မူးယစ်ဆေးစွဲမှုနဲ့ HIV ကို ကျွန်တော် ကျော်လွှားခဲ့ပုံ

    • ရေးသားသူ, လေဘို ဒီဆဲကို
    • ရာထူးတာဝန်, ဘာသာရေးဆိုင်ရာကမ္ဘာ့သတင်းထောက်

"အသက် ၂၀ အရွယ် ဘဝရဲ့ အရွယ်ကောင်းချိန်ကို ဆေးသုံးတယ်၊ အရက်သောက်တယ်၊ လိင်ကိစ္စနဲ့ ကျော်လွှားခဲ့တယ်။ နာကျင်စရာတွေကို ထုံသွားအောင်လုပ်နိုင်တယ်ဆိုပြီးတော့ပေါ့လေ''

ကျွန်မရှေ့မှာ ရှိနေတဲ့ နုနုငယ်ငယ်မျက်နှာလေးနဲ့ လူငယ်တစ်ယောက်က ဒီလိုဘဝချားရဟတ်ထဲ ပိတ်မိခဲ့တယ်ဆိုတာကို သူ ထုတ်မပြောရင် သူ့ဘဝ ဒီလိုရှိခဲ့မယ်လို့တောင် ကျွန်မ ထင်မိမှာမဟုတ်ပါဘူး။

အခုတော့ အသက် ၃၆ နှစ်အရွယ်ထဲ ရောက်နေပြီဖြစ်တဲ့ ဟာမစ််ရှ် နိုအာက သူ့ သက်ဝင်ယုံကြည်မှုကို အခြေတည်ပြီး အတိတ်က အရိပ်တွေကနေ သင်ခန်းစာယူလို့ တခြားဆေးစွဲ နေသူတွေကိုလည်း ဆေးပြတ်အောင် ကူညီပေးနေပါတယ်။

ဒါပေမဲ့ ဒီခရီးက ပန်းခင်းလမ်းတော့ မဟုတ်ခဲ့ပါဘူး။ ရှေ့က သူပြောပြခဲ့တဲ့ကာလအပိုင်းအခြား နှစ်တွေမှာ ကြုံခဲ့ရတာတွေကပဲ ဘဝအချိုးအကွေ့ ကောင်းဘက်ကို မြင်စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

သူရဲ့ ကလေးဘဝကလည်း သာမန်ဘဝမဟုတ်ခဲ့ပါဘူး။ သူ့အသက် ၁၀ နှစ်လောက်ရောက်တဲ့အချိန်မှာ ဟာမစ်ရှ်ဟာ အာရှ၊ အာဖရိကနဲ့ ဥရောပအတွင်းက နိုင်ငံ ၇ နိုင်ငံအထိ နေခဲ့ပြီးပါပြီ။

ဒါပေမဲ့ သူ့ဘဝ တလျှောက်လုံးနီးပါး ကြီးစိုးခဲ့တယ်လို့ဆိုနိုင်တဲ့ အလွန်အမင်းစိတ်ဖိစီးမှုနဲ့ နားလည်ရခက်ခက် စိတ်ဒဏ်ရာဟာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ဖြစ်ခဲ့ရတာလို့ သူက ပြောပါတယ်။

သူ့အသက် ၁၁ နှစ်လောက်မှာ နိုင်ရိုဘီမြို့ကိုသွားမယ့် သူစီးလာတဲ့လေယာဉ်ကို ပြန်ပေးဆွဲဖို့ကြိုးစားတဲ့ ခရီးသည်တစ်ဦးကြောင့် လေယာဉ်ဟာ ထိန်းမရဖြစ်ပြီး ပေပေါင်း တစ်သောင်းလောက် ထိုးကျခဲ့မှုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြုံခဲ့ရပြီးနောက်ပိုင်း သူ့ဘဝဟာ အရင်ကနဲ့ မတူတော့ပါဘူး။

ဆယ်ကျော်သက်အရွယ်ကနေ အသက် ၃၀ အရွယ်ဝန်းကျင်အထိ ဟာမစ်ရှ်ရဲ့ အပြုအမူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်တဲ့ဘက်ကို ပိုလို့ ယိမ်းခဲ့ပါတယ်။

"ပိုပြီးဆိုးရွားတဲ့ မူးယစ်ဆေးတွေကို ကျွန်တော် စသုံးလာခဲ့တယ်။ မက်သာဖက်သမင်းလို ခရစ်စတယ်တွေ၊ ငယ်ငယ်တုန်းကတော့ ဘယ်တုန်းကမှ ထိတောင်ထိလိမ့်မယ်လို့ မတွေးခဲ့ဖူးတဲ့အရာတွေကို စပြီး သုံးခဲ့တယ်။ အလုပ်မှာတောင်ရောပေါ့" လို့ ဟာမစ်ရှ်က ပြောပါတယ်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီမှာ သူ သိပ်နေမကောင်းတာမျိုး စပြီး ခံစားလာရတော့ ခေါင်းထဲတွေးစရာတွေ ဝင်လာပါတယ်။ ပထမဆုံး အဆုတ်ထဲ ပိုးဝင်ပါတယ်။ အဲဒီနောက် တခြားနာမကျန်းမှု အသေးစားရောဂါလေးတွေလည်း ကပ်ပါလာပါတယ်။

ပထမပိုင်းတော့ ဒီလိုနေမကောင်းတာဟာ သူ ပါတီတွေ တက်၊ အိပ်ရေးပျက်ရာကနေ ဖြစ်လာတာလို့ ယူဆခဲ့တာပါ။ နောက်ဆုံးမှာတော့ နယူးယီးယား နှစ်သစ်ကူးရောက်ချိန် မျက်လုံး တစ်ဖက် ပိုးဝင်လို့ ဆရာဝန်ပြမှ ဖြစ်မယ်လို့ သူ အသိဝင်ခဲ့ပါတယ်။

သူ ဆေးခန်းကို သွားပြီး စမ်းသပ်တော့မှ သူ့မှာ HIV နောက်ဆုံးအဆင့် (သို့မဟုတ် AIDS) ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ကူးစက်မှု ရှိနေပါပြီ။

"ရုတ်တရက်ကြီး သိလိုက်ရတာ။ ဒီမတိုင်ခင်တုန်းက ကျွန်တော် ဆေးသုံးတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဆေးစွဲနေပြီလားဆိုတာကို လက်မခံ အသိမဝင်ခဲ့ဘူးလေ။ ဆေးစစ်ရလဒ် ထွက်လာတော့လည်း ဒီလိုဖြစ်နေပြီလို့ အဖြေထွက်တာကိုလည်း ကျွန်တော် လက်မခံနိုင်ခဲ့သေးဘူး။ မဖြစ်နိုင်ဘူးဆိုပြီးတော့လေ''

ဒါပေမဲ့ ရောဂါအတွက် ဆေးကုသတာကပဲ သူ့အတွက် ဘဝအသစ်ကို စတင်မှု ဖြစ်ခဲ့ပါတယ်။ဟာမစ်ရှ်ဟာ Alcoholics Anonymous၊ Narcotics Anonymous နဲ့ Sex Addicts Anonymous တဲ့အဖွဲ့တွေရဲ့အကူအညီကို သူ ရယူခဲ့ပါတယ်။ အဲဒီအဖွဲ့တွေဟာ အရက်ပျက်ဖို့နဲ့ ဆေးပျက်ဖို့ အဆင့် ၁၂ ဆင့်နဲ့ ကုသမှုပေးပါတယ်။

လောကုတ္တရာစည်းမျဉ်းတွေကို အခြေခံပြီး တခြားသူတွေကိုလည်း လက်တွဲကူကာ ကိုယ်လည်း တာဝန်သိသိ လိုက်တာနဲ့ ဆေးစွဲ အရက်စွဲတာကို ပြန်လည်ချဉ်းကပ်တာဖြစ်ပါတယ်။

သူ့ဖုန်းထဲကနေ ဘာသာရေး အက်ပလီကေးရှင်း သုံးပြီး သူ တရား စထိုင်ပါတယ်။

ပုန်းရှိုးကွယ်ရှိုး အတိတ်ရဲ့အရိပ်

အဲဒီအဖွဲ့တွေရဲ့အဆင့် ၁၂ ဆင့်ပါ ကုထုံးဟာ အထောက်အကူဖြစ်ပေမဲ့ ဟာမစ်ရှ်ဟာ နောက်ဆုံးမတော့ ဒုံရင်းကို ပြန်ရောက်ပါတယ်။

သူကတော့ သူ့ရဲ့မူးယစ်ဆေးနဲ့ အရက်ကိစ္စတွေဟာ ''ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးတဲ့ပုံစံတစ်ခု'' ဖြစ်ပြီး သူ့ ကလေးဘဝတစ်ခုလုံး သယ်ပိုးလာရတဲ့ အရှက်နဲ့ စိတ်ဒဏ်ရာကို ဖုံးကွယ်ဖို့ ကြိုးစားတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

"အသက် ၃၀ ရောက်တဲ့အထိ အမျိုးသားရော၊ အမျိုးသမီးကိုပါ စိတ်ဝင်စားသူအဖြစ် ကိုယ်တိုင်လက်မခံခဲ့ဘူး။ ဒါပေမယ့်လည်း ကိုယ့်ဖြစ်တည်မှုက ဒါဆိုတာကို ကလေးဘဝကတည်းက သိသလိုရှိခဲ့တယ် " လို့ သူက ရှင်းပြပါတယ်။

"အဲဒီလိုအရာတွေကို ထိပ်တိုက်ရင်ဆိုင် လက်ခံတာမလုပ်ဘူးဆိုရင် သူတို့က အမှောင်ထု အရိပ်ထိုးနေမှာပဲ။ အဲဒါတွေကို ကိုယ်က အစ စွဲထုတ် မရှင်းလင်းတဲ့အထိ အဲဒီနှောင်ကြိုးတွေက ကိုယ့်ကို စည်းနှောင်မွမ်းကြပ်နေမှာပဲ'' လို့ ဟာမစ်ရှ်က ပြောပါတယ်။

သူဆေးစစ်ပြီး တစ်နှစ်အကြာ သူ့ သူငယ်ချင်းက လန်ဒန်က ဗုဒ္ဓစင်တာကို သူ့ကို ဖိတ်ခဲ့တဲ့အချိန်ကစလို့ အံသြဖွယ်ရာပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပါတယ်။

ဆိုမာလီဖွား မွတ်ဆလင်မိခင် နဲ့ စကော့လူမျိုး ခရစ်ယာန် ဖခင်တို့ကနေ မွေးလာခဲ့သူဖြစ်တာကြောင့် သူဟာ ဘာသာရေးနဲ့ အနေဝေး ခဲ့သူပါ။

"ဗုဒ္ဓဘာသာအလေ့အထ စွဲစွဲမြဲမြဲတရားထိုင်ခြင်းဟာ ကိုယ့်ခန္ဓာအတွင်းပိုင်းထဲက အရာတွေနဲ့ ကျွန်တော့် ခေါင်းထဲနဲ့ နှလုံးသားထဲမှာ ဝိုင်းပတ်လည်နေခဲ့တဲ့ မကောင်းတဲ့ သဘောဆောင်တဲ့ ကိုယ်ပိုင်အပြောအဆိုမျိုး အလေ့အထတွေကို ကောင်းကောင်းနားလည်လာစေခဲ့တယ်။''

"ဆိတ်ငြိမ်မှုမှာ အနေကြာလာလေလေ ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းကောင်းကြီး သိလာနိုင်လေလေပါပဲ။ ကိုယ့်ကို ဘယ်အရာတွေက ထိန်းချုပ်စည်းနှောင်ထားလဲဆိုတာကိုလည်း မြင်လာနိုင်လေလေပါပဲ။ ဒီလိုအရာတွေကို သိရှိလာပြီး ခွဲခြမ်းစိတ်ဖြာနိုင်တာကပဲ ကောင်းမွန်တဲ့အရာတွေလို့ သိလာရတယ်''

"လက်ခံတတ်ခြင်းနဲ့ ခွင့်လွှတ်ခြင်းရဲ့အလေ့အထက ရှက်စိတ်ခံစားရမှုကို လျော့ချဖို့ တကယ့်ကို အကူအညီဖြစ်စေခဲ့တယ်" လို့ သူက ရှင်းပြပါတယ်။ "ကိုယ်တိုင်လက်ခံနိုင်မှု၊ ကိုယ်တိုင် စာနာရိုင်းပင်းတတ်မှု အလေ့အထတွေဟာ ကျွန်တော်အတွက် အရာရာကို ပြောင်းလဲခဲ့တယ်"

ပြန်လည်သန်စွမ်းရေးကို ချဉ်းကပ်တဲ့ ဗုဒ္ဓဘာသာဆရာ ၂ ဦးရဲ့လေ့ကျင့်မှုကို လိုက်ပါလုပ်ဆောင်လို့ ဟာမစ်ရှ်အတွက် တိုးတက်မှုရှိလာပါတယ်။

အဲဒီနည်းကိုတော့ ဗန်ကူးဗားက ဗုဒ္ဓဘာသာစင်တာရဲ့ ကျောင်းထိုင်ဆရာတော် ဝိမလစာရနဲ့ ဆေးနဲ့အရက်စွဲလမ်းမှုဆိုင်ရာကို အထူးပြုတဲ့ NHS စိတ်ရောဂါအထူးကုဆရာဝန်ဟောင်း ပါရာမဘန္ဒု ဂရုဗ်စ်တို့ က တီထွင်ထားတာပါ။

အဲဒီနာလန်ထကျင့်စဉ်မှာ အဓိက စည်းမျဥ်း ၃ ခုကို အခြေခံပါတယ်။ ပထမအချက်က ကိုယ့်အတွေးကို သိအောင်လုပ်တာဖြစ်ပါတယ်။ ဒီလိုလုပ်လို့ ကိုယ့်ဘဝမှာ ဘယ်ကိစ္စတွေကို ဘယ်လို အကောင်းဆုံးလုပ်မလဲဆိုတဲ့ စွမ်းရည်ကို ရရှိနိုင်ပါတယ်။

ဒုတိယတစ်ခုကတော့ ကိုယ်ဝမ်းနည်းနေတာပဲဖြစ်ဖြစ်၊ ပျော်နေတာပဲဖြစ်ဖြစ်၊ စိတ်ဆိုးနေတာပဲ ဖြစ်ဖြစ် ပစ္စုပ္ပန််ကို တည့်တည့်ရှုတာဖြစ်ပါတယ်။

နောက်ဆုံးအရာကတော့ တပါးသူတွေအနေနဲ့လည်း ပစ္စုပ္ပန် အခိုက်အတန့်မှာ ရွေးချယ်မှုကောင်းတွေ ဘယ်လိုလုပ်ကြမလဲဆိုတာဖြစ်ပါတယ်။

ဒါတွေကို လုပ်မယ်ဆိုရင် ''ဆေးနဲ့ အရက်လိုအရာတွေကို ရဖို့ လိုက်လုပ်နေတာထက် ပိုကျန်းမာစေတဲ့အရာတွေကိုပဲ လက်လှမ်းမီအောင် ကြိုးစားချင်စိတ်ကို ဖြစ်လာစေတယ်'' လို့ ဟာမစ်ရှ်က ရှင်းပြပါတယ်။

လောကီနည်းလား၊ လောကုတ္တရာနည်းလား

ဆေးစွဲ အရက်စွဲရင် သေဆုံးတဲ့အထိဖြစ်နိုင်တယ်ဆိုတာက သံသယဖြစ်စရာမရှိပါဘူး။ ၂၀၁၉ ခုနှစ်အတွင်း အရက်ကြောင့် လူ ၂.၆ သန်း သေဆုံးခဲ့ပြီး အဲဒီပမာဏဟာ ကမ္ဘာပေါ်က သေဆုံးမှုအားလုံးရဲ့ ၅ ရာခိုင်နှုန်းအထိရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။ စိတ်ပိုင်းဆိုင်ရာတက်ကြွစေတဲ့ မူးယစ်ဆေးတွေကြောင့် ကမ္ဘာပေါ်မှာ နှစ်စဥ်လူပေါင်း ၆၀၀,၀၀၀ သေဆုံးနေပါတယ်။

ပြဿနာတွေအားလုံးကို အဖြေတစ်ခုတည်းနဲ့တော့ မဖြေရှင်းနိုင်ပါဘူး။ မကောင်းတဲ့အတွေးတွေကနေ မကောင်းတာတွေ မလုပ်မိအောင် သိစိတ်က သိနိုင်အောင်လုပ်တဲ့ CBT လို ပြန်လည်ထူထောင်ရေး အားထုတ်လေ့ကျင့်မှုမျိုးက အလုပ်ဖြစ်ပါတယ်။

အဆင့် ၁၂ ဆင့်ပါ အဖွဲ့တွေဟာ ဆေးစွဲ အရက်စွဲကို ဝင်ဟန့်ရာမှာ ကမ္ဘာတလွှားမှာ လူသိများတယ်လို့ မှတ်ယူနိုင်ပါတယ်။ Alcoholics Anonymous (AA) အဖွဲ့ဟာ သူတို့တဲ့ ပထမဆုံး အရက်ဖြတ်ကုထုံးအစီအစဉ်ကို ၁၉၃၅ ခုနှစ်မှာ စတင်ပါတယ်။ အခုတော့ စွဲလမ်းမှုတစ်ခုချင်းစီအလိုက် သီးသန့် ကုထုံးပေးတဲ့အဖွဲ့တွေလည်း ရှိနေပါပြီ။

အဲဒီအဖွဲ့ရဲ့ ဆောင်ပုဒ်ကတော့ အဖွဲ့ဝင်ဖြစ်ဖို့ ဘယ်ဘာသာဝင်၊ ဘယ်ဂိုဏ်းဝင်ဖြစ်စရာမလိုဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အဆင့် ၁၂ ဆင့် အစီအစဥ်အတွက် အဓိက အချက်က ကိုယ်ကသာ ကိုယ့်ဘဝ ပဲ့ကိုင်ရှင်ဆိုတဲ့ စိတ်ထား ထားနိုင်ဖို့ ဖြစ်ပါတယ်။

ပြင်ပအားအင်ကို အခုလို ပဓာနထားမှုကြောင့်ပဲ အများစုက အခု ၁၂ ဆင့် အစီအစဉ်ဟာ လောကုတ္တရာနွှယ်တယ်လို့ မှတ်ယူကြပါတယ်။

ဒေါက်တာ ပီတာဟေလ်လန်ဟာ အီဒင်ဘရာ နာပဲအာတက္ကသိုလ်က စွဲမက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ လူမှုစောင့်ရှောက်ရေးအထူးပြု ကထိကတစ်ဦးဖြစ်ပါတယ်။

လူတွေသူတို့ရဲ့ စွဲမက်မှုကို အောင်မြင်စွာကျော်လွှားနိုင်ဖို့အတွက် အရေးကြီးတဲ့ အချက် ၄ ချက်ရှိတယ်လို့ သူက ပြောပါတယ်။

ပထမအချက်က ရည်ရွယ်ချက်တူ ယုံကြည်ချက်တူတဲ့အသိုက်အဝန်းတစ်ခုထဲမှာ ဖြစ်တည်ခြင်းပါ။

"အချို့အတွက်တော့ အဆင့် ၁၂ ခုအစီအစဥ်က ရည်ရွယ်ချက်တူသူတွေ စုကြတာမျိုးပေါ့။ ပြန်လည် နာလန်ထူရေးအဖွဲ့တွေ ဖြစ်နိုင်တယ်၊ ခရစ်ယာန်ဘုရားကျောင်း ဒါမှမဟုတ် တရားထိုင်ရာနေရာတစ်ခု ဒါမှမဟုတ် ဗလီတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ လူမှုရေးအလုပ်တွေလုပ်ပြီး လူမှုအသိုက်အဝန်းနဲ့ တွေ့တာ၊ အားပေးသူ ရှိတာတွေကလည်း အရေးကြီးတယ် " လို့ ဒေါက်တာ ဟေလ်လန်ကပြောပါတယ်။

ဒုတိယအရေးကြီးတဲ့အချက်ကတော့ "ပြန်လည်နလန်ထူတဲ့အစဉ်အလာကို ထိန်းနိုင်အောင် စိတ်မအားဘဲ နစ္စဓူဝ အလုပ်ရှိအောင်လုပ်တာပေါ့။'' အားကစားရုံ ပုံမှန်သွားတာ၊ နေ့စဉ် တရားထိုင်တာမျိုးပါ။

နောက်တစ်ခုကတော့ "အဓိပ္ပါယ်ရှိအောင်တည်ဆောက်ခြင်းပေါ့။ ကိုယ်ဘာတွေကို ကျော်ဖြတ်နေရလဲဆိုတာကို သိအောင်လုပ်ပြီး ဘဝသစ်တစ်ခုကို ထူထောင်ဖို့ ဘောင်တစ်ခု စတင်တာမျိုး ပေါ့'' လို့ ဒေါက်တာဟေလ်လန်က ပြောပါတယ်။

ဘာသာရေးဟာ အထူးသဖြင့်တော့ "ကမ္ဘာကြီးနဲ့ပတ်သက်ပြီး အမြင် အသစ်တစ်ခုကို မြင်လာစေဖို့ ပုံဖော်ပေးတယ်'' လို့ သူက ဆိုပါတယ်။

နောက်ဆုံးကတော့ "ကိုယ့်ဘဝ ကိုယ့်ဖြစ်တည်မှုအသစ်ကို တွေ့ရှိပြီး သတိကပ်လာစေရေးက အရေးကြီးတယ်'' လို့ သူက ထောက်ပြပါတယ်။

ဒါကို လောကီရေးရာနဲ့ ချဉ်းကပ်ပြီး တွေ့ရှိနိုင်ဖို့ ဖြစ်နိုင်ပေမဲ့ ဘာသာရေးနဲ့ လောကုတ္တရာအရေး လိုက်စားတာကလည်း အဲဒီအတွက် လူအများကို အထောက်အကူ ဖြစ်စေပါတယ်။

ဟာမစ်ရှ်ကတော့ ဗုဒ္ဓဘာသာဟာ သူ့ဖြစ်တည်မှုနဲ့ သူ့လျှောက်လှမ်းမယ့်လမ်းသစ်ကို တွေ့ရှိအောင် အထောက်အကူဖြစ်ခဲ့သလို ဘဝကို အရှိအတိုင်းလက်ခံ လာစေတဲ့စိတ်လည်း ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

ပထမဆုံး HIV ရှိတယ်လို့ စစ်ဆေးသိရှိပြီးခဲ့တုန်းက ဘယ်သူ့ကိုမှ သူ ထုတ်မပြောခဲ့ပါဘူး။ အဲဒီလိုအခြေအနေမျိုးနဲ့ နေထိုင်တဲ့ဘဝတူတွေအတွက် ပညာပေးလှုပ်ရှားတဲ့သူ့အားထုတ်မှုတွေကြောင့်ပဲ အခုတော့ ဗြိတိန်ဝန်ကြီးချုပ်နဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာ တွေ့ဆုံနိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

"ဗုဒ္ဓဘာသာရဲ့အလှပဆုံးသောအရာတစ်ခုက သိမှု အလင်းပွင့် စေတာပါ။ ကိုယ်ဘာလဲဆိုတာ သိစေတယ်။ ကိုယ်လုပ်တာဟာ လောကကောင်းကျိုး ကိုယ့်ကောင်းကျိုး ဘယ်လောက်အဖြစ်စေလဲဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ် ဆင်ခြင်မိစေတယ်''

"ကိုယ့်ဘဝရဲ့အတော်များများမှာ ကိုယ့်ကိုယ်ကိုယ်ဘယ်တုန်းကမှ အဲဒီလိုမေးခွန်းမျိုးမမေးခဲ့ဘူး။ ဒီတော့ ပြဿနာတွေလည်း အများကြီးကို ဖြစ်ခဲ့တာ။ အခုတော့ အဲဒီမေးခွန်းတွေကို မေးနေပြီး အဲဒီအရာတွေကပဲ ကောင်းမွန်တဲ့ဆီကို ဦးတည်နေပါပြီ" လို့ ဟာမစ်ရှ်က ဝန်ခံပါတယ်။

ဆေးစွဲ အရက်စွဲတဲ့ဘဝကို ရုန်းကန်ခဲ့ရသူဖြစ်တာကြောင့် ဟာမစ်ရှ်ဟာ သူဖြတ်သန်းခဲ့တဲ့ ကိုယ့် ဘဝ ကိုယ်ဖျက်တဲ့အခြေနဲ့ လမ်းပျောက်ခဲ့တဲ့အခြေအနေကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာကို ရိုးရိုးရှင်းရှင်းအကြံတစ်ခု ပြုပါတယ်။

"တစ်စုံတစ်ယောက်ကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါ။ ကိုယ်တိုင်ကလည်းရိုးသားပါ။ ပြီးတော့ ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်နဲ့လည်း ရိုးသားပေးပါ။"