စက်တင်ဘာ ၂၂ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ‌ရေ‌ဘေးအလှူငွေ မှန်းထားတာထက် ၁၀ ဆနီးပါးရခဲ့တယ်လို့ စစ်ခေါင်းဆောင် ပြော

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် သဘာဝဘေးဒဏ်သင့်တဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်နိုင်ဖို့ စေတနာရှင်တွေ လှူဒါန်းတဲ့အလှူငွေဟာ မှန်းထားတာထက် ၁၀ ဆနီးပါး ရရှိခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောလာပါတယ်။

နေပြည်တော် မြို့တော်ခန်းမမှာ စက်တင်ဘာလ ၂၁ ရက်တုန်းက ပြုလုပ်တဲ့ အလှူငွေလက်ခံ အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က အလှူငွေကို သူမှန်းဆခဲ့တာ မြန်မာကျပ်တွေ သုံးဘီလျံနဲ့ ၄ ဘီလျံကြားဖြစ်ပေမဲ့ အမှန်တကယ်ရရှိတဲ့အလှူငွေဟာ ဘီလျံ ၃၀ ကျော်တာကြောင့် ကျေးဇူးတင်တဲ့အကြောင်းလည်း အလှူရှင်တွေကိုပြောပါတယ်။

‘‘ဒီနေ့ ခင်ဗျားတို့ လှူတဲ့ ပိုက်ဆံက ၃၁ ဘီလျံကျော်ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး၊ ကျွန်တော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့လဲ ငွေသုံးရတာနဲ့ပတ်သက်လို့ရှိရင် အရမ်းသုံးလို့ လည်းမရပါဘူး၊ အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်းသွားပြီးတော့ အများကြီး စကားပြောပါတယ်၊ ... ကျွန်တော်မှတ်ထားပါမယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့၊ မှတ်ထားပါမယ်’’ လို့ သူက ပြောပါတယ်။

နောက်လမှာ သန်းခေါင်စာရင်းကောက်ပြီးတဲ့အခါ မဲစာရင်းကို ပြုစုပြီး ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်တယ်လို့လည်း သူက မြန်မာပြည်က ထိပ်တန်းလုပ်ငန်းရှင်တွေအများစုပါတဲ့ အလှူငွေ လက်ခံပွဲမှာ ပြောသွားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ မိုးသည်းပြီးရုတ်တရက် ရေကြီးမှုတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ စက်တင်ဘာလ ၂၁ ရက်အထိဆိုရင် သေဆုံးသူ ၃၅၄ ဦးအထိရှိပြီး နေပြည်တော်က ၁၆၀ နဲ့ သေဆုံးသူအများဆုံးဖြစ်ပါတယ်။

မတ္တရာမြို့နယ်ထဲ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုတွေအတွင်း ဒေသခံ ၇ ဦးသေဆုံး

မန္တလေးတိုင်း၊ မန္တလေးမြို့ကနေ မိုင်အနည်းငယ်အကွာ မတ္တာရာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း အရပ်သား ၇ ဦး သေဆုံးတယ်လို့ မြေပြင်အခြေအနေသိသူတွေကနေ သိရပါတယ်။

မင်းကွန်းတစ်ဖက်ကမ်း ဧရာဝတီမြစ်ကမ်းဘေးက သုံးဆယ်ပေးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းတာတွေအတွင်း အခုလို လက်နက်ကြီးပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

‘‘ဆူးလေကုန်းကျေးရွာထဲက ပြည်သူအိမ်ကို ကျတာ လေးယောက် ပွဲချင်းပြီး ဆုံးတယ်။ အရင်နေ့ (စက်တင်ဘာလ ၂၀ ရက်)မှာ ရွာသစ်ရွာက အိမ်ပေါ်ကို ကျလို့ ပြည်သူ ၃ ဦးသေဆုံးရတယ်’’ မြေပြင်အခြေအနေ ကင်းထောက်နေသူတွေက ဘီဘီစီကို ပြောပါတယ်။

လက်နက်ကြီးကျပြီး လူသေဆုံးမှုဖြစ်ခဲ့တဲ့ ရွာသစ်နဲ့ ဆူးလေကုန်းဟာ စက်တင်ဘာလ ၂၁ ရက်မှာ စစ်တပ် စစ်ကြောင်းထိုးတဲ့ သုံးဆယ်ပေးရွာ အထက်ပိုင်းနဲ့ အောက်ပိုင်းမှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလှုပ်ရှားတဲ့ သုံးဆယ်ပေးကျေးရွာကို စစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးတဲ့ စက်တင်ဘာလ ၂၁ ရက် မနက်ပိုင်းမှာတော့ လက်နက်ကြီး ပစ်ခတ်မှု ဆယ်ချီ ရှိခဲပါတယ်။

‘‘မနေ့က မနက် ၅ နာရီလောက်ကနေ ၁၁ နာရီအထိ (လက်နက်ကြီး)အချက် ၅၀၊ ၆၀ လောက် ပစ်တယ်။ နောက်ပိုင်း ဂျက်ဖိုက်တာ ၂ စီးနဲ့တိုက်တယ်။ ရွာဦးကျောင်းနဲ့ ရွာအရှေ့ဘက်က စာသင်ကျောင်းပျက်စီးတယ်လို့ သိရတယ်။ PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့အိမ်တွေကို စစ်တပ်က မီးရှို့တာမျိုးရှိတယ်။ ဘယ်လောက်ပျက်စီးသွားပြီလဲ ဆိုတာတော့ ဝင်မကြည့်နိုင်ကြသေးလို့ မသိရသေးဘူး’’ လို့ သုံးဆယ်ပေးရွာခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းအထိ စစ်တပ်က သုံးဆယ်ပေးရွာထဲမှာ ဆက်လက်တပ်စွဲထားတယ်လို့လည်း မြေပြင်အခြေအနေသိသူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ မတ္တရာက အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်တွေမှာတော့ PDF တွေ အခြေပြုနေတဲ့ သုံးဆယ်ပေး၊ သဖန်းဒေါက်နဲ့ ဒေါင့်ကျွန်း ရွာတွေကို စစ်တပ်က သိမ်းလိုက်ပြီလို့ ရေးသားနေကြပါတယ်။

အင်းတိန်မှာ ရုတ်တရက်ရေကြီးမှု သေဆုံးပျောက်ဆုံးသူ ၇ ဦးထက်မနည်းရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက အင်းတိန်ရွာမှာ ဘီလူးချောင်းရေ ရုတ်တရက်မြင့်တက်ခဲ့တာကြောင့် ‌ချောင်းအနီး ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေသူ ၇ ဦးထက်မနည်း သေဆုံး ပျောက်ဆုံးခဲ့တယ်လို့ ဘီဘီစီက သိရပါတယ်။

သေဆုံးပျောက်ဆုံးသူတွေဟာ လွိုင်ကော်ဘက်ကနေ စစ်ရှောင်လာသူတွေဖြစ်ပြီး စက်တင်ဘာလလယ်ပိုင်းမှာ တောင်ကျရေကြောင့် ဘီဘူးချောင်းရေ ရုတ်တရက်ကြီးချိန် ရေထဲမြောပါ သေဆုံးခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။

ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံးဖြစ်တဲ့ ဘီလူးချောင်းရေလျှံတာကြောင့် ချောင်းဘေးက နာမည်ကြီးစားသောက်ဆိုင်အချို့နဲ့ အိမ် ၁၅ လုံးနီးပါး ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

‘’ကျွန်တော် အင်းတိန်မှာ လုပ်ငန်းလုပ်နေတာ နှစ်ပေါင်း ၃၀ ကျော်ပြီ။ လွန်ခဲ့တဲ့ ၈ နှစ်၊ ၉ နှစ်လောက်ကပဲ ချောင်းရေကြီးတာကြုံဖူးတယ်။ အဲဒါက ခြေမျက်စိလောက်ပဲ ရေတက်တာ။ အခုက လူ့အရပ်တစ်ရပ်လောက်အထိ ချောင်းရေတက်ခဲ့တာ’’ အင်းတိန်ရေကြီးမှုမှာ ပျက်စီးသွားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တစ်ဖက်မှာလည်း အင်းလေးကန်ထဲမှာ အင်းတိန်ကနေ စီးဆင်းသွားတဲ့ ချောင်းရေတွေအပါအဝင် ချောင်းဆယ်ချီက စီးဆင်းတဲ့ရေတွေကြောင့် အင်းလေးကန်ထဲက ကျေးရွာပေါင်း ၁၇၀ ကျော်မှာ ရေကြီး နစ်မြုပ်မှု ဖြစ်နေပါတယ်။

ရန်ကုန် လူထုလှုပ်ရှားမှု ဦးဆောင်သူ ၄ ဦး စစ်ကြောရေးမှာ နှိပ်စက်ခံနေရတယ်လို့ဆို

ရန်ကုန်လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်သူ ၄ ဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရပြီး စစ်ကြောရေးမှာ နှိပ်စက်ခံနေရတယ်လို့ တကသကျောင်းသားဟောင်းများအင်အားစုက စက်တင်ဘာ ၂၁ ရက်ညပိုင်းမှာထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေက တကသကျောင်းသားဟောင်းများအင်အားစု တွဲဖက်တည်ထောင်သူ၊ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ လူငယ်သပိတ်ကော်မတီ(YSC)ဦးဆောင်သူ ကိုအောင်မင်းခိုင်(ခ)မဲကြီး၊ YSC အဖွဲ့ဝင် မမြမဥ္ဇူနဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလူငယ်တွေဟာ စက်တင်ဘာလ ၁၉ ရက်တုန်းက ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေအလိုမရှိကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြအပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားတဲ့အပြီးမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုခံခဲ့ရတာလို့ ဘီဘီစီက နားလည်ရပါတယ်။

ဖမ်းဆီးခံလိုက်ရသူ ၄ ဦးရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို အထူးစိုးရိမ်တယ်လို့လည်း တကသကျောင်းသားဟောင်းများအင်အားစုက ဆိုပါတယ်။

ကိုဇော်လင်းထွဋ်၊ မမြမဥ္ဇူနဲ့ မနှင်းအိခိုင်တို့ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးထောင်ချခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့သူတွေဖြစ်ပါတယ်။

“အခုလို အဖမ်းပြန်ခံရတယ်လို့ ကြားရတော့ ပြည်တွင်းထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေကို ပိုပြီး စိတ်ပူမိတယ်။ နိုင်ကျဉ်းဟောင်းတွေကို ပိုပြီး အာရုံစိုက်လာပြီး စစ်တာ ဆေးတာတွေ လုပ်လာနိုင်တယ်'' လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တော်လှန်ရေးအင်အားစုတွေဟာ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေခပ်စိတ်စိတ်လုပ်လာပြီး ကုန်ဈေးနှုန်းကျဆင်းရေးနဲ့စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း လမ်းပေါ် တက် ဆန္ဒဖော်ထုတ်တာကို စက်တင်ဘာလ ၁၉ ရက်မှာ နောက်ဆုံးပြုလုပ်ထားပါတယ်။

ရမည်းသင်း၊ ကင်းရွာက ရွှေရှာတဲ့နေရာမှာ ‌မြေပြိုလို့ ၁ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စုထဲက ကင်းရွာမှာ ရွှေရှာနေတဲ့ လုပ်ကွက်အတွင်း တောင်ကမ်းပါးပြိုကျလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး နောက်ထပ် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့ ရမည်းသင်းနယ်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရွှေလုပ်ကွက်အကြီးမဟုတ်ဘဲ တနိုင်တပိုင်ရွှေကျင်တာလုပ်ကိုင်ကြတဲ့လုပ်ကွက်မှာ စက်တင်ဘာလ ၂၁ ရက် ဖြစ်ပွားခဲ့တာလို့လည်း သူက ပြောပါတယ်။

“ဒဏ်ရာရသူတွေကို ကင်းရွာကနေ ရမည်းသင်းမြို့ပေါ် ဆေးရုံကို တင်ထားပြီးဖြစ်ပါတယ်။ ကင်းရွာက ရမည်းသင်းရဲ့ တောင်ပေါ်ဒေသလို့ ပြောရမယ်။ ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တဲ့နေရာဖြစ်လို့ နေလို့မသင့်တော့တဲ့နေရာလို့ ပြောလို့ရတယ်” လို့ သူက ပြောပါတယ်။

ကင်းရွာဟာ မိုးနှောင်းကာလ စက်တင်ဘာလလယ်ပိုင်းတုန်းက မိုးသည်းပြီး ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် လူဒါဇင်နဲ့ချီသေဆုံးခဲ့တဲ့ အင်တိုင်းကျေးရွာအုပ်စုထဲမှာရှိပါတယ်။

“မြို့နယ်တစ်ခုလုံး လမ်းတံတားတွေလည်းပျက်ကုန်ပြီ။ စိုက်ပျိုးသီးနှံလည်း ဆုံးရှုံးကုန်တယ်။ အကုန်ခက်ခဲကုန်ကြပေမဲ့ အခုလိုမိုးရေကြောင့်မြေပွနေတဲ့အချိန်မှာ အန္တရာယ်ရှိတဲ့နေရာမှာ အလုပ်တွေမလုပ်သင့်သေးဘူး”လို့ ရမည်းသင်းမြို့နယ်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက အကြံပြုပါတယ်။

ရမည်းသင်းမြို့နယ်တစ်ခုလုံးအတိုင်းအတာနဲ့ အခုရေကြီးကာလမှာ သေဆုံးသူ တစ်ရာကျော်ရှိမယ်လို့ ရေဘေး ကူညီရေးလုပ်နေသူတွေက ခန့်မှန်းပါတယ်။

ဦးကျော်မိုးထွန်းကို ကုလဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် ဆက်ပြီးခန့်အပ်ရေး အမေရိကန်နဲ့ ဗြိတိန်ရောက် မြန်မာတွေ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားရေးကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံမှာရှိတဲ့မြန်မာတွေက စက်တင်ဘာလ ၂၁ ရက်မှာ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာပြုလုပ်တဲ့ပွဲကိုတော့ ဗြိတိန်ရောက် မြန်မာတွေက လွှတ်တော်ရင်ပြင်နဲ့ ‌ဗြိတိန်ဝန်ကြီးချုပ်နေအိမ်အနီးမှာပြုလုပ်ခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခုတောင်းဆို ဆန္ဒဖော်ထုတ်ပွဲတွေဟာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ စက်တင်ဘာလ ၁၀ ရက်ကစလို့ စတင်ကျင်းပနေပြီဖြစ်ပြီး ကုလသမဂ္ဂ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်နေပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက တင်ပြလာတဲ့ နိုင်ငံကိုယ်စားလှယ်တွေကို စိစစ်တဲ့ အရည်အချင်းစစ်ကော်မတီ (Credentials Committee) ကိုလည်း ညီလာခံအဖွင့်နေ့မှာပဲ အင်တီဂွာနဲ့ ဘာဘူဒါ၊ ကာဘိုဗာဒီ၊ တရုတ်၊ ဒိုမီနီကာ၊ လာအို၊ လိုင်ဘီးရီးယား၊ မိုနာကို၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့နဲ့ ဖွဲ့စည်း လိုက်ပြီဖြစ်ပါတယ်။

ဒီကော်မတီဟာ မြန်မာစစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် သံအမတ်ကြီးနေရာအတွက် NUG သံအမတ် ဦးကျော်မိုးထွန်းနဲ့ စစ်ကောင်စီက အဆိုပြုတဲ့ ကိုယ်စားလှယ် ဘယ်သူ့ကို မှ အတည်ပြုပေးတာမရှိသေးပဲ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ဒီလိုဆုံးဖြတ်ချက် ဆိုင်းငံ့ထားတာကြောင့် NLD အစိုးရ လက်ထက်မှာ မြန်မာကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရတဲ့ ဦးကျော်မိုးထွန်းကပဲ ကုလအထွေထွေညီလာခံအစည်းအဝေးတွေကို တက်ရောက်ခွင့်ရနေပါတယ်။

Credentials Committee လို့ ‌ခေါ်တဲ့ ကုလအရည်အချင်းစစ်ကော်မတီအကြောင်း ဘီဘီစီ ရှင်းပြချက် ဆောင်းပါးကိုလည်း ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

လားရှိုးနဲ့ နောင်ချိုမှာ တစ်ရက်တည်း ၅ နေရာ ဗုံးကြဲခံရ

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်(MNDA) သိမ်းထားတဲ့ လားရှိုးမြို့နဲ့ တအာင်းတပ် (TNLA) သိမ်းထားတဲ့ နောင်ချိုမြို့တို့ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၁ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။

တအာင်းတပ်(TNLA)ရဲ့ထုတ်ပြန်ချက်အရ နောင်ချိုမြို့ ညဈေးတန်း၊ မြို့မဈေးနဲ့ ရပ်ကွက် ၄ တို့မှာ Y-12 နဲ့ စက်တင်ဘာ ၂၁ ရက် မနေ့က မနက်ပိုင်းမှာ လာရောက် ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ဒေသခံတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ်နဲ့ ဈေးဆိုင်ခန်းတချို့ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ကလေးငယ် ၂ ဦး အပါအဝင် လူပေါင်း ၁၅ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ ကိုးကန့်တပ်သိမ်းထားတဲ့ လားရှိုးမြို့ကို မနေ့ကညပိုင်း ၁၀ နာရီ မိနစ်၂၀ ဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

စစ်တပ်က ကြဲလိုက်တဲ့ဗုံးဟာ လားရှိုး မိုတယ်နဲ့ အထက ၃ ကျောင်းရှေ့က ပြောင်းပွဲရုံရှိတဲ့ လူနေ အိမ်ကို ထိမှန်ခဲ့ပေမဲ့ လူထိခိုက်သေဆုံးတာမရှိခဲ့ပါဘူး။

MNDAA က အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက သြဂုတ် ၃၀ ရက်၊ စက်တင်ဘာ ၈ ရက်၊၉ ရက် နဲ့ ၂၁ ရက်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်နက်ကိုင် အကြမ်းဖက် သောင်း ကျန်းသူတွေဟာ မြို့ရွာတွေထဲ အဓမ္မ ဝင်ရောက်နေထိုင်နေကြတာကြောင့် နိုင်ငံတော် အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ သတင်းရရှိမှုနဲ့ အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး လိုအပ်သလို တုံ့ပြန် ဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၄ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြုလုပ် တဲ့တွေ့ဆုံပွဲမှာ ပြောထားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တောင်ကြီးခရီးစဥ်အပြီးမှာပဲ ရှမ်း‌မြောက်နဲ့ ရှမ်း-ကယားနယ်စပ်အပြင် တိုင်းရင်းသား လက်နက်ကိုင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်ရဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဘီလူးချောင်းရေ ထပ်တက်လာနေတဲ့ လွိုင်ကော်မှာ ယာယီရွှေ့ပြောင်းနေရသူ ထောင်နဲ့ချီရှိနေ

ကယား(ကရင်နီ)ပြည်နယ်မြို့တော် လွိုင်ကော်မှာ ဘီလူးချောင်းရေလျှံပြီး ရပ်ကွက်အများစုမှာ ရေကြီးရေလျှံဖြစ်နေကာ ကယ်ဆယ်ရေးစခန်း ၃ ခုနဲ့ နီးစပ်ရာဆွေမျိုးတွေဆီ ရွှေ့ပြောင်းနေရသူတွေရှိတယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်ကစပြီး ဘီလူးချောင်းရေမြင့်တက်လာတာ နောက်တစ်ရက်မှာ မြေနိမ့်ပိုင်းနေသူတွေ အရေးပေါ် ရွှေ့ပြောင်းခဲ့ရတာပါ။

“စခန်းတွေမှာက အပြည့်ပဲ။ လူ ၉ ထောင်လောက်ရှိမယ်။ ဒီနေ့က ပထမ ရေတက်လာတဲ့ရပ်ကွက်တွေအပြင် နောက်ထပ် ရပ်ကွက် ၂ ခုလောက်ပါ ရေဝင်လာပြီ” လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရေစဝင်လာခဲ့တဲ့ နမ့်ကွက်ရပ်ကွက်မှာ အိမ်ခေါင်မိုးအထိ ရေတက်နေပြီး ဒေါနူးကူး၊ မင်းစု၊ ရှမ်းပိုင်း၊ရွှေတောင်၊ ဈေးပိုင်း၊ မင်္ဂလာနဲ့ ဒေါတမ္မရပ်ကွက်တွေမှာ ဘီလူးချောင်းရေလျှံတဲ့ဒဏ်ကို ခံစားနေကြရတာပါ။

“ရေကတော့ တစ်ရက်ကို ၅ လက်မလောက် တက်လာတယ်။ အခုတော့ ရေဝင်တဲ့ ရပ်ကွက်အားလုံး မီးဖြတ်ထားတယ်” လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ ရေဘေးရှောင်ရသူတွေကို သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတချို့ကိုရွှေ့ပြောင်း ပေးထားတာဖြစ်ပါတယ်။

ကရင်နီပြည်နယ်ထဲက ဘော်လခဲ၊ ဖားဆောင်းမြို့နယ်တွေဘက်က စစ်ရှောင်လာသူတွေ နေထိုင်ရာ ဘုန်းကြီးကျောင်းတွေ ရေဝင်လာလို့ ယာယီစခန်းတွေကိုထပ်မံရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒေသခံတွေရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ရေက ဒူးလောက်ကနေ အိမ်နစ်မြှုပ်တဲ့ ထိတက်နေသလို လွိုင်ကော်တိုက်ပွဲအတွင်း ပျက်စီးခဲ့တဲ့ အိမ်တွေထဲလည်း ‌ရေဝင်ရောက်နေတာဖြစ်ပါတယ်။