မြန်မာဘက်က ကျည်ကျတဲ့ ကိစ္စတွေ မဖြေရှင်းရင် ကုလအထိ တိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော

၂၀၁၈ ဆင်ဖြူရှင် စစ်ရေးလေ့ကျင်မှုမှာ ပါဝင်လေ့ကျင့်နေတဲ့ မြန်မာလေတပ် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi-35 တစ်စင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ဆင်ဖြူရှင် စစ်ရေးလေ့ကျင်မှုမှာ ပါဝင်လေ့ကျင့်နေတဲ့ မြန်မာလေတပ် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi-35 တစ်စင်း (ပုံဟောင်း)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီးဝန်းကျင်တွေမှာ ရခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်ပွားနေပြီး မနေ့ စက်တင်ဘာ ၁၆ ရက်ကတော့ မြန်မာဘက်က ပစ်လိုက်တဲ့ကျည်ကြောင့် နယ်စပ်ဒုက္ခသည်စခန်းက အသက် ၁၅ နှစ်အရွယ် မွတ်ဆလင် ကလေးတစ်ဦး သေဆုံးတဲ့အထိ ဖြစ်လာပါတယ်။

အခုလို မြန်မာဘက်က မော်တာကျည်ကျရောက်ပေါက်ကွဲမှုတွေ ခပ်စိတ်စိတ်ဖြစ်လာနေပြီး ဒီပြဿနာကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ရင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို ကုလသမဂ္ဂထံ တိုင်ကြားသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေးဝန်ကြီးက ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာ ဘီဘီစီဘင်္ဂါလီသတင်းဌာနထံ ပြောကြားထားပါတယ်။

ဒါ့အပြင် ခုလို လက်နက်ကျည်ကျရောက်လို့ ဒုက္ခသည်လူငယ်တစ်ဦး သေဆုံးရမှုအပေါ်ကိုလည်း သူက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာတော့နယ်စပ်အခြေအနေက တည်ငြိမ်အေးချမ်းနေပြီး ပစ်ခတ်သံတွေကြားရတာမရှိဘူးလို့ လည်း ဘီဘီစီဘင်္ဂါလီသတင်းဌာနက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဒီကနေ့ည ထုတ်ပြန်ရာမှာ စစ်ကောင်စီတပ်စခန်းတွေကို အေအေရဲ့ တိုက်ခတ်ပစ်ခတ်မှုတွေက ကျည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကျတာဖြစ်ပြီး အေအေက နှစ်နိုင်ငံ ဆက်ဆံရေး မတည်ငြိမ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ စွပ်စွဲပြောကြားလာပါတယ်။ အဲဒီတိုက်ခိုက်မှုက ကျည်တွေရဲ့ ကျည်သွားလမ်းကြောင်းတွေဆိုပြီးလည်း ပုံတွေနဲ့တကွ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖြစ်စဥ်တချို့ကို နယ်ခြားစောင့်ရဲ့တပ်ဖွဲ့က တစ်ဆင့်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းနဲ့ အညီ အကြောင်းကြားစာပေးပို့ထားတာတွေ ရှိတယ်ဆိုပြီးလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းမြင်ကွင်း/ပုံဟောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းမြင်ကွင်း/ပုံဟောင်း

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေကြောင့် နယ်စပ်နေရာတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ ရိုဟင်ဂျာလူငယ်အများစည်းအရုံးရဲ့အမှုဆောင်ဒါရိုက်တာ ဦးခင်မောင်က အခုလို ပြောပါတယ်။

အဲဒီမှာ နေရတဲ့ လူတွေအတွက် အသက်အန္တရာယ်ရှိနေတယ်လို့ သူက ပြောပါတယ်။

သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ရော မြန်မာဘက်ကိုပါ သွားလာလို့ မရဘဲ ဖြစ်နေတဲ့အတွက် အခုလို အခြေအနေမှာ သူတို့ လုံခြုံရေးအတွက်က မြန်မာအပေါ်မှာ မူတည်နေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အရင်ဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲတွေနဲ့မတူဘဲ အခုတစ်ကျော့ပြန်တိုက်ပွဲတွေက နယ်စပ်ဒေသတွေမှာ အဓိကဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။

နယ်စပ် မိုင်တိုင် ၄၀ စခန်း စစ်ကောင်ဘက်က အကျအဆုံး များခဲ့ပြီးနောက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Google maps

ဓာတ်ပုံ ပုံစာ, နယ်စပ် မိုင်တိုင် ၄၀ စခန်း စစ်ကောင်ဘက်က အကျအဆုံး များခဲ့ပြီးနောက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 နှစ်ဖက်တပ်တွေအကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စိုးမိုးနိုင်ဖို့ ဘာကြောင့် ကြိုးစားနေကြတာလဲဆိုတာကို လွှတ်တော်အမှတ်ဟောင်း ဦးဖေသန်းက အခုလို သုံးသပ်ပြောကြားပါတယ်။

“နယ်စပ်ဒေသဆိုတာ နှစ်ဖက်နိုင်ငံရဲ့ နယ်ခြား ပြဿနာဖြစ်တဲ့အတွက် ထိန်းချုပ်နိုင်တဲ့ အဖွဲ့အနေနဲ့ အများကြီး အားသာချက် ရှိတယ်။ တစ်ဖက် အစိုးရနဲ့ ထိတွေ့ ဆက်ဆံနိုင်တယ်။ ရိက္ခာလမ်းကြောင်းတွေလည်း ပွင့်သွားမယ်။”

“ နိုင်ငံရေးအားဖြင့်လည်း အားသာချက် ရှိမယ်။ စစ်ရေးအားဖြင့်လည်း ပြန်ပြီးခုခံတော်လှန်နိုင်မယ့် လွတ်မြောက်နယ်မြေ တည်ဆောက်နိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဒါကြောင့် စစ်ရေးအားသာချက်ရအောင် အဲဒီနေရာကို နှစ်ဖက်ကစလုံးက လိုချင်ကြတယ်ပေါ့။”

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေမှာ ဆက်သွယ်သွားလာရေးတွေကို စစ်ကောင်စီက ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး အများပြည်သူအသုံးပြုသွားလာနေတဲ့ ရေယာဉ်တွေကိုလည်း အသုံးပြုတာတွေရှိနေတဲ့အတွက် စစ်ရေးလိုအပ်ချက်အရ စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ အခုလ ၁၄ ရက်နေ့မှာ အေအေဘက်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ရေကြောင်းပို့ဆောင်ရေးလိုင်းတွေကို ရပ်နားလိုက်ကြပါတယ်။

အစစ်အဆေးတွေ ပြင်းထန်နေတဲ့အတွက်ဆိုပြီး ရခိုင်ပြည်နယ်အတွင်းက မောင်တာ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေအတွက် ကူညီထောက်ပံ့မှုတွေကိုရပ်နားထားဖို့ နိုင်ငံတကာအကူအညီပေးရေအဖွဲ့အစည်းတွေကို စစ်ကောင်စီက ခေါ်ယူတားမြစ်ထားတယ်လို့ သိရပါတယ်။

ထိုင်းဘက်ခြမ်းက ဝေါလေရွာကို ဖြတ်ပျံသွားတဲ့ စစ်ကောင်စီတိုက်လေယာဉ်

ဓာတ်ပုံ ရင်းမြစ်, BBC Thai

ဓာတ်ပုံ ပုံစာ, ထိုင်းဘက်ခြမ်းက ဝေါလေရွာကို ဖြတ်ပျံသွားတဲ့ စစ်ကောင်စီတိုက်လေယာဉ်

မြန်မာဘက်က တိုက်ပွဲတွေဖြစ်ပွားနေချိန် မြန်မာဘက်က စစ်ရဟတ်ယာဥ်တွေ နယ်စပ်ဖြတ်ကျော်တာ စတဲ့ ကိစ္စတွေ ပြီးခဲ့ သီတင်းပတ်တွေမှာ ဖြစ်ခဲ့တာကို ဘင်္ဂလားဒေ့ရှ်ဘက်က သံတမန်ရေးအရ မြန်မာဘက်ကို တရားဝင် ကန့်ကွက်မှုတွေ လုပ်ခဲ့ပေမဲ့ တိုက်ပွဲတွေက ဆက်ဖြစ်နေပြီး အခုလို ဘင်္ဂလားဒေ့ရှ်ဘက်က ကုလအထိ တိုင်ကြားမယ်ဆိုတဲ့ အခြေအနေမျိုးကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်းမှာ မြန်မာ-ထိုင်း နယ်စပ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပြီး မြန်မာဘက်က တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ် တိုက်လေယာဥ်တွေ နယ်စပ်ကို ကျော်လွန်ပျံသန်းမှု ဖြစ်ပွားခဲ့ပြီး ထိုင်းဘက်မှာလည်း အဆောက်အအုံတချို့ ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့ဖူးပါတယ်။ ထိုင်းနယ်စပ်အရေးမှာတော့ တရားဝင် သံတမန်ရေး ဆက်သွယ်ဖြေရှင်းမှုတွေ လုပ်ခဲ့ပေမဲ့ မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ ထိုင်းစစ်တပ် ခေါင်းဆောင်တွေက ဒီကိစ္စကို လျှော့လျော့ပေါ့ပေါ့ ဖြစ်စေလိုတဲ့ အရိပ်လက္ခဏာတွေ ပြခဲ့ကြပါတယ်။