စစ်ခေါင်းဆောင်တွေ စစ်အုပ်ချုပ်ရေးဒေသတွေဆီ ဘာကြောင့်သွားသလဲ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ်တွေကို စစ်ခေါင်းဆောင်တွေ ဆက်တိုက်ဆိုသလို သွားရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စစ်ကိုင်းတိုင်း ထဲက အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကို မတ်လ ၁၉ ရက် က သွားခဲ့သလို ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ကယားပြည်နယ် ကို မတ်လ ၁၅ ရက် က သွားခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တပ်နယ်တွေကို သွားခဲ့တာက လာမယ့် မိုးဦးမကျခင်မှာ စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဖို့ အနီးကပ်ညွှန်ကြားမှုပေးတာလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ နှစ်နှစ်ကျော်တဲ့အထိ မထိန်းနိုင်ခဲ့တဲ့ ဒီနယ်မြေတွေကို လပိုင်းအတွင်း တည်ငြိမ်သွားအောင်ထိန်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ လို့ တစ်ဆက်တည်း သုံးသပ်နေကြပါတယ်။

နမခ ကိုပစ်ခတ်ကြသူများ

စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ အာဏာသိမ်းပြီးတဲ့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကို ပထမဆုံးသွားတဲ့ ခရီးစဥ်လည်းဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မရောက်လာခင်တစ်ပတ်လောက်အလိုကတည်းက မုံရွာအနီးတစ်ဝိုက်ကရွာတွေကို တပ်ကစစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်း တာတွေလုပ်နေခဲ့ပါတယ်။

အထူးသဖြင့် မုံရွာအမြင့်လမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး မတ်လ ၁၇ ရက် နဲ့ ၁၈ ရက် နှစ်ရက် အတွင်းမှာတင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်း သုံးခု စီးနင်းခံရပါတယ်။ စီးနင်းမှု အတွင်း ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ငါးဦး အသတ်ခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မုံရွာမြို့အဝင်အထွက်တွေကို စစ်ဆေးရေးတင်းကပ်ထားသလို မြို့တွင်းမှာလည်း လုံခြုံရေးကင်းလှည့်တာတွေရှိလို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို အရေးကြီးတဲ့သူတစ်ယောက် ရောက်လာတော့မယ်ဆိုတာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရိပ်မိနေကြပါတယ်။

စုံစမ်းကြည့်လိုက်တဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်နေတဲ့အကြောင်း သူတို့သိရှိခဲ့ကြပါတယ်။

‘မုံရွာမြို့ကြီးက ငြိမ်သက်သွားတာ။ ဒီလိုတော့မဖြစ်ချေဘူး။ လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် တစ်ခုခုလုပ်ကြမယ်ဆိုပြီး နမခ ကို သွားပစ်တာ’ လို့ Chindwin Attack Force က တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ကြိမ်ဖန်များစွာ သွားရောက်ပစ်ခတ်နေကြမို့ လုံခြုံရေးတွေချထားတဲ့ကြားက ပစ်ခတ် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။

စစ်ခေါင်းဆောင်စစ်ကိုင်းကို ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ တိုက်ပွဲကတော့ ရှိနေမှာပဲလို့ မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

‘’သူတို့အတွက်က နမခ အပြင်ကိုထွက်လိုက်တာနဲ့ ရှေ့တန်းပဲ။ ကျွန်တော်တို့အတွက်လည်း ကိုယ့်စခန်းထဲကိုယ်ရှိနေလည်း ရှေ့တန်းပဲ’’ လို့ သူကပြောပါတယ်။

Chindwin Attack Force က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို သွားရောက်ပစ်ခတ်ခဲ့တဲ့ မတ်လ ၁၉ ရက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီတပ်နယ်ထဲမှာရောက်နေပြီး တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံနေပါတယ်။

တပ်တွင်းစည်းလုံးညီညွတ်ရေးအလေးထားဆောင်ရွက်ဖို့ နဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်းရော တပ်မတော်ကိုပါ သစ္စာရှိဖို့ စစ်ကောင်စီဥက္ကဋ္ဌက မှာကြားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တခြားတပ်နယ်တွေရောက်တိုင်းပြောနေကြဖြစ်တဲ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးဖို့နဲ့ ငြိမ်းချမ်းမှုရဖို့၊တရားဥပဒေစိုးမိုးရေးရရှိဖို့ ဦးတည်ဆောင်ရွက်နေတယ်ဆိုတဲ့ စကားတွေကိုပဲ ထပ်ပြောပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီဥက္ကဋ္ဌဟာ မုံရွာတပ်ဆေးရုံက ဒဏ်ရာရ အရာရှိ၊စစ်သည်တွေနဲ့ ပြည်သူ့စစ်(ဋ္ဌာနေ)တွေကိုပါ သွားရောက်ကြည့်ရှုပါတယ်။

မတ်လ ၂၀ မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အစိုးရအဖွဲ့ရုံးမှာလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့ပြီး မုံရွာမြို့ထဲက ရန်ကင်းကျောင်းတိုက်ကို သွားရောက်ခဲ့ပါတယ်။

‘’လမ်းဆုံတိုင်းမှာ လုံခြုံရေးတွေရှိတယ်။ အရပ်ဝတ်တွေပါပါတယ်’’ လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီနေ့မှာပဲ လုံခြုံရေးတင်းကြပ်ထားတဲ့မုံရွာမြို့ထဲမှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

‘’သူကိုယ်တိုင်စစ်ကိုင်းရောက်သွားတော့ အခြေအနေတွေပိုသိသွားတာပေါ့’’ လို့ တပ်အရာရှိဟောင်း တစ်ဦးကပြောပါတယ်။

မိုးမကျခင် ထိုးစစ်တွေပိုဆင်လာမလား

စစ်ရေးအကဲခတ်တွေကတော့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီဥက္ကဋ္ဌ သွားတာက အဲဒီဒေသက တော်လှန်ပုန်ကန်မှုတွေကို အမြန်ဆုံးငြိမ်သက်စေချင်နေတာ ပေါ်လွင်တယ်လို့ သုံးသပ်ကြပါတယ်။

‘’နောက်နှစ်လကျော်ရင် မိုးကျပြီ။ မိုးကျရင် တိုက်ရတာ ခက်ပြီ။ ဒါကြောင့် မိုးမကျခင် စစ်ဆင်ရေးတွေ ဖိလုပ်ဖို့ ညွှန်ကြားတာဖြစ်နိုင်တယ်’’ လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

မုံရွာတပ်နယ် အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဟာ ပြီးခဲ့တဲ့လက စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက ၁၄ မြို့နယ်၊ မကွေးတိုင်းထဲက ၅ မြို့နယ် နဲ့ ချင်းပြည်နယ်ထဲက ၇ မြို့နယ် ကို တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်နေတဲ့ စစ်တိုင်းတစ်ခုလည်းဖြစ်ပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်က စစ်ကိုင်း၊မကွေး နဲ့ ချင်းပြည်နယ် တို့ပါဝင်တဲ့ ကျယ်ပြောလှတဲ့ စစ်ဒေသကို ကိုင်တွယ်နေတာလည်း ဖြစ်ပါတယ်။

တပ်ချုပ်ကိုယ်တိုင်သွားရောက်တဲ့အတွက် လိုအပ်ချက်တွေကို ချက်ချင်းအဆုံးအဖြတ်ပေးနိုင်တဲ့ အကျိုးကျေးဇူးကို ရရှိသွားတယ်လို့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကပြောပါတယ်။

သာမန်အင်အားနဲ့ထိန်းထားရင် အချိန်ကြာနိုင်ပြီး အင်အားသုံးပြန်ရင်လည်း တိုင်းတစ်ခုလုံးရဲ့ လူမှုရေး၊စီးပွားရေးက အကုန်ပျက်သွားမှာဖြစ်လို့ ဒီနှစ်ခုကြားမှာ ချိန်ဆနေရတယ်လို့ သူကပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ အဓိကတပ်မအနေနဲ့ စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) နဲ့ ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၀) တို့ ရှိနေတာပါ။

လက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် ဟာ စကခ (၁၀) တပ်မမှူးကနေ တိုင်းမှူးဖြစ်လာသူပါ။

စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေကို မထိန်းနိုင်လို့ တိုင်းမှူးဟောင်း ဗိုလ်ချုပ်ဖြိုးသန့်ကို တိုင်းမှူးရာထူးကနေရွှေ့ပစ်လိုက်တာလို့ တပ်တွင်းအရင်းအမြစ်တွေက ပြောပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်ဟာလည်း ဒုတိယဗိုလ်ချုပ်ကြီးရာထူးကနေ စစ်ကိုင်းတိုင်းကို စေလွှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးမကြေညာခင်ကတည်းက တပ်ကစစ်ကြောင်းထိုးပြီး တိုက်ပွဲတွေနေ့စဥ်လိုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းထဲမှာ နှစ်နှစ်အတွင်း တိုက်ပွဲ တစ်ထောင်ကျော်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးတဲ့နောက် နေအိမ်၊အဆောက်အအုံတွေ သောင်းချီ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အများဆုံးကလည်း စစ်ကိုင်းတိုင်းထဲမှာပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ နဲ့ တခြား သုတေသနအဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေအရ စစ်ကိုင်းက ပြည်သူတွေဟာ စစ်ဘေးဒုက္ခဒဏ်ကို အခံစားရဆုံးလည်းဖြစ်ပါတယ်။

စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ကိုင်းနဲ့ ချင်းလို ကျယ်ပြန့်တဲ့ခွင်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ စစ်ကောင်စီတပ်တွေ စစ်ပန်းနေပြီလို့ ထောက်ပြပါတယ်။

အမည်မဖော်လိုတဲ့ စစ်ရေးအကဲခတ် တစ်ဦးကတော့ ရှမ်းပြည်နယ် အခြေစိုက်အ‌ရှေ့မြောက်တိုင်းစစ်ဌာနချုပ်က တပ်တွေ နဲ့ ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က တပ်တွေ ရွေ့နေပြီး စစ်ကိုင်းနဲ့ ကရင်နီ ပြည်ထဲကို ရွှေ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ဒီသတင်းကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြီး စစ်ကိုင်းနဲ့ ချင်းပြည်နယ်ထဲက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့တွေဆီ ရွှေ့နေတာလို့ ပြောပါတယ်။

ငွေတောင်ပြည် စစ်တလင်း

ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လည်း ကယားပြည်နယ် ကို မတ်လ ၁၅ ရက် က သွားရောက်ခဲ့ပါတယ်။

သူဟာ စစ်ဆင်ရေးတွေကို အဓိကကိုင်တွယ်သူဖြစ်လို့ သူ့ရဲ့ခရီးစဉ်က ကယားပြည်နယ်(ကရင်နီပြည်)က စစ်ဆင်ရေးတွေကို အာရုံစိုက်နေတာ သိသာစေပါတယ်။

ဒုချုပ် မရောက်ခင်မှာပဲ နယ်မြေရှင်းလင်းရေးတွေကြောင့် ကယားပြည်နယ်မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကယားပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ မပါဝင်တာ တွေ့ရပြီး ဆွေးနွေးပွဲတွေကိုလာဖို့ အမြဲကြိုဆိုနေတယ်လို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဘာသာရေးခေါင်းဆောင်တွေနဲ့ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန်က ပြောပါတယ်။

ဒါပေမဲ့ ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေရက်ဆက်ရှိနေခဲ့ပြီး စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံဇုန်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တွေနဲ့တင် ဖေဖော်ဝါရီနောက်ဆုံးပတ်ကနေ မတ်လ လယ် အထိ ရက်ပေါင်း ၂၀ ကျော် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေက သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးပြီး လေကြောင်းနဲ့ရော လက်နက်ကြီးပါ အသုံးပြုခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီအကြီးအကဲတစ်ဦး ရောက်လာတာဟာ စစ်ရေးအရှိန်မြှင့်ဖို့ ရည်ရွယ်တာလို့ KNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။

‘’ဒီထက်ပိုပြီး စစ်ရေးစစ်ရာတွေကို တပ်ဘက်က ပြင်ဆင်ဖို့၊ ဖိအားပေးဖို့ လာ ကွပ်ကဲတာ’’ လို့ သူကပြောပါတယ်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီ ဒုဥက္ကဋ္ဌရဲ့ ခရီးစဥ်ဟာ ကရင်နီပြည်နယ်ကို စစ်တပ်ဘက်က အပြည့်အဝ ထိန်းချုပ်နိုင်အောင် ကြိုးစားတဲ့ ခြေလှမ်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။

လက်ရှိအချိန်မှာ တိုက်ပွဲတွေဟာ ကယားပြည်နယ်ထဲသာမက ရှမ်းကယားနယ်စပ်အထိ ပျံ့နှံ့ရောက်ရှိနေပြီး စစ်ဘေးရှောင်တွေလည်း တိုးလာနေပါတယ်။

ဒီးမော့ဆို အရှေ့ခြမ်းမှာ တင် စစ်ဘေးရှောင်သူ ၃သောင်းကျော် ရှိလာတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေကပြောပါတယ်။

စစ်ဘေးရှောင်တွေထဲ အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်တွေ အများအပြားပါဝင်နေပြီး ရိက္ခာနဲ့ ဆေးဝါးလိုအပ်တာတွေ ရှိနေတယ် လို့ ကရင်နီစစ်ဘေးရှောင်ကူညီနေသူ ကိုဗညားက ဘီဘီစီ ကို မတ်လ တတိယပတ်ထဲမှာ ပြောပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ကယားပြည်နယ်ထဲက လူဦးရေ ၃သိန်းကျော်ရဲ့ သုံးပုံ နှစ်ပုံကျော်အထိ စစ်ဘေး ရှောင်နေကြရပါတယ်။

စစ်တပ်က ဒီးမော့ဆိုရှေ့ဘက်ခြမ်းကို ဘောလခဲဘက်က စစ်ကြောင်း ၃ကြောင်း၊ ပင်လောင်း၊ ဖယ်ခုံ ဘက်က စစ်ကြောင်း ၄ကြောင်း၊ ‌ဒေါဆဲ၊ ကန်ခုနှစ်ဆင့်ဘက်က စစ်ကြောင်း ၂ ကြောင်း၊ ရှားတောဘက်က စစ်ကြောင်း ၃ကြောင်း တို့နဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စစ်ကြောင်းထိုးနေတာလို့ ဒေသကာကွယ်ရေးတပ်တွေထံက သိရပါတယ်။

မြို့နယ် ၇ ခုပဲရှိတဲ့ ကယားပြည်နယ်မှာ မြို့နယ် ၄ ခုကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားတာ ဖြစ်ပြီး ဒေသကွပ်ကဲမှုဋ္ဌာနချုပ်(လွိုင်ကော်)က တိုက်ရိုက်ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ကယားဝန်ကြီးချုပ် ဦးဇော်မျိုးတင်ဟာ ဒေသကွပ်ကဲမှုဋ္ဌာနချုပ်(လွိုင်ကော်)ရဲ့ ဒကစမှူး အဖြစ်တာဝန်ယူဖူးပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကနေ ဝန်ကြီးချုပ်ဖြစ်လာတာဖြစ်ပါတယ်။

အရေးပေါ်ကာလလွန်မလား

စစ်ကောင်စီဟာ အရေးပေါ်ကာလနှစ်နှစ်အတွင်း သူတို့ကတိပြုထားတဲ့ ရွေးကောက်ပွဲကို မလုပ်နိုင်ခဲ့ဘဲ

အရေးပေါ်ကာကို ၆ လ သက်တမ်းထပ်ထိုးထားပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် အပြည့်အ၀ ထိန်းချုပ်နိုင်တဲ့ မြို့နယ် ၁၉၈ မြို့နယ်သာရှိပြီး ကျန်တဲ့ မြို့ပေါင်း ၁၃၂ မြို့နယ်ကို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရဖို့ရှိတယ်လို့ စစ်ခေါင်းဆောင်က အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အရေးပေါ်ကာလနှစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလထဲမှာ နိုင်ငံတစ်ဝန်းက မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်‌ရေးကြေညာခဲ့ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ လပိုင်းအတွင်းမှာ မြန်မာ့အရေးဟာ ပြေလည်သွားဖို့ ဖြစ်နိုင်ခြေ မရှိသလောက်နည်းပြီးတစ်ဖက်နဲ့ တစ်ဖက် အမြစ်ပြတ်ချေမှုန်းဖို့ ဆိုတာလည်း မဖြစ်နိုင်သေးဘူး လို့ သုံးသပ်နေကြပါတယ်။

‘’နယ်မြေခံတပ်တွေကို သွားအားပေးတဲ့ သဘောလို့မြင်တယ်’’ လို့ စစ်ခေါင်းဆောင်တွရဲ့ ခရီးနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။