရွယ် သမီးလေးကို သောင်မာမွန်း ခေါင်ဝါဆတ် (Thommamoon Khowasat) က တော်တော်ကို ဒုက္ခခံ ရှင်းပြလိုက်ရပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းကောင်းကင်တစ်ခုလုံးမှာ အုံ့ဆိုင်းနေပြီး သန်းနဲ့ချီတဲ့ လူတွေ အသက်ကို ခဲခဲယဥ်းယဥ်းရှူနေရတာက ကြောက်ဖို့ကောင်းပါတယ်။

စိုက်ပျိုးဧရိယာချဲ့ဖို့ တောတောင်တွေကို မီးရှို့တာနဲ့ တောမီးတွေကြောင့် မီးခိုးတွေက ပုံမှန်ထက် သိပ်သည်းစေပြီး လူမှုအသိုင်းအဝိုင်းကို မွန်းကျပ်စေသလို အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

ခရီးသွားဧည့်သည်တွေ ကြိုက်တဲ့ ချင်းရိုင်ခရိုင်နဲ့ မြို့တော် ဘန်ကောက်မှာ အပြင်ထွက်ဖို့ လူတွေက လေထု အရည်အသွေး သတ်မှတ်ချက်အဆင့်ကို နေ့တိုင်း စစ်ဆေးရပါတယ်။

ဘန်ကောက်မြို့ခံတွေ အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားခံရနိုင်

‘’သမီးအတွက် စိတ်မကောင်းပါဘူး” လို့ သောင်မာမွန်းက ပြောပါတယ်။ ချင်းရိုင်မှာ နေခဲ့တဲ့ နှစ် ၂၀ အတွင်း မြူတွေ ဒီလောက် သိပ်သည်းတာကို သောင်မာမွန်း မတွေ့ခဲ့ဖူးပါဘူး။

"ကလေးဆိုတော့ သူက ဘာမှမသိရှာဘူး၊ သဘာဝမြူခိုးတွေလိုပဲ ထင်နေတာ ဒါပေမဲ့ ဒါက အဆိပ်ရှိတဲ့ မီးခိုးတွေပါ” လို့ သူက ပြောပါတယ်။

ကလေးကို အိမ်မှာနေဖို့ တင်းကျပ်တဲ့ စည်းမျဥ်းတွေ ထုတ်ထားပါတယ်။ အိမ်မှာ လေသန့်စင်တဲ့ စက် တပ်ထားရင်တောင် လေထုရဲ့ အရည်အသွေးက ကောင်းတယ်လို့ ပြောဖို့ မသေချာပါဘူး။

ချင်းရိုင်မဲ့ချန် ဆေးရုံမှာ ဒေါက်တာ ဗီရာ အစ်ဆာရာသနန် (Dr. Veera Isarathanan) က လေထု ညစ်ညမ်းမှုကို ခံရနိုင်တဲ့ မွေးဖွားပြီးစ ကလေးတွေ အတွက် စိုးရိမ်နေပါတယ်။

ကလေးတွေ မျက်နှာဖုံးမတပ်နိုင်ပါဘူး။ သားဖွားဆောင်မှာ လေသန့်စက် တပ်ထားပေမဲ့လည်း လေထုက အန္တရာယ်ရှိနေပါတယ်။

"မွေးခါစ ကလေးတွေ ဒီလို လေထုညစ်ညမ်းမှုနဲ့ ကြုံရတာ ဝမ်းနည်းစရာ ကောင်းပါတယ်၊ သူတို့ရဲ့ အဆုတ်က အခုမှ စအလုပ်လုပ်တာပါ” လို့ ဒေါက်တာ အစ်ဆာရာသနန်က ပြောပါတယ်။

နိုဝင်ဘာလကနေ မတ်လအထိ ခြောက်သွေ့တဲ့ ရာသီရောက်တိုင်း ထိုင်းမှာ လေထုညစ်ညမ်းတာက ပြဿနာ တခု ဖြစ်ပါတယ်။ ဒါကလည်း ဒီရာသီရောက်ရင် လယ်သမားတွေက သူတို့ရဲ့ စပါးခင်းနဲ့ ကြံခင်းတွေကို ရှင်းလင်းဖို့ မီးရှို့လေ့ရှိပါတယ်။

ဒီနှစ်မှာ လေထုရဲ့ အရည်အသွေးကတော်တော်ဆိုးပါတယ်။

လူ ၁. ၃သန်းကျော်ဟာ လေထုညစ်ညမ်းမှုနဲ့ ဆက်နွယ်တဲ့ ရောဂါကို ခံစားနေရ တယ်လို့ မတ် ၁၀ ရက်နေ့မှာ ထိုင်းတာဝန်ရှိသူတွေက ကြေညာပါတယ်။

ဒီအထဲက လူတွေကို ထိခိုက်ခဲ့တဲ့ ဖြစ်စဥ် ၂ သိန်းလောက်က မီးခိုးတွေ ဆိုးဝါးလာတဲ့ မတ်လ ပထမပတ်မှာ စတင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒေလီ မီးခိုးမြူ - လေထုညစ်ညမ်းတာဆိုးလာနေလို့ ကျောင်းတွေ ကောလိပ်တွေ ပိတ်ထားရ

ချင်းရိုင်မှာ မီးခိုးတွေ သိပ်သည်းနေတာကြောင့် နာမည်ကြီးတဲ့တောင်တွေ မမြင်ရတော့ပါဘူး။ အရင်က စိမ်းစိုတောက်ပနေတဲ့ တောင်တွေက အခု မီးခိုးရောင် သန်းနေပါတယ်။

မြို့ထဲက ပန်းခြံတွေ လမ်းတွေကို ဒရုန်းပေါ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုကို ကြည့်ရတာက လုံးဝမမှတ်မိပါဘူး။ အဆောက်အအုံတွေကလည်း မထင်မရှား ဖြစ်နေပါတယ်။

လေထုထဲမှာ အန္တရာယ်ရှိတဲ့ အမှုန်တွေကို တိုင်းတာတဲ့ ပီအမ် ၂.၅ အဆင့်ကလည်း တက်လာပါတယ်။

ဒီအမှုန်လေးတွေ အရမ်းကို သေးငယ်တာကြောင့် အသက်ရှုရင် အဆုတ်ထဲနဲ့ သွေးကြောထဲ အထိ ဝင်နိုင်ပါတယ်။

ပီအမ် ၂.၅ အဆင့်ရှိတဲ့ ဖုန်မှုန်နဲ့ ထိတွေ့ရင် မျက်စိတွေ အရည်ပြားတွေ ပူလောင်ပြီး ယားယံစေပါတယ်။ ချောင်းဆိုး ရင်ကျပ်တာလည်း ဖြစ်စေပါတယ်။

အရင်က နှလုံးနဲ့ အဆုတ် ရောဂါ အခံရှိတဲ့သူတွေအတွက် ဒီလက္ခဏာတွေက ပိုဆိုးစေပါတယ်။

ချင်းရိုင်မှာ ဒီတပတ်အတွင်း မီးသတ်ကားတွေကို ချပြီး လေထဲက ဖုန်တွေကို ရှင်းလင်းဖို့ ရေဖြန်းတာတွေ လုပ်ဆောင်ပေမဲ့ ဒါက ရေတိုပဲ ဖြစ်ပါတယ်။

လာမယ်ရက်တွေအထိ ဒီလို ဆက်ဖြစ်နေအုံးမယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပြီး လေတိုက်ရင်တော့ ဖုန်တွေ ပါသွားနိုင်တယ်လို့လည်း ဆိုပါတယ်။

မတ် ၂၇ ရက်နေ့မှာ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှာရှိတဲ့ ဒေသခံအစိုးရရုံးရှေ့မှာ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ဆိုပြီး လူ ၂၀၀က ဆန္ဒပြခဲ့ကြပါတယ်။

"ဒီနေ့ဒီအခါမှာ မယ်ဆိုင်မှာရှိတဲ့လူတွေက အရမ်းကို ပင်ပန်းဆင်းရဲပါတယ်။ ကြီးကြီး ငယ်ငယ် ခက်ခက်ခဲခဲနေရပါတယ်’’လို့ ဆန္ဒပြတဲ့ ဆောင်မိအော့ နစ်ထရာရိုဂျဲ (Somyot Nittayaroj)က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကနေ ၃ နှစ်အတွင်း မီးခိုးက ပိုဆိုးလာတယ်လို့ ဆောင်မိအော့က ပြောပါတယ်။

ဆန္ဒပြတဲ့နေမှာပဲ ချင်းရိုင်မှာရှိတဲ့ လေထုညစ်ညမ်းမှုက ကမ္ဘာ့ကျန်းမာရေး အဖွဲ့က စိတ်ချလုံခြုံရတယ်လို့ သတ်မှတ်ထားတာထက် ၁၂၅ ဆ ပိုနေပါတယ်။

စိုက်ပျိုးရေးအတွက် မီးရှို့တာကနေ မီးခိုးတွေ ဖြစ်စေတဲ့ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိုင်းက စေ့စပ်ဆွေးနွေးဖို့ လိုတယ်လို့ ဆန္ဒပြတဲ့သူတွေက ပြောပါတယ်။

ဂြိုဟ်တုက အချက်အလက်တွေအရ မီးအများဆုံးရှို့တာက မြန်မာက ဖြစ်ပြီး ဒီနောက်မှာ လာအိုက ရှိနေပါတယ်။ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်မှာလည်း မီးရှိုးတာတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း ပိုနီးစပ်တဲ့ အရင်းအမြစ်ကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်စေတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) က တောမီးရှို့တဲ့သူတွေကို လိုက်ရှာဖို့နဲ့ စိုက်ပျိုးရေးအတွက် မီးရှို့တွေ အဆုံးသတ်ဖို့ ဥပဒေ ရှိပြီးသား ဖြစ်တယ်ဆိုပြီး ညွှန်ကြားလိုက်ပါတယ်။

ဒါပေမဲ့ ကန့်သတ်တားမြစ်ချက်တွေ အားလုံးကို လစ်လျူရှုလိုက်တာက ပြဿနာပါ။ လယ်သမားတွေအတွက် လယ်တွေ ယာတွေကို ရှင်းဖို့ မီးရှို့တာက အလွယ်ကူဆုံးနဲ့ အသက်သာဆုံး ဖြစ်ပါတယ်။